ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဒေသတွင်းအဆင့် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ ၂၀

ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ-ဒေသတွင်းအဆင့် (10th ASEAN Quiz - Regional Level) ပြိုင်ပွဲအား ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပနိုင်ရန်နှင့် အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား ကျောင်းသူများကို အာဆီယံဉာဏ်စမ်း ပဟေဠိ-နိုင်ငံတော်အဆင့် (10th ASEAN Quiz - National Level) ပြိုင်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက Video Conferencing  ဖြင့် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပရာ ပြိုင်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဌ၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်  တက်ရောက် ဆွေးနွေးပြောကြားသည်။

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန(ဝန်ကြီးရုံး)နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ရန်ကုန်၊ နေပြည်တော် နှင့် တပ်ကုန်းတို့မှ အသီးသီးပါဝင်တက်ရောက်ကြသည်။       

အစည်းအဝေးတွင် မြန်မာနိုင်ငံမှ 10th ASEAN Quiz - Regional Level ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် 10th ASEAN Quiz - National Level ပြိုင်ပွဲဝင် များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ပြည်နယ်နှင့်တိုင်းဒေသကြီး များမှ အသက် ၁၅ နှစ်မှ အသက် ၁၈နှစ် အတွင်းရှိ ကျောင်းသား ကျောင်းသူ (၅၀) ရွေးချယ်ပြီး အမည်စာရင်း ပေးပို့လက်ခံရရှိထားမှု၊ အဆိုပါ ကျောင်းသား ကျောင်းသူ များအနက်မှ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် ကျောင်းသား ကျောင်းသူများ ထပ်မံထွက်ပေါ် လာစေရေး National Level ပြိုင်ပွဲကျင်းပ၍ ရွေးချယ်နိုင်ရန်နှင့် Regional Level ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အောင်မြင်စွာကျင်းပနိုင်ရန်အတွက် နည်းပညာပိုင်း ဆိုင်ရာတွင် အခြားနိုင်ငံများနည်းတူ အဆင့်မြင့်မြင့် အသုံးပြုနိုင်ရေး၊ လိုအပ်သည် များ ကူညီပံ့ပိုးပေး နိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးကြသည်။

အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲသည် အာဆီယံ ပြန်ကြားရေးဆပ်ကော်မတီဖြစ်သည့် (SCI) ၏ စီမံကိန်း တစ်ခုဖြစ်ပြီး ၂၀၀၂ ခုနှစ်မှစတင်၍ (၂) နှစ်လျှင် (၁) ကြိမ် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အလှည့်ကျ ကျင်းပလျက်ရှိရာ ၂၀၀၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ၂၀၀၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၂၀၀၆ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ၂၀၀၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံ၊ ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ၂၀၁၆ ခုနှစ်တွင် လာအိုနိုင်ငံ၊ ၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံနှင့် ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြပြီး ၂၀၂၂ ခုနှစ်တွင် (၁၀)ကြိမ် မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ (ဒေသတွင်းအဆင့်) 10thASEAN Quiz (Regional Level) ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)