ဒန်းကျွတ်ဘိမျှောပွဲ (သို့မဟုတ်) ထားဝယ်ရိုးရာ သပိတ်မျှောပွဲ


ရွှေပင်လယ်(ထားဝယ်)

သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအတွက် သင်္ကြန်ပွဲတော်ပြီးလျှင် ဒုတိယမြောက် အစည်ကားဆုံး ကျင်းပသော ပွဲတော်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များအတွက် စိတ်အားထက်သန်စွာဖြင့် ကျင်းပလေ့ရှိသော ရိုးရာပွဲတော်များအနက်တစ်ခုပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို  နှစ်စဉ် နှစ်တိုင်း ကျင်းပလေ့ရှိပြီး သီတင်းကျွတ်လပြည့် မတိုင်မီတစ်ရက်၊ သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော်တစ်ရက်ဟူ၍ သုံးရက် တိုင်တိုင် ကျင်းပဆင်နွှဲလေ့ရှိပါသည်။ ၂၀၂၂ ခုနှစ် အတွက် အောက်တိုဘာလ ၉ ရက်နေ့သည် သီတင်း ကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ပင်ဖြစ်ပါသည်။

သီတင်းကျွတ်လပြည့်နေ့သည် တရားစခန်းသိမ်းသောနေ့

သီတင်းကျွတ်ပွဲတော် ပေါ်ပေါက်လာပုံတွင် ဂေါတမမြတ်စွာဘုရားသည် မယ်တော်ဖြစ်ခဲ့ဖူးသူ အမိဂေါတမိ (သန္တုနတ်သား) အား မွေးကျေးဇူးဆပ်သောအားဖြင့် တာဝတိံသာနတ်ပြည်တွင် မယ်တော် မိနတ်သားအပါအဝင် နတ်၊ ဗြဟ္မာအပေါင်းတို့ကို တစ်နေ့နှင့် တစ်ရက် (လူ့သက်တမ်း၌ ဝါတွင်းသုံးလ ပတ်လုံး) အဘိဓမ္မာတရားတော်ကို နေ့ညမစဲ တရား ဒေသနာတော် ဟောတော်မူခဲ့သည်။ သီတင်းကျွတ် လပြည့်နေ့သည် တရားစခန်းသိမ်းသောနေ့ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာတရား ဒေသနာတော်ကို ဟောကြားတော်မူခဲ့ပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူ ခဲ့သဖြင့် ထူးမြတ်သောနေ့အဖြစ် သတ်မှတ်ခဲ့ကြ သည်။ ထိုသို့ မြတ်စွာဘုရားရှင် နတ်ပြည်မှ လူ့ပြည် သို့ ပြန်လည်ဆင်းသက် ကြွချီတော်မူသည့်အတွက် လူ့ပြည်မှ မင်းနှင့်တကွ လူထုပရိသတ်အပေါင်းတို့က ဆီမီးနံ့သာများဖြင့် ထွန်းညှိပူဇော်ကြိုဆိုခဲ့ကြသည်။

ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲ ကျင်းပသောအစဉ်အလာသည် ရှေးဘိုးဘေးဘီဘင်များ လက်ထက်ကတည်းကပင် ရှိခဲ့ပါသည်။ ထိုအစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် နှစ်စဉ်နှစ်တိုင်း မြတ်စွာဘုရားရှင်ကို ရည်စူး၍ သီတင်းကျွတ် မီးထွန်းပွဲတော်အဖြစ် ကျင်းပလာခဲ့ သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် အဘိဓမ္မာခုနစ်ကျမ်းကို ဟောကြားတော် မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည် သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျက် ထိုနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာရွတ်ဖတ်သရဇ ယ် ပူဇော်ပွဲများကိုလည်း ကျင်းပကြသည်။

သီတင်းကျွတ်လပြည့်နေ့တွင် မိမိတို့ထက် ကြီးမြင့်သော သက်ကြီးရွယ်အိုများ၊ မိဘဘိုးဘွားများ၊ ဆရာသမားများကို အပြစ်မှ ခွင့်လွှတ်စေကြောင်း ဝန်ချ၍ကန်တော့ကြသည်မှာ ချစ်စရာ့မြန်မာ့ ယဉ်ကျေးမှုအစဉ်အလာ သီတင်းကျွတ်ပွဲတော်၏ အနှစ်သာရပင်ဖြစ်သည်။ ကလေးငယ်များကလည်း မီးရှူးမီးပန်းများ ပစ်ဖောက်ကစားကြသည်။ အချို့ ရပ်ကွက်/ ကျေးရွာများတွင် နိဗ္ဗာန်ဈေးများ ဖွင့်လှစ် ကာ လာလာသမျှလူတို့ကို အယုတ်၊ အလတ်၊ အမြတ်မရွေး စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းကြသည်။ သီတင်းကျွတ်အချိန်အခါသမယ တွင် မြန်မာနိုင်ငံအနှံ့အပြား ပွဲတော်များပြုလုပ် လေ့ရှိကြသည်။

 ဒေသအလိုက်ရိုးရာအစဉ်အလာပွဲတော်များ

မိုးလေကင်းပြီး သီတင်းကျွတ်ပြီဆိုသည်နှင့် မြန်မာနိုင်ငံတွင် ဒေသအလိုက်ရိုးရာအစဉ်အလာ ပွဲတော်များ ကျင်းပကြမြဲဖြစ်ပါသည်။ သီတင်းကျွတ်ကာလနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ထင်ရှားသောပွဲတော်တစ်ခုဖြစ်သည့် သီတင်းကျွတ်လရောက်တိုင်း ရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်စူးပြီး သပိတ်မျှောပွဲတော်ကို ကျင်းပလေ့ရှိသည်။ သပိတ်မျှောပွဲတော်ကို ထားဝယ်မြို့တွင် နှစ်စဉ်နှစ်တိုင်းကျင်းပသည်မှာ တစ်မူထူးခြားသည့် ပွဲတော်တစ်ခုပင်ဖြစ်သည်။ သပိတ်အိုးထဲတွင် ဆွမ်း၊ အသီးအနှံ၊ ရေ၊ ငွေစက္ကူ၊ တံခွန်တိုင်၊ ဖယောင်းတိုင် အစရှိသည်တို့ကို ထည့်သွင်းထားသည်။

ထားဝယ်မြို့သူမြို့သားများသည် သီတင်းကျွတ် လပြည့်နေ့မတိုင်ခင် တစ်ရက်အလိုတွင် ပြင်ဆင် အလှူခံထားသည့် သပိတ်အိုးကြီးများဖြင့် မြို့တွင်းလှည့်လည် အလှူခံထွက်လေ့ရှိပြီး အလှူခံထွက်စဉ် အိုးစည်ဒိုးပတ် တေးသရုပ်ဖော် အကအလှများဖြင့် ကပြဖျော်ဖြေကြသည်။ ညလုံးပေါက်အလှူခံပြီး နံနက်မိုးသောက်သောအခါ အသင့်ယူဆောင်လာ သော သပိတ်အိုးလေးများကို မီးပွင့်လေးများနှင့်အတူ သတ်မှတ်ထားသောနေရာတွင် ထားဝယ်မြစ် ချောင်းအတွင်းသို့ ရေမျှောကုသိုလ်ယူကြသည်။

သပိတ်မျှောမည့်သူများအနေဖြင့်လည်း သပိတ်များကို ကိုယ်စီကိုင်ကာ တိုးဝှေ့သွားရန်မလိုဘဲ စည်းကမ်းရှိရှိ သွားလာနိုင်ပြီး ဝါးရာဇမတ်ကာထားသည့် ဝင်္ကပါပတ်လမ်းမှတစ်ဆင့် မြစ်ကမ်းနံဘေးတွင် စနစ်တကျ သပိတ်မျှောကြခြင်းဖြစ်သည်။

ထားဝယ်ဒေသရှိ ထေရဝါဒဗုဒ္ဓဘာသာဝင်များသည် သံဃာတော်ဖြစ်သော ရဟန္တာမြတ်တစ်ပါး ဖြစ်သည့် ဥပဂုတ္တအရှင်သူမြတ်အား ဆွမ်း၊ မုန့်ပဲ သရေစာ၊ သစ်သီး၊ ဆီမီး၊ အမွှေးတိုင်၊ တံခွန်ကုက္ကား၊ ပန်း စသည်များကို သပိတ်တွင်ထည့်၍ ရည်မှန် ဆက်ကပ် ပူဇော်လေ့ရှိသည်။ ယင်းသပိတ်တော်ကို ပင်လယ်ထဲသို့မျှော၍ ပူဇော်လေ့ရှိသည်။ ဆွမ်းသွပ် ပြီးသားသပိတ်များကို မဏ္ဍပ်ထိုးကာ ခုံတန်းရှည် ပေါ်တင်ထားပြီး ပြည်သူများ ကုသိုလ်ယူနိုင်ရန် အဆင်သင့်ရောင်းဝယ်ကြသူများနှင့် စည်ကားလျက်ရှိသည်။ သပိတ်မျှောပွဲလာသူများအနေဖြင့် အသင့်ပြင်ဆင်ထားသည့် သပိတ်များကို ဝယ်ယူပြီး ကုသိုလ်ယူနိုင်ရန်ဖြစ်ပါသည်။ ဤသည်မှာ ရှေးအစဉ်ကတည်းကစပြီး နှစ်စဉ်ကျင်းပလာ၍ အစဉ်အလာတစ်ရပ်အနေဖြင့် ထူးခြားစွာရှိနေခြင်း ပင်ဖြစ်သည်။

တစ်နည်းအားဖြင့် သာယာဝတီမြို့ဟု ခေါ်တွင်ခဲ့သော ထားဝယ်မင်းများလက်ထက်မှစ၍ လက်ရှိထားဝယ်မြို့၏ နှစ်စဉ်နှစ်တိုင်း ပူဇော်ကျင်းပလာခဲ့ကြသည့် အစဉ်အလာရိုးရာပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။ ဤသည်ကို အကြောင်းပြု၍ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များသည် ယနေ့တိုင်အလှူမင်္ဂလာပွဲများ ပြုလုပ်သည့်အခါတိုင်း မိုးရွာခြင်းမှ တားဆီးကာကွယ်ပေးရန် ရည်သန်၍ ရှင်ဥပဂုတ္တအရှင်မြတ်ကို ပင့်ဖိတ်ပူဇော်ပွဲကျင်းပလေ့ရှိကြသည်။ ဆွမ်း၊ သစ်သီး၊ ပန်း၊ ဆီမီး စသည်များကို သပိတ်တွင်ထည့်၍ ဆက်ကပ်ကာ ရေတွင်မျှောလိုက်ပြီး ရှိခိုးပူဇော်၍ ဆုတောင်းလေ့လည်း ရှိသည်။ အချို့သူများက မိမိအိမ်၊ မိမိရပ်ရွာဒေသတွင် ယာယီကျောင်းဆောင် ဆောက်လုပ်၍ ပင့်ဖိတ်ပြီးပူဇော်ဆုတောင်းလေ့ ရှိကြသည်။

ထားဝယ်ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခု

ထိုသို့ ပူဇော်ပွဲများသည် ထားဝယ်မင်းများ လက်ထက်ကတည်းကရှိခဲ့ပြီး ယနေ့တိုင်ထားဝယ် ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုအနေဖြင့် တည်ရှိနေ ခြင်းပင်ဖြစ်သည်။ ထိုဓလေ့သည် ယခင်က ထားဝယ် မြို့တော်၌သာ ကျင်းပလေ့ရှိခဲ့ရာ အကြောင်းမှာ ထားဝယ်မင်းများ နေထိုင်ရာမြို့ဖြစ်သောကြောင့် ဖြစ်သည်။ ယခုအခါတွင် သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံးမြို့များနှင့် ကျေးရွာများတွင်ပါ ကျင်းပ ပူဇော်လေ့ရှိလာကြသည်ကို ကြည်နူးဖွယ်တွေ့ရ သည်။

ထားဝယ်ဒေသတွင် အလှူ၊ မင်္ဂလာ၊ အခမ်းအနားပွဲများ ပြုလုပ်ရာတွင် မိုးရွာချသည့်အခါနှင့်လည်း ကြုံကြိုက်တတ်သည်။ ကျင်းပသည့်ပွဲကို အဖျက်လုပ်ငန်းသဖွယ် ပြုလုပ်ခြင်းပင်ဖြစ်သည်ဟု ယူဆခဲ့ကြောင်းသိရသည်။ ယင်းသို့ဖြစ်ပေါ်လာလျှင် ရှင်ဥပဂုတ္တရဟန္တာမြတ်က ကာကွယ်တားဆီး ပေးနိုင်သည်ဟုလည်း ယုံကြည်ကြသည်။ ထိုသို့ ယုံကြည်သည့်အတိုင်း မိုးရွာခြင်းမှ တားဆီး ကာကွယ်ပေးရန် ရည်သန်၍ အရှင်မြတ်အား ပင့်ဖိတ်ပြီး ပူဇော်ပွဲကျင်းပသည့်သဘောလည်း ဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာဝင်ဟူသမျှသည် အလှူပွဲများ၊ မင်္ဂလာပွဲများ၊ အခမ်းအနားများ ပြုလုပ် သည့်အခါ လေပြင်းမုန်တိုင်းကျရောက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်လာပါက မာရဒေဝ ဖျက်ဆီးခြင်းဖြစ်နိုင်သည်ဟု ယူဆကြ လေ့ရှိပါသည်။ ထိုသို့ဖြစ်ပေါ်လာပါက ရှင်ဥပဂုတ္တ မထေရ်မြတ်အားရည်စူး၍ ရှိခိုးပူဇော်ခြင်းများပြုလေ့ရှိကြသည်။

ထို့အပြင် ကြည်ညိုသဒ္ဓါပွားများခြင်းကြောင့် ရှင်ဥပဂုတ္တအားရည်စူး၍ ရှိခိုးပူဇော်ပြီး ဆွမ်းတော်ကပ်လှူလေ့လည်း ရှိကြသည်။ ဆွမ်းတော်ကပ်လှူ ရာတွင် အထူးသဖြင့် သက်သတ်လွတ် လှူဒါန်းလေ့ ရှိကြသည်။ ဆွမ်း၊ သစ်သီး၊ ဆီမီး စသည်များကို သပိတ်တွင်း၌ထည့်၍ လှူဒါန်းကြသည်။

ထားဝယ်မြို့၌ သပိတ်မျှောပွဲကို နှစ်စဉ် နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပလေ့ ရှိပြီး စေတနာရှင်၊ အလှူရှင်များက သပိတ်မျှောပွဲ လာရောက်ကြည့်ရှုသူများကို စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ သပိတ်မျှောပွဲတွင် မီးပုံးပျံ အငယ်လွှတ်တင်ခြင်း၊ တေးဂီတများဖြင့် ဧည့်ခံ ဖျော်ဖြေခြင်း၊ ထားဝယ်ရိုးရာယဉ်ကျေးမှုအကများ ဖြင့် သီဆိုဧည့်ခံဖျော်ဖြေခြင်းများ ဆောင်ရွက် လျက်ရှိရာ ဒေသခံပြည်သူလူထုများက လာရောက် ကြည့်ရှုအားပေးကြပြီး ညလုံးပေါက်စည်ကား သိုက်မြိုက်လျက်ရှိသည်။

သပိတ်မျှောပွဲတော်

သပိတ်မျှောပွဲတော်သည် ရှင်ဥပဂုတ္တမထေရ် မြတ်အားရည်စူး၍ ထားဝယ်ရိုးရာမြေသပိတ်အထဲ တွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုး စသည့်လှူဖွယ်များကိုထည့်ပြီး တံခွန်၊ ကုက္ကားများစိုက်ထူ၍ ဆီမီးများထွန်းညှိကာ သပိတ်မျှောခဲ့ခြင်းဖြစ်ပြီး ရာသီဥတုမိုးလေဝသ ကောင်းမွန်စေရန်၊ ဆန်ရေစပါး စီးပွားဥစ္စာပေါများ တိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသော ဘေးဘယာကံကြမ္မာအပေါင်း ကင်းဝေးလွှတ်မြောက်စေရန် ဆုတောင်း ပတ္ထနာပြုသည့်ရည်ရွယ်ချက်ဖြင့် ထားဝယ်မြို့တွင် ရှေးအစဉ်အဆက်မှ ယနေ့တိုင်သပိတ်မျှောပွဲတော် ကို ကျင်းပလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သပိတ်မျှောပွဲတော်ကို နှစ်စဉ်သီတင်းကျွတ် လပြည့်နေ့နံနက် အရုဏ်တက်ချိန်တွင် ဒေသခံ ပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် ညီညီ ညာညာ သပိတ်မျှောကုသိုလ်ယူလျက်ရှိခဲ့သည်။ နံနက်အရုဏ်အတွက် ပြင်ဆင်မှုများနှင့်အတူ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ညလုံးပေါက် စည်ကားသည့်အတွက် “ထားဝယ်မအိပ်သည့်ည” ဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ထားဝယ်ရိုးရာ ယဉ်ကျေးမှုဓလေ့များ များစွာရှိသည့်အနက် ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်သည် တစ်မူထူးခြားသည့် ပွဲတော်တစ်ခုပင်ဖြစ်သည်။ ထိုရိုးရာ ယဉ်ကျေးမှုဓလေ့မှသည် ထားဝယ်ဒေသအပါအဝင် မြန်မာပြည်အဝှမ်း သာသနာငါးထောင်ပတ်လုံး တည်မြဲစေရန်ရည်စူးပြီး ရာသီဥတုမိုးလေဝသ ကောင်းမွန်စေရန်၊ ဆန်ရေစပါး စီးပွားဥစ္စာပေါများ တိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန် များနှင့် မကောင်းသော ဘေးဘယာကံကြမ္မာအပေါင်း ကင်းဝေးလွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ရေးသားလိုက်ရပါသည်။