ဒုက္ခသည်များကို ပိုမိုကူညီထောက်ပံ့ရန် ကုလအကြီးအကဲတောင်းဆို

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်က နိုင်ငံများအနေနှင့် ဒုက္ခသည်များကို လက်ခံပြီး ပိုမိုကူညီအထောက်အပံ့ပေးရန် တောင်းဆိုခဲ့သည်။

 

ယမန်နေ့က ဂျီနီဗာရှိ ကုလသမဂ္ဂအဖွဲ့၏ ဉရောပဌာနချုပ်တွင် ကျင်းပခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များ ဖိုရမ်တွင် အဆင့်မြင့်အရာရှိကြီးများအား အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါဖိုရမ်သည် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများနှင့် ဒုက္ခသည်များ အရေးကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ ပထမဆုံးသော ဖိုရမ်ဖြစ်သည်။ 

 

ဂူတာရက်စ်က ဒုက္ခသည် ၂၅ သန်းအပါအဝင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ သန်း ၇၀ ကျော်သည် ပဋိပက္ခများနှင့် ဖိစီးနှိပ်စက်မှုများကြောင့် နေရပ်စွန့်ခွာခြင်းဖြစ်ကြောင်း၊ အိုးအိမ်ပစ် စွန့်ခွာထွက်ပြေးသူများ စံချိန်တွင် အမြင့်ဆုံးအနေအထား ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့အပြင် လက်ရှိအချိန်တွင် ပုံမှန်ထက်ပိုမို၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် လက်တွေ့ကျသော၊ ထိရောက်သော တုံ့ပြန်မှုများကို လိုအပ်ကြောင်း၊ ဒုက္ခသည်များကို လက်ခံထားသော နိုင်ငံများအတွက် ပိုမိုကောင်းမွန်သော အကူအညီများနှင့် ထွက်ပြေး တိမ်းရှောင်လာသူများအတွက် ပိုမိုကောင်းမွန်သော အဖြေများကို လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးမှုတွင် တူရကီမှ လက်ခံထားသော ဆီးရီးယား ဒုက္ခသည်များအရေးလည်း ပါဝင်မည်ဖြစ်သည်။

 

တူရကီနိုင်ငံသည် ရွှေ့ပြောင်းဒုက္ခသည်များကို လက်ခံထားခြင်းဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ ဒုက္ခသည်များ ဝင်ရောက်မှုကို တားဆီးထိန်းသိမ်းထားသည့်အတွက် ဥရောပ သမဂ္ဂအဖွဲ့က တူရကီအား ငွေကြေးအမြောက်အမြား ထောက်ပံ့ပေးလျက်ရှိသည်။ တူရကီသည် ၂၀၁၈ နှစ်ကုန်အထိ ဒုက္ခသည် ၃ ဒသမ ၇ သန်းကို လက်ခံထားပြီး ကမ္ဘာပေါ်တွင် ဒုက္ခသည် အများဆုံးလက်ခံထားခဲ့ခြင်းဖြစ်သည်။

 

တူရကီသမ္မ အာဒိုဂန်က တတိယနိုင်ငံတွင် အခြေချနေထိုင်သော ဒုက္ခသည် ရာခိုင်နှုန်းသည် တိုးမြင့်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဥရောပနိုင်ငံများအနေနှင့် ဒုက္ခသည်များကို လက်ခံရန်လည်း တောင်းဆိုခဲ့သည်။ အဆိုပါဆွေးနွေးပွဲသည် ယနေ့ ညနေပိုင်းတွင် ပြီးစီးမည်ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-စုရည်