ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ

နေပြည်တော် ၈ နိုဝင်ဘာ 


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 

9999

 

အစည်းအဝေးတွင် ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၏ အစိုးရစီမံကိန်း သို့မဟုတ် အစိုးရ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြင်ပအလုပ်သမားများအား အလုပ်သမားတစ်ယောက်ရရှိရမည့် လစာအခွင့်အရေးတို့အတွက် အာမခံ ပေးနိုင်ရန် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှင့်တစ်ဆင့်ခံကုမ္ပဏီတို့အား ကြီးကြပ်ကွပ်ကဲပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မြန်မာ နိုင်ငံတွင် ပြည်တွင်းစွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေခြင်းလုပ်ငန်းများကို ပြည်ပရေနံကုမ္ပဏီများနှင့် တင်ဒါခေါ်ဆိုပြီး တင်ဒါအောင်မြင်သူများနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားမှုဆိုင်ရာ စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဦးစွာရေနံ ရှာဖွေစမ်းသပ်ခြင်းကို စတင်လုပ်ကိုင်ပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှိမရှိ ရှာဖွေစမ်းသပ်ခွင့် လုပ်ပိုင်ခွင့်ရသည့် ကုမ္ပဏီများသည် မိမိတို့ လုပ်ပိုင်ခွင့်ရသည့် လုပ်ကွက်နယ်မြေအတွင်းတွင် စတင်တိုင်းတာခြင်းလုပ်ငန်းများ၊ စမ်းသပ်ရှာဖွေခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြပါကြောင်း၊ ပြည်တွင်းကုမ္ပဏီများကို ၎င်းတို့က ထပ်ဆင့်တင်ဒါခေါ်ဆိုပြီး လုပ်ငန်းများ ထပ်မံအပ်နှံပါကြောင်း၊ ထိုကဲ့သို့ အပ်နှံခြင်းအတွက် မြန်မာနိုင်ငံ အတွင်းတွင်ရှိသည့် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ပြည်ပကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ခွင့် ရရှိခြင်း၊ နိုင်ငံခြားဝင်ငွေရရှိခြင်း၊ နည်းပညာ ပူးပေါင်းဆောင်ရွက် နိုင်ခြင်း၊ အတွေ့အကြုံ များတိုးပွားလာခြင်း၊ အလုပ်အကိုင်များရရှိခြင်းစသည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါကြောင်း။


ပဲခူးတိုင်းအနောက်ပိုင်း လုပ်ကွက်အမှတ် EP-4 လုပ်ကွက်သည် နိုင်ငံတကာ ရေနံကုမ္ပဏီဖြစ်သည့် BASHNEFT International B.V နှင့် မြန်မာကုမ္ပဏီ Sun Apex တို့ တင်ဒါအောင်မြင်ကာ MOGE နှင့် ၂၀၁၄ ခုနှစ်တွင် စာချုပ်ချုပ်ဆိုပြီး စမ်းသပ်ရှာ ဖွေတိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပါ ကြောင်း၊ အဆိုပါကုမ္ပဏီမှ Services ပေးသည့် ကုမ္ပဏီဖြစ်သည့် Asian Oilfield Services ကုမ္ပဏီ ကို အချို့သော Services လုပ်ငန်းများ ထပ်ဆင့်အပ်နှံခဲ့ပါကြောင်း၊ အဆိုပါ ကုမ္ပဏီမှ ပြည်တွင်း နောက်ထပ် ကုမ္ပဏီတစ်ခုကို လုပ်ငန်းအပ်နှံပြီး စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ပါကြောင်း၊ မူလ MOGE နှင့် စာချုပ်ချုပ်ဆိုသည့် ပြည်ပကုမ္ပဏီမှ Services ကုမ္ပဏီတစ်ခု၊ ယင်း Services ကုမ္ပဏီမှ ပြည်တွင်း Services ပေးသည့် အခြားသော ကုမ္ပဏီများကို သက်ဆိုင်ရာ လုပ်ငန်းအလိုက် အပ်နှံဆောင်ရွက် သည့် အချိန်တွင် ၎င်းတို့ထပ်ဆင့်ငှါးရမ်းသည့် ကုမ္ပဏီများကြားတွင် ငွေကြေးပေးချေမှုများ ပျက်ကွက် ခဲ့သည့် အခြေအနေဖြစ်ပါကြောင်း။


အဆိုပါကိစ္စများကြောင့် ဖြိုးကုမ္ပဏီမှ ဝန်ထမ်းများလစာမရရှိခြင်းများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ဖြိုးကုမ္ပဏီ ပိုင်ရှင်က ၎င်းကုမ္ပဏီ၏ဝန်ထမ်းများကို လစာပေးရမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း ဖြိုးကုမ္ပဏီကို ထပ်ဆင့် Service ပေးသည့် ကုမ္ပဏီက ငွေမပေးသောကြောင့် ဖြိုးကုမ္ပဏီပိုင်ရှင်က တာဝန်မခံ ကြောင်း၊ MOGE အနေဖြင့် တရားဝင်စာချုပ် စာတမ်းများအရ မိမိတို့နှင့် စာချုပ်ချုပ်ဆိုထားသည့် BASHNEFT International B.V ကုမ္ပဏီ၏ တိုက်ရိုက်တာဝန်ပျက်ကွက်မှုဆိုပါလျှင် MOGE အနေဖြင့် တာဝန်ယူ တာဝန်ခံကာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါကြောင်းနှင့် စာချုပ်စာတမ်းများအရ ပြည်တွင်း ကုမ္ပဏီအချင်းချင်း စာချုပ်ထားသည့် စာချုပ်များပျက်ကွက်မှုကို MOGE အနေဖြင့် တိုက်ရိုက် ကိုင်တွယ် ဖြေရှင်းနိုင်ရန်မဖြစ်နိုင်ပါကြောင်း၊ သို့ရာတွင် ယခုကိစ္စနှင့်ပတ်သက်၍ MOGE နှင့်တိုက်ရိုက် စာချုပ် ချုပ်ဆိုထားသည့် BASHNEFT International B.V ကုမ္ပဏီအပေါ်တွင် MOGE အနေဖြင့် ညှိနှိုင်းဖြေရှင်းပြီး တိုက်တွန်းသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။


ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ ဒိုက်ဦးမြို့နယ် ဒရယ်မီးလမ်းဆုံမှ အုတ်ရှစ်ကုန်းကျေးရွာအထိ (၁၁) ကေဗွီ ဓာတ်အားပေးလိုင်းသွယ်တန်းပြီး (၁၆)မိုင် အတွင်း နေထိုင်သော ကျေးရွာများရှိ ဒေသခံပြည်သူများအတွက် လျှပ်စစ်မီးသွယ်တန်း ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပဲခူးတိုင်းဒေသကြီး(အရှေ့) ဒိုက်ဦးမြို့နယ် အတွင်းတွင် ကျေးရွာစုစုပေါင်း ၁၈၇ ရွာရှိသည့်အနက် ၃၂ ရွာအား ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဒိုက်ဦးဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ဒရယ်မီးလမ်းဆုံမှ အုတ်ရှစ်ကုန်းကျေးရွာအထိ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၆ မိုင် တည်ဆောက်မည်ဆိုပါက ၁၁ ကေဗွီ လိုင်းမိုင်များစွာ ရှည်လျားသွား မည်ဖြစ်ပြီး၊ ဗို့အားကျခြင်း ဓာတ်အားပျောက်ဆုံးမှု များပြားခြင်း တို့ဖြစ် ပေါ်လာနိုင်ပါကြောင်း၊ နည်းပညာအရ ၁၁ ကေဗွီလိုင်းဖြင့် ဓာတ်အားဖြန့်ဖြူးရန် သင့်လျော်မှု မရှိကြောင်းကိုလည်း စိစစ်တွေ့ရှိ ရပါကြောင်း။


ဒရယ်မီးလမ်းဆုံမှ ၁၁ မိုင်ခန့်အကွာတွင်ရှိသော ဗျက်ကြီးကျေးရွာတွင် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၁ရုံတည်ဆောက်၍ ပတ်ဝန်းကျင်ကျေးရွာများအား ဓာတ်အားဖြန့်ဖြူးပေးမည်ဆိုပါက နည်းပညာအရ ပိုမိုသင့်လျော်မှုရှိပါကြောင်း၊ ဒိုက်ဦးဓာတ်အားခွဲရုံမှ ဗျက်ကြီးကျေးရွာအထိ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၁၀ မိုင် တည်ဆောက်ခြင်းနှင့် ဗျက်ကြီးကျေးရွာတွင် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲ ရုံ ၁ရုံ အသစ်တည်ဆောက်ခြင်းလုပ်ငန်းများအားဌာနမှ အကောင်အထည်ဖော်ဆောင် ရွက်သွားမည့် ၅ နှစ်စီမံကိန်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ဘဏ္ဍာငွေ လျာထား တောင်းခံသွားရန် စီစဉ်လျက်ရှိပြီး ဘဏ္ဍာငွေခွင့်ပြုမှုရရှိပါက အကောင် အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါဓာတ်အားခွဲရုံ အကောင်ထည်ဖော်ဆောင်ရွက်ပါက ၎င်းဓာတ်အား ခွဲရုံမှတဆင့် ပတ်ဝန်းကျင်ကျေးရွာ ၄၉ ရွာခန့် အား ဓာတ်အားဖြန့်ဖြူးပေးနိုင်ကြောင်း စိစစ်တွေ့ရှိရပြီး ထိုသို့ ၁၁ ကေဗွီလိုင်းဖြင့် ဆက်လက်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ဓာတ်အားလိုင်း တည် ဆောက်ခြင်း လုပ်ငန်းအား သက်ဆိုင်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆက်လက် အကောင်ထည်ဖော်နိုင်ရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။


ဆက်လက်၍ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း နှင့် မြစ်သား မဲဆန္ဒနယ်မှ ဒေါက်တာဦးလင်းလင်းကျော်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဖြေကြားသည်။


ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၏ လူငယ်လူရွယ်များအကျင့်စာရိတ္တပျက် ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် ITနည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် (Monitoring) ပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။


မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်းက IT နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကြောင်း မည်ဆိုလျှင် မကြာသေးမီက အတည်ပြုပြဋ္ဌာန်းလိုက်သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွပ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုကာကွယ်ရေး ဥပေဒပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ သုံးသပ်သင့် ပါကြောင်း၊ ယင်းဥပဒေအရ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များ လုံခြုံမှုကို ဆိုလိုပါကြောင်း၊ နိုင်ငံသားတစ်ဦး၏ နေအိမ်အဆောက်အဦ(သို့) ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံလုံခြုံမှုပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုတို့ ပါဝင်သည်ဟု ပြဋ္ဌာန်းချက်တွင် ပါရှိပါကြောင်း၊ ကျယ်ပြန့် နက်နဲလှသည့် IT နည်းပညာ တစ်ရပ်လုံးကို စောင့်ကြည့်ထိန်းနိုင်ရန် ဖြစ်သင့်၊ မဖြစ်သင့်နှင့် ဖြစ်နိုင်ခြေရှိ၊ မရှိ သေချာသုံးသပ် စဉ်းစား သင့်ကြောင်းနှင့် အတည်ပြု ပြဋ္ဌာန်းပြီးဖြစ်သော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေနှင့် မဆန့်ကျင်စေရန် လိုအပ်သကဲ့သို့ အချို့ကိစ္စရပ်များကို လည်း ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆောင်ရွက်၍ ရနိုင်ပါကြောင်း အကြုံပြုဆွေးနွေးသည်။


အလားတူ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးနေဝင်း၊ နွားထိုးကြီး မဲဆန္ဒနယ်မှ ဦးနေထူးအောင်၊ ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်နှင့် အလုံမဲဆန္ဒနယ်မှ ဦးရဲလင်းတို့က အကြံပြုဆွေးနွေးကြသည်။


ယင်းအဆိုနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူ အများစုသည် Facebook, Messenger, Viber,Twitter အစရှိသည် ဆိုရှယ်မီဒီယာများကို အသုံးပြုလျက်ရှိပြီး Facebook အားအများဆုံး သုံးစွဲလျက်ရှိရာ ၂၀၁၇ ခုနှစ် ဇန်နဝါလအထိ ခန့်မှန်းခြေအရ သုံးစွဲသူ ၁၄ သန်းခန့်ရှိကြောင်း၊ ဆိုရှယ်မီဒီယာ သုံးစွဲခြင်းဖြင့် မိုးလေဝသအခြေအနေ၊ သဘာဝဘေးအန္တရာယ်အခြေအနေ၊ ပြည်တွင်း သတင်း၊ နိုင်ငံ တကာသတင်း၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးသတင်းများကို အချိန်နှင့် တပြေးညီ သိရှိလာနိုင်ကြပြီး ပြည်သူများ၏ အသိပညာ၊ ဗဟုသုတများ တိုးတက်လာ ကြပါကြောင်း၊ သို့သော်လည်း သတင်းအချက်အလက်များကို အမှား၊ အမှန် ဝေဖန်ပိုင်း ခြားနိုင်ခြင်းမရှိပါက လူငယ် လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားစေခြင်း၊ လောင်းကစားမှုများ ပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ လိင်စေ့ဆော်မှုပြုလုပ် ခြင်း၊ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့၏ ဂုဏ်သိက္ခာကျဆင်းစေရန်၊ အရှက်ရစေ ရန် လုပ်ကြံဖန်တီးစွပ်စွဲခြင်း၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ များ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်းတို့ကြောင့် ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်း စသည် တို့ဖြစ်ပါက နိုင်ငံတော်နှင့်နိုင်ငံသားအားလုံးအတွက် ထိခိုက်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာနိုင်ပါကြောင်း။


ဆိုရှယ်မီဒီယာအသုံးပြုသူများအား တာဝန်သိသည့်၊ တာဝန်ကျေပွန်သည့် လူမှုကွန်ရက် အသုံးပြု သူများဖြစ်စေရေးအတွက် ပြည်သူလူထုအား ပညာပေးခြင်း၊ လိုအပ်သောဥပဒေများပြဋ္ဌာန်းခြင်း၊ ဆက်သွယ် ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများအား ထိန်းသိမ်းကြပ်မတ်ခြင်း နှင့် ဆိုရှယ် မီဒီယာနှင့် လူမှုကွန်ရက် ဝန်ဆောင်မှုပေးသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ အဖွဲ့ အစည်း တစ်ခုခုမှ အဆင့်မြင့်နည်းပညာများအသုံးပြု၍ စောင့် ကြပ်ကြည့်ရှုဖော်ထုတ် အရေးယူခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုက စောင့်ကြည့် ဖော်ထုတ်အရေးယူခြင်းကို ဆောင်ရွက်ရန်အတွက် နိုင်ငံတော်သမ္မတရုံး၊ ရှေ့နေ့ချုပ်ရုံး များနှင့် ညှိနှိုင်းပြီး Monitoring လုပ်ရန်အတွက် ပုဂ္ဂလိကအခွင့်အရေးကို ကာကွယ်သည့် ဥပဒေကိုမထိခိုက် စေဘဲ အခြေခံဥပဒေပါအချက်အလက်များနှင့်အညီ ပြည်သူများ၏ လွတ်လပ်ခွင့်ကို မထိခိုက်စေဘဲ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။


ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်းကြေညာသည်။


ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကော်မတီက တင်သွင်းသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက် နေ့ကို နိုဝင်ဘာ ၁၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အေးအေးသန့်