ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

နေပြည်တော် ၂၁ ဇူလိုင်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုများ သန့်ရှင်းသော သောက်ရေနှင့် သုံးစွဲရေ လုံလောက်စွာ ရရှိရေးအတွက် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာရေးနှစ်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ရေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်မည်မျှသုံးစွဲခဲ့သည်များကို သိရှိလိုခြင်းနှင့် နှစ်စဉ် သန့်ရှင်းသော သောက်ရေနှင့် သုံးရေမည်မျှတိုးတက်မှုရှိသည်ကို မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရခိုင်ပြည်နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အထိ စုစုပေါင်း လျှိုပိတ်ဆည် ၄၇ ခုကို ငွေကျပ် ၁၆ ဒသမ ၄၈၅ ဘီလီယံဖြင့် ဆောင်ရွက်မှုရှိပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂ဝဘဏ္ဍာ ရေးနှစ်အထိ ကျေးရွာရေရရှိရေး လုပ်ငန်းစုစုပေါင်း ၂၇၉၆ ခု၊ ရန်ပုံငွေကျပ် ၁၉ ဒသမ ၅၂၅ ဘီလီယံဖြင့် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ဦးစီးဌာနနှစ်ခုပေါင်း ဆောင်ရွက်နိုင်ခဲ့သည့်ပမာဏ အနေဖြင့် ၃၆ ဒသမ ၀၁ ဘီလီယံဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာနအနေဖြင့် လျှိုပိတ်ဆည်များ တည်ဆောက်ခြင်း၊ မြေပေါ်မြေအောက် ရေအရင်းအမြစ်များ ဖော်ထုတ်ပြီး စက်ရေတွင်းများ တူးဖော်ပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သန့်ရှင်းသောသောက် သုံးရေနှင့် သုံးစွဲရေရရှိရေး အတွက် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများ ပူးပေါင်းပြီး ရေသန့်စင်ခြင်းလုပ်ငန်းနှင့် ရေပိုက်သွယ်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် ရေကောင်းရေသန့်ရရှိမှုသည် ၃၇ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ World Bank နှင့် UNDP တို့ ပူးပေါင်းကောက်ယူခဲ့သည့် Myanmar Living Conditions Survey (MLCS – 2017) မှ Rainy Season Data အရ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်၏ ရေကောင်းရေသန့်ရရှိမှုသည် ၄၅ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် တွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူပြီးဖြစ်သည့်အတွက် ပြည်နယ်မှ ရေကောင်းရေသန့်ရရှိမှု အချက်အလက်များကို မကြာမီထုတ်ပြန်ပေးနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဖုန်ကကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် စာသင်ဆောင် မလုံလောက်ပါသဖြင့် ပေ(၉၀ × ၃၀) အုတ်ညှပ် Steel Structure ဖြင့် ဆောက်လုပ်နိုင်ရေး ရန်ပုံငွေ ခွဲဝေချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ထန်တလန်မြို့နယ်၊ ဖုန်ကကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် လက်ရှိကျောင်းဆောင်နှင့် ကျောင်းသားဦးရေ အရ လုံလောက်မျှတမှုရှိသေးသည့်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးစီမံကိန်း လျာထားချက်စာရင်းတွင် မပါဝင်သေးပါကြောင်း၊ သို့သော် နောင်လာမည့် ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ကျောင်းသားဦးရေ တိုးတက်များပြားမှုအပေါ် မူတည်၍ ရန်ပုံငွေ လျာထားဆောင်ရွက်နိုင်ရေး ထပ်မံစိစစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၏ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ထိန်းခေါင်းကျေးရွာအုပ်စု၊ လုံနူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် တိုင်၀ကျေးရွာအုပ်စု၊ ဂဏန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းဆောင်သစ် ပေ (၁၂၀×၃၀) RC နှစ်ထပ်အား ၂၀၂၀  - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဆိုပါ ကျောင်းနှစ်ကျောင်း၏  ကျောင်းဆောင်များ အခြေအနေအနေဖြင့် တစ်တန်းလျှင် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးနှင့် (၂၀) ဝန်းကျင်သာ ရှိသေးပါကြောင်းနှင့် နယ်မြေလုံခြုံရေးအခြေအနေအရ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေထပ်မံစိစစ်လျာထား၍ လိုအပ်သည်များကို ချက်ချင်းဖြည့်ဆည်းပေးရန် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၏ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ အန္တရာယ်ရှိ ကျောင်းဆောင်များအား ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကုန်းပြင် အခြေခံပညာ အထက်တန်းကျောင်းတွင် အန္တရာယ်ဆောင်ဖျက်သိမ်း၍ ပေ (၁၃၀ × ၃၀) RCC နှစ်ထပ်ဆောင် တစ်ဆောင်ဆောက်လုပ်ပေးရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေခေါင်းစဉ်အောက်တွင် မြို့နယ်ဦးစားပေးအစီအစဉ်အရ စိစစ်ထည့်သွင်း လျာထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

 

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း ၏ စစ်ကိုင်း တိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၊ ကွင်းအမှတ် (၇၆၃ - ခ)၊ အိုမကွင်း၊ ဦးပိုင်အမှတ်(၈၅)၊ ဧရိယာ(၃ ဒသမ ၈၀)ဧက ပုံစံ (၇) ရရှိထားသော လယ်ယာမြေကို ခွင့်ပြုချက်မရဘဲ အခြားနည်း သုံးသဖြင့် ၂၀၁၇ ခုနှစ်က အမျိုးသားလွှတ်တော်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီသို့ တိုင်ကြားရာ ကော်မတီ၏ အကြံပြုချက်များကို အမျိုးသား လွှတ်တော်ရုံးမှ သက်ဆိုင်ရာသို့ ပေးပို့ခဲ့သောကြောင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ တရားစွဲခဲ့ပြီးဆိုင်ရာ တရားရုံးက ထောင်ဒဏ်အပြစ်ပေးခဲ့သော်လည်း ကျူးလွန်ခဲ့သူအား လယ်ယာမြေထဲမှ ဖယ်ရှားခြင်းမပြုခဲ့သည့် အတွက်ဆက်လက်၍ ထပ်မံကျူးလွန်နေသည်ကို ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့်အညီ ဆက်လက်အရေးယူရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ စောသန်းထွဋ်၏ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စုနှင့် မြိုင်ကလေးကျေးရွာ အုပ်စုရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဘိလပ်မြေ စက်ရုံတည်ဆောက်ရန် သိမ်းဆည်းခဲ့ပြီး စီမံကိန်းလုပ်ငန်းများ မဆောင်ရွက်သော မြေများအား ပြန်လည်စွန့်လွတ်ရာတွင် မူလဒေသခံတောင်သူများကို ပြန်လည်ပေးအပ်မှု မရှိသည့် ကိစ္စနှင့်စပ်လျဉ်း၍ သိရှိလိုသည့်မေးခွန်းတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးက ဆွေးနွေးသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ “မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၏ ဓာတုဓာတ်ကြွင်းများကြောင့် ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများ လျှော့ချခြင်းဆိုင်ရာ လေ့လာစိစစ်မှု” အစီရင်ခံစာကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေ စိန်လတ်က ဆွေးနွေးရာတွင် အစီရင်ခံစာ၏ ရည်ရွယ်ချက်၊ သုတေသနလုပ်ငန်းစဉ်၊ တွေ့ရှိသုံးသပ်ချက်နှင့် အကြံပြုချက်များသည် လက်ရှိတွေ့ကြုံနေရသည့် အခြေအနေများအပေါ်တွင် ထင်ဟပ်မှု ရှိနေပါကြောင်း၊ အဆိုပါ အကြံပြုချက်များကို သက်ဆိုင်သူ၊ အကျိုးခံစားခွင့်ရှိသူ အားလုံးအနေဖြင့် တာဝန်သိစိတ်ဖြင့် ပူးပေါင်းအကောင်အထည်ဖော်မည်ဆိုပါက နိုင်ငံနှင့် ပြည်သူအတွက် များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း၊ ထို့ပြင် လက်ရှိမြန်မာနိုင်ငံတွင် ချမှတ်ထားသည့် စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် COVID နှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် CERP အကောင်အထည်ဖော်ရာတွင်လည်း ယင်းအစီရင်ခံစာပါ တွေ့ရှိသုံးသပ်ချက်များနှင့် အကြံပြုချက်များကို အသုံးပြုမည်ဆိုပါက ပို၍ အကျိုးရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်းက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုဓာတ်ကြွင်းများ၏ ဘေးထွက်ဆိုးကျိုးများသည် လူထုကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ဆိုးရွားစွာ ဖြစ်ပေါ်စေပါကြောင်း၊ ဓာတုဓာတ်ကြွင်းများ လျှော့ချနိုင်ရန်အတွက် ကော်မတီ၏ အကြံပြုချက်တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးရန်ဟူ၍ ပါဝင်ပါကြောင်း၊ ယင်းစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံး၍ စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းခြွေလွင့်သည်အထိ နည်းစနစ်တကျ ဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးသုံးစွဲခြင်းနှင့် ဓာတ်မြေဩဇာသုံးစွဲခြင်းမှအစ စနစ်တကျ ကိုင်တွယ်သုံးစွဲမည်ဆိုပါက ဓာတုဓာတ်ကြွင်းလျော့ချမှုကို များစွာအကျိုးသက်ရောက်မှု ရှိစေမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ယင်းအစီရင်ခံစာကို ကော်မတီအနေဖြင့် (၁)နှစ်ခန့် အချိန်ယူ ရေးဆွဲထားခြင်း ဖြစ်ပါကြောင်းနှင့် လေးနက်စွာအကြံပြု ဆွေးနွေးသွားကြသူများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္မမနေ့ကို ဇူလိုင် ၂၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်