ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

နေပြည်တော်  ၂၉   နိုဝင်ဘာ 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

a

 

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် (၃)ဦးမေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ပြန်လည်ရှင်းလင်းဖြေကြားသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင် ၏ ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွင် ဒေသတစ်ခုလုံး လွှမ်းခြုံနိုင်သည့် ခရိုင်ရဲတပ်ဖွဲ့မှူး အဆင့်အထိ ခန့် အပ်ပေးနိုင်မည့် အစီအစဉ်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး က  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ ဖွင့်လှစ်ခွင့်ပြုခဲ့သည့် ဌာနဆိုင်ရာ ၂၈ ခုတွင်ဖွင့်လှစ် ရန် လိုအပ်သည့် ဌာနများကို ထပ်မံဖွင့်လှစ်နိုင်ရေးနှင့် ယခင်ဖွဲ့စည်းထားသည့် ခရိုင်  အဆင့်ဌာနဆိုင်ရာများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့် ပြုပေးနိုင်ရေး ညွှန်ကြားမှုပြုနိုင်ပါရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ တင်ပြလာခြင်းအပေါ် ရှမ်းပြည်နယ်အတွင်းရှိ ပအိုဝ်း၊ ဓနု၊ ပလောင်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ခရိုင်အဆင့်လုပ်ပိုင်ခွင့်များကို ဆုံးဖြတ်ပေး နိုင်သော ပအိုဝ်း၊ ဓနု၊ ပလောင်နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှု အဖွဲ့ရုံး (၄)ရုံး အသစ်တိုးချဲ့ဖွဲ့စည်းသွားရန် လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၉ခုနှစ် သြဂုတ် ၁၅ ရက်စွဲပါစာဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြထားရှိပြီးဖြစ်ပါကြောင်း။

သို့ပါ၍ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ခရိုင်အဆင့်လုပ်ပိုင်ခွင့်များကို ဆုံးဖြတ်ပေးနိုင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့ရုံး အသစ် တိုးချဲ့ ဖွင့်လှစ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ လမ်းညွှန်ချက်ရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်ဇော်ဦး ၏ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့မစခန်းဝန်း (အောက်ဝန်း)နှင့် တရနာရဲစခန်း တို့တွင် ဝန်ထမ်းနေအိမ်များ အသစ်ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး က ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မ ရဲကင်းစခန်း (အပေါ်ဝင်း/အောက်ဝင်း) တို့အတွက် (၆)ခန်းတွဲ (၂)ထပ် (၁)လုံးနှင့် တရနာ ရဲ ကင်းစခန်း (၄)ခန်းတွဲ (၂)ထပ် (၁)လုံးတို့ ဆောက်လုပ်ခွင့်ရရှိရေး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (မူလ) အသုံးစရိတ်တွင် လျာထားတင်ပြ တောင်းခံသွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ် (ခ) ဆလိုင်းမျိုးထိုက် ၏ ချင်း ပြည်နယ်၊ ဟားခါးမြို့တွင် အကျဉ်းထောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေး ခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး “က” “ခ” အဆင့် အကျဉ်းထောင်အသစ်တစ်ခု တည်ဆောက်မည်ဆိုပါက နိုင်ငံတော်အနေဖြင့် ခန့်မှန်းဘဏ္ဍာငွေကျပ် သန်း ၆၀ဝဝ ခန့် ကုန်ကျမည်ဖြစ်ပြီး တစ်ဆက်တစ်စပ်တည်း ပြန့်ပြူးသော မြေဧက ၅၀ ခန့်လိုအပ်ခြင်း၊ သောက်ရေ/သုံးရေ လုံလောက်အောင်ထွက်ရှိနိုင်မည့် မြေနေရာဖြစ်ရန်လိုအပ်ခြင်း၊ အကျဉ်းသား ၅၀ဝ ဦးခန့် ကျွေးမွေးနိုင်ရန် စိုက်ပျိုးမြေလိုအပ်ခြင်း၊ အချုပ်သားများ တရားရုံးထွက် / ရုံးပြန်အတွက် အဆင်ပြေစေရန်အတွက် မြေ နေရာလိုအပ်ခြင်း၊ ဆေးရုံတင်ပို့ ခြင်းနှင့် အခြားအုပ်ချုပ်မှု ကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် မြို့နှင့် ၄ မိုင်မှ ၅ မိုင်ခန့် အတွင်းရှိရန် လိုအပ်ခြင်း၊ လုံခြုံရေးကောင်းမွန်နိုင်သည့် နေရာဖြစ်ရန် လိုအပ်ခြင်း၊ တပ်မတော်တပ်ရင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများနှင့် နီးစပ်သည့် နေရာဖြစ်ရန် လိုအပ်ခြင်း စသည့် အချက်များနှင့် ပြည့်စုံရန်လည်း လိုအပ်ပါကြောင်း။

သို့ဖြစ်ပါ၍ “ခ” အဆင့် ဟားခါးအကျဉ်းထောင်သစ် တည်ဆောက်ရန်အတွက် အဓိကလိုအပ်သော အချက်များနှင့် ကိုက်ညီမည့် မြေနေရာရရှိရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အကျဉ်းထောင်သစ်တည်ဆောက်ခြင်းအား လတ်တလော အခြေအနေတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိ သေးပါကြောင်း ဖြေကြားသည်။

ထို့နောက် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် နှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးစိုးကိုကိုတို့က ဆွေးနွေးကြသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်း ၏ မြန်မာနိုင်ငံတွင် တစ်စတစ်စ ပြုန်းတီးလျက်ရှိသော ကြိုးဝိုင်း၊ ကြိုးပြင်တောများ အပါအဝင် သစ်ပင်သစ်တောများ ပြန်လည်ရှင်သန် စိုပြေလာစေရေးနှင့် သစ်ပင်သစ် တောများကို အခြေခံပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် World Bank, ADB, WWF စသည့်နိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးနှင့် နည်းပညာ ကူညီထောက်ပံ့မှုများဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ သစ်တောဝန်ထမ်းများ ၏ စွမ်းဆောင်ရည် (Capacity) လုပ်ငန်းစဉ်များ (Functions) နှင့် ကျင့်ဝတ်သိက္ခာ (Ethics) များပိုမိုအဆင့်အတန်း မြင့်မားလာစေရန် အထူးသင်တန်းများပေးပြီး အား ပေးစည်းရုံးပညာပေးသင်ကြားရန်နှင့် ၄င်းသစ်တောဝန်ထမ်းများ လိုအပ်လျက်ရှိသော ခေတ်မီလက်နက်ကိရိယာ Facilities and equipments များကို စနစ်တကျတပ်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးထက်လင်းက သစ်တောဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ပိုမိုအဆင့်အတန်းမြင့်မားလာစေရန် ဝန်ကြီးဌာနအနေဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်လျက်ရှိပြီး ခေတ်မီလုပ်ငန်းသုံးပစ္စည်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဝယ်ယူဖြည့်ဆည်းလျက်ရှိကြောင်း သိရှိရသော်လည်း ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ်၊ နည်းပညာတို့နှင့်အညီ သစ်တောစီမံအုပ်ချုပ်မှုလုပ်ငန်းများအတွက် ပိုမိုအထောက်အကူ ပြုနိုင်စေရန် ယခုထက်ပိုမို၍ ဖြည့်ဆည်းဆောင်ရွက်သင့်ပါကြောင်း၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကိုလည်း သစ်တောစီမံအုပ်ချုပ်မှုနှင့်သက်ဆိုင် သည့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်တန်းများပို့ချခြင်းနှင့် လိုအပ်သည့်နေရာများတွင် အင်အားထပ်မံ ဖြည့်တင်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် သင့်သည်ကို အကြံပြုတင်ပြလိုပါကြောင်း ဆွေးနွေးသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်က မြန်မာနိုင်ငံ သည် သယံဇာတပေါကြွယ်ဝသည့် နိ်ုင်ငံဖြစ်သော်လည်း သယံဇာတ ခေါင်းပါးနေသည့် နိုင်ငံများ၏ ပတ်ဝန်းကျင်တွင် ရှိနေသည့်အတွက် သစ်များကို တရားမဝင်ခိုး ထုတ်မှု မဖြစ်စေရန် လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတွင် သစ် တောဝန်ထမ်းများ နည်းပါးခြင်း၊ သစ်တောဝန်ထမ်းများ ခြိမ်းခြောက်ခံနေရခြင်းနှင့် တရားမဝင် သစ်ခိုးထုတ်မှုများကို တပ်မတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တစ်ဆင့် အကူအညီ တောင်း၍ လုပ်ဆောင်နေရခြင်းနှင့် စီမံခန့်ခွဲမှုအားနည်းချက်များရှိသည့် အတွက် ဝန်ထမ်းများအတွက်  Facilities နှင့် equipments များသည် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုးက သစ်တောသစ်ပင်များ ပြုန်းတီးစေသည့် အကြောင်းအရင်းများကို စနစ်တကျ အမြစ်ပြတ်အောင် ကိုင်တွယ်နိုင်ရန် လိုအပ်သကဲ့သို့ သစ်တောများပြန်လည်စိမ်းလန်း ရန်လည်း ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် သစ်တောစီမံအုပ်ချုပ်မှုကောင်းမွန်ရန် အရေးကြီးပါကြောင်း၊ ထိုသို့ သစ်တောများ စနစ်တကျစီမံအုပ်ချုပ်နိုင်ရန် အစိုးရအနေဖြင့် ညွှန်ကြားချက်များ၊ ရေတိုရေရှည်အစီအမံများ ချမှတ်ရမည် ဖြစ်ပါကြောင်း၊ ပြောင်းလဲဖွဲ့စည်းလာသည့် ဝန်ကြီးဌာန၏ အမည်နှင့်အတူ အံဝင်ဂွင်ကျ ဖြစ်စေရန်အဆိုတွင် တင်ပြထားသည့်အတိုင်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည်၊ တာဝန်ဝတ္တရား၊ ကျင့်ဝတ် သိက္ခာများကို မြှင့်တင်ပေးရမည့်အပြင် လိုအပ်သည့် ဝန်ထမ်းအရေအတွက်နှင့် ဝန်ထမ်းများ၏ Facilities ကို ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်တုတ်က သစ်တောမူဝါဒ(၆)ချက်၊ သစ်တောများ ထာဝစဉ်တည်တံ့ရေးမူ(၃)ချက်တို့ဖြင့် သစ်တောဥပဒေ၊ နည်းဥပဒေစသည့် နည်းလမ်းမျိုးစုံဖြင့် သစ်တောများကို ထိန်းသိမ်းထားသော်လည်း တရားမဝင်သစ်ထုတ်လုပ်ခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပေါ် မသမာမှုများရှိနေခြင်း၊ ငြိမ်းချမ်းရေးမရရှိသေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ သစ်ထုတ်လုပ်မှုများကို ထိန်းချုပ်ရန် ခက်ခဲခြင်း စသည်တို့ကို ဖြေရှင်းရန် သစ်တောဝန် ထမ်းများ၏ စွမ်းဆောင်ရည်၊ လုပ်ငန်းစဉ်များ၊ ကျင့်ဝတ်သိက္ခာများ အဆင့်အတန်းမြင့် မားလာစေရန် အထူးသင်တန်းများပေးခြင်း၊ ဝန်ထမ်းအင်အားများတိုးချဲ့ခြင်း၊ လိုအပ် သည့်ခေတ်မီလက်နက်ကိရိယာများ တပ်ဆင်ပေးခြင်းနှင့် သစ်တောများထိန်းသိမ်းခြင်း လုပ်ငန်းများကို ဒေသခံပြည်သူတစ်ရပ်လုံးပါဝင်လာအောင် စည်းရုံးဆောင်ရွက်ခြင်း အားဖြင့် သစ်တောများ ပြန်လည်ရှင်သန်စိုပြေလာမည်ဟု ယုံကြည်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်း က အဆို တစ်ခုလုံးကို ခြုံငုံသုံးသပ်ရပါက နည်းလမ်းမျိုးစုံဖြင့် ထိန်းသိမ်းနေသည့်ကြားက ဥပဒေ မဲ့လုပ်ရပ်များကြောင့် ကြိုးဝိုင်း၊ ကြိုးပြင် သစ်တောများစွာသည် ဆုံးရှုံးပျောက်ကွယ်နေပြီး အကျိုးဆက်အနေဖြင့် ရာသီဥတုများဖောက်ပြန်၍ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟ စနစ်များ ပျက်စီးရုံမက သဘာဝဘေးဆိုးများ အဖြစ် မြေပြိုခြင်း၊ ရေကြီးခြင်း၊ မိုးခေါင် ခြင်း၊ ဆည်ခမ်းခြင်း စသည်တို့ကို ပုံမှန်တွေ့ကြုံခံစားနေရခြင်းများကြောင့် တွန့်ဆုတ် နေသည့် နိုင်ငံ့ဖွံ့ဖြိုးရေးကို အထောက်အကူပြုရန် သစ်တောဌာနကြီးတစ်ခုလုံး၏ အောက်ခြေဝန်ထမ်းများအထိ အထူးသင်တန်းများနှင့် လိုအပ်မည့် ကိရိယာ တန်ဆာ ပလာများကို World Bank, ADB, WWF စသည့်နိုင်ငံတကာအဖွဲ့အစည်းများကတစ် ဆင့် ကူညီထောက်ပံ့ဖြည့်ဆည်းပေးရန် အကြံပြုထားသည့် အဆိုတစ်ရပ်ဖြစ်ပါ ကြောင်း။

 

a

 

ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးဆိုးများကို လျှော့ချရန်အတွက် ကမ္ဘာ့တစ်ဝန်း သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ထိန်းသိမ်းရေး ဦးစားပေးလုပ်ငန်း စဉ်များအဖြစ် ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ရှေ့တန်းမှ ယခုထက်ပိုပြီး ပါ ဝင်ဆောင်ရွက်သင့်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် ရည်ရွယ်တင်သွင်းသကဲ့ သို့ နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာ သစ်တောဌာန၏ အောက်ခြေဝန်ထမ်း များအထိ ပြီးပြည့်စုံသည့် သင်တန်းများ၊ တန်ဆာပလာများ၊ ထောက်ပံ့ဖြည့်ဆည်းပေး နိုင်မည့် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ပြန်လည်ရှင်းလင်းဆွေးနွေးရာ တွင် သစ်တောဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေးနှင့် လိုအပ်နေသည့် ခေတ်မီ လုပ်ငန်းသုံးပစ္စည်းများ၊ Facilities and Equipments များ ပြည့်စုံရေးသည် မြန်မာနိုင်ငံရှိ သစ်တောသစ်ပင်များ ပြန်လည်ရှင်သန်စိုပြေလာစေရန် အရေးပါသည့်အတွက် သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း အစီအစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံတကာအစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့များဖြင့် လည်းကောင်း အတိုင်းအတာတစ်ရပ်အထိ လုပ်ငန်းသုံးခေတ်မီပစ္စည်းများ ဖြည့်တင်းဆောင်ရွက်လျက်ရှိသော်လည်း သစ်တောဦးစီးဌာန ဖွဲ့စည်းပုံ၏ ၅၀ ရာခိုင်နှုန်းကျော် ရုံမျှရှိသော ဝန်ထမ်းများဖြင့် ရည်ရွယ်ချက်များကို အောင်မြင်စေရန် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လိုအပ်ချက်များ ရှိနေဆဲဖြစ်သည့်အတွက် တင်သွင်းသည့် အဆိုကို အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုကိုအတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ဒီဇင်ဘာ ၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်