ဒလမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်

ရန်ကုန် ၃၀ ဇွန်
    

 

ဒီမိုကရေစီ အင်္ဂါရပ်နှင့်အညီ အစိုးရနှင့် ပြည်သူအကြား အပြန်အလှန် ဆွေးနွေးတိုင်ပင်တတ်စေရန်၊ လူကြီးနှင့် လူငယ်များအကြား ဆွေးနွေးတိုင်ပင်တတ်သည့် အလေ့အထများ ရရှိစေရန်၊ လူ့စွမ်းအား အရင်းအမြစ်များဖြစ်သော လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်၊ မှန်ကန်သော အတွေးအခေါ်၊ ဆုံးဖြတ်ချက်များ ရရှိစေရန်နှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် “ ဒလဒေသဖွံ့ဖြိုးတိုး တက်ရေး ” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
    

 

ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေရီစိုးက ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
    

 

ထို့နောက် ဒလဒေသဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲတွင် အဖွဲ့(၁)၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ ဒေါက်တာထွန်းဝင်း (မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန)၊ ဦးနေမင်းချို (မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ)၊ ဦးသန်းဝင်း (မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဌ)နှင့် စခန်းမှူး ဒုရဲမှူးအုန်းလွင် (ဒလမြို့မရဲစခန်း) တို့က လည်းကောင်း၊ အဖွဲ့(၂) ၌ ဒေါ်မြင့်မြင့်ကြည် (မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ)၊ ဦးတိုးတိုးသိန်း (မြို့နယ်လျှပ်စစ်မန်နေဂျာ)၊ ဒေါက်တာတင်ဖုန်း (မြို့နယ်ပညာရေးနှင့် ကျန်းမာရေးဖောင်ဒေးရှင်းဒုဥက္ကဌ)၊ ဦးရွှေလှိုင်(ခ)ဦးကျောက် (လုပ်ငန်းရှင်) နှင့် ဦးတင်မောင်လွင် (ခ) ကိုသာကြီး (မြို့နယ်ဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့) တို့က အဖွဲ့(၂)ဖွဲ့ဖြင့် ပါဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
    

 

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက ဒလ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်း၊ တံတား၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်သော  သိသင့်သိထိုက်သည့်  အကြောင်းအရာများကို ဆွေးနွေးမေးမြန်းခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
    

 

ဆက်လက်၍ ပြည်သူ့စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ပုဂ္ဂိုလ်များအား မြို့မိမြို့ဖများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နိုင်လင်းကျော်(ဒလ)