ဒီနေ့အထိ ရုပ်ရှင်ပိတ်ကားပေါင်း ၁၉၆ ကားရှိပါပြီ။ လာမယ့်လဆိုရင် ပိတ်ကား ၂၀၀ လောက် ဖြစ်မယ်လို့ မျှော်မှန်းထားပါတယ်

၂၆  ဒီဇင်ဘာ

[ ဦးသိန်းနိုင် (ညွှန်ကြားရေးမှူး၊ ရုပ်ရှင်မြှင့်တင်ရေးဌာန) ]

ရုပ်ရှင်အနုပညာထုတ်ကုန်ပစ္စည်းတစ်ခုကို ပရိသတ်ရှေ့မှောက်သို့ အလွယ်တကူ ရောက်ရှိချပြဖို့က မလွယ်ရေးချ မလွယ်လှပါ။ အနုပညာမှော်စွမ်းအား၊ ငွေအား၊ လူအား၊ ပစ္စည်းအား ယုတ်စွအဆုံး မီးထိုး၊ မှန်ထိုးသမားကအစ အားလုံး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းရသည့် အနုပညာလုပ်ငန်းကြီးဖြစ်လေသည်။ ဇာတ်ကားကြီး တစ်ကားကို အောင်မြင်ပြီးစီးအောင် ရိုက်ကူးဆောင်ရွက်ပြီးသော်လည်း လုပ်ငန်းကွင်းဆက်အဆင့်များက မပြီးသေးပါ။ ရုပ်ရှင်ချစ် ပြည်သူအပေါင်း လာရောက်ကြည့်ရှုခံစားဖို့ လိုအပ်ချက်ကြီးက ရုပ်ရှင်ရုံစင်မြင့်။ ရုပ်ရှင်ရုံစင်မြင့်များက ဖြုတ်ဖြုတ်ကြွေကျ မြေခခဲ့ရသော အချိန်ကာလများဆီက မြန်မာ့ရုပ်ရှင် လောကသားများသာမက ပရိသတ်များကပါ မြန်မာ့ရုပ်ရှင်အနာဂတ်အတွက် စိုးရိမ်သောကများစွာဖြင့်။ တစ်နှစ်တစ်နှစ် ထုတ်လုပ်သည့် ရုပ်ရှင်ဇာတ်ကားများကလည်း လက်ဆယ်ချောင်း ကျော်ကျော်သာ။

ပစ္စက္ခမှာတော့ မြန်မာ့ရုပ်ရှင်ဇာတ်ကားများက ဟော တစ်ကား၊ ဟောတစ်ကားဖြင့် အပြိုင်အဆိုင်၊ မြိုင်မြိုင်ဆိုင် ဆိုင် ထုတ်လုပ်ရိုက်ကူး ဖြန့်ချိနိုင်ပြီကို တွေ့မြင်ရသလို ရုပ်ရှင်ထုတ်ကုန် အနုပညာပစ္စည်းတို့အပေါ် ပရိသတ်များ လာရောက်ကြည့်ရှုခံစားသုံးသပ်စရာ ပလက်ဖောင်းစင်မြင့် ရုပ်ရှင်ရုံတွေကလည်း ရန်ကုန်မြို့လယ်သာမက ဆင်ခြေဖုံးရပ်ကွက် မြို့များအထိ၊ ထိုမှ နယ်မြို့များမကျန် ဟောတစ်ရုံ ဟောတစ်ရုံ ဖွင့်လှစ်နေသည်ကို မီဒီယာ ပလက်ဖောင်းထက်ကတစ်ဆင့် တွေ့မြင်ရမည်ဖြစ်သည်။

သို့နှင့် လက်ရှိ မြန်မာရုပ်ရှင်ရုံများ ဖွံ့ဖြိုးတိုးတက် လာမှုနှင့် စပ်လျဉ်း၍ နယ်ပယ်အသီးသီးမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို သွားရောက် တွေ့ဆုံမေးမြန်းသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည် -

ဦးသိန်းနိုင် (ညွှန်ကြားရေးမှူးရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန)

ရုပ်ရှင်ရုံလုပ်ချင်တဲ့သူတွေက ထောက်ခံချက် လာတောင်းတာတွေ ရှိပါတယ်။ ထရန်စဖော်မာလိုတယ်၊ သက်ဆိုင်ရာ လျှပ်စစ်နဲ့ပတ်သက်လို့ ထောက်ခံချက် တောင်းတာတွေရှိတယ်။ ပစ္စည်းတင်သွင်းဖို့အတွက် လိုအပ်တဲ့ ထောက်ခံချက်ပေးတာရှိတယ်။ ဒါတွေကို အတတ်နိုင်ဆုံး နေ့ချင်းပြီးရအောင် ကူညီပေးလျက် ရှိပါတယ်။ တစ်ချက်ကတော့ ရုပ်ရှင်ရုံတွေ ပြဖို့အတွက် လိုင်စင်ထုတ်ပေးတဲ့အပိုင်းက သက်ဆိုင်ရာ တိုင်းဒေသ ကြီးမှာရှိတဲ့ ဌာနဆိုင်ရာတွေ၊ မြို့နယ်ဌာနဆိုင်ရာတွေ ထောက်ခံချက်ပါတဲ့အပြင် ကျွန်တော်တို့က DCP စနစ်နဲ့ ပြတဲ့ ရုပ်ရှင်ရုံတွေမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ ကိုက်၊ မကိုက် စစ်ရတာရှိပါတယ်။

တစ်ခါတလေမှာ ရုပ်ရှင်ရုံလုပ်ငန်းအတွေ့အကြုံ မရှိ တဲ့လူတွေက ဒီကို တင်ရမှန်းမသိလို့ ဖြစ်ခဲ့လို့ရှိရင်၊ မနက် ဖြန်လို စစ်ချင်တယ်၊ သန်ဘက်ခါလို စစ်ချင်တယ်၊ ပြချင် တယ်။ ဒီကစစ်ပြီးမှ ပြလို့ရမယ့်ဟာမျိုးဆိုရင် ကျွန်တော်တို့က နေ့ချင်းပြီး ချက်ချင်းအဖွဲ့ ဖွဲ့ပြီးတော့ သက်ဆိုင်ရာကိုတင်ပြပြီး ချက်ချင်းလွှတ်ပေးတယ်။ သူတို့လည်း အဆင်ပြေအောင် ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ ပံ့ပိုးနိုင်တဲ့ဟာ အားလုံးကိုကူညီပြီး ဆောင်ရွက်ပေးနေပါတယ်။ လက်ရှိအနေအထားက ဒီနေ့အထိ ရုပ်ရှင်ပိတ်ကားပေါင်း ၁၉၆ ကားရှိပါပြီ။ လာမယ့်လဆိုရင် ပိတ်ကား ၂၀၀ လောက်ဖြစ်မယ်လို့ မျှော်မှန်းထားပါတယ်။

 

81597976_2455215138052313_2240793826845261824_o

 

ဒီကြားထဲမှာ ရုပ်ရှင်ရုံလုပ်မယ့်အဖွဲ့တွေ ရှိပါသေးတယ်။ ကျွန်တော်တို့က ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုံတွေရော၊ နိုင်ငံခြားကလာတဲ့ ရိုက်ကူးရေးနဲ့ ပတ်သက်လို့ အရင်က လုပ်ခဲ့တာတွေရှိတယ်။ ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှာ နိုင်ငံခြားအဖွဲ့အစည်းတွေ နဲ့ တောက်လျှောက်လုပ်နေတာတွေ ရှိပါတယ်။ ရုပ်ရှင်ရုံ တိုးတက်ရေးအပြင် ကျန်တဲ့ရုပ်ရှင်ကဏ္ဍနဲ့ ပတ်သက်တဲ့ လုပ်ငန်းအားလုံးကို ဆောင်ရွက်ပေးတယ်။ ကားသစ်တွေ ထွက်လာဖို့တင် မဟုတ်ဘဲ၊ ရုံတွေထွက်လာဖို့တင် မဟုတ်ဘဲနဲ့ ဟိုးအရင်တုန်းက တကယ်ရိုက်ခဲ့တဲ့ ယဉ်ကျေးမှုတန်ဖိုးတွေ ဖော်ထုတ်ဖို့အတွက်ဆိုရင် နိုင်ငံတကာနဲ့ ချိတ်ဆက်တယ်၊ ပြည်တွင်းမှာလည်း ပြည်တွင်း ပညာရှင်တွေ အားလုံးနဲ့ချိတ်ဆက်ပြီး ဟိုးအရင်တုန်းက သမိုင်းဝင်ကားတွေ ပြန်လည်ဖော်ထုတ်နေတဲ့ အပိုင်းတွေလည်း လုပ်ကိုင်လျက်ရှိပါတယ်။

ဦးဇော်မင်း (မင်္ဂလာကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ)

ရုပ်ရှင်ရုံတွေက ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလွန်ကိုအရေးပါတယ်။ ရုပ်ရှင်အကြောင်း ပြောမယ်ဆိုရင် ကဏ္ဍကြီးလေးခုလောက်ရှိတယ်။ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်း၊ ထုတ်လုပ်ပြီးတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို တစ်နိုင်ငံလုံးအနှံ့ (သို့မဟုတ်) ကမ္ဘာအနှံ့ ဖြန့်ချိခြင်း၊ နောက်တစ်ခုက ရုပ်ရှင်ပြသခြင်းက အရေးကြီးလာတယ်။ ရုပ်ရှင်ရုံကို တစ်နိုင်ငံလုံးအနှံ့ များများနဲ့ အားရပါးရပြဖို့လိုတယ်။ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရုပ်ရှင်ရုံတွေက အခရာကျတယ်၊ အဓိကကျတယ်။

ရိုက်ကူးသမျှဇာတ်ကားတွေကို ရုပ်ရှင်ရုံတွေက ရုံတင်ပြီးတော့ ရုံတင်တဲ့အခါမှာလည်း ပရိသတ်ကလာပြီး အားရပါးရအားပေးပြီး ကျေနပ်ပျော်ရွှင်မှုရပါမှ ဝင်ငွေလည်း ကောင်းမယ်၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး တောင့်တင်းလာမယ်။ အဲဒီရရှိလာတဲ့ ဘဏ္ဍာရေးတွေ၊ ငွေရေး ကြေးရေးတွေကနေပြီးတော့ ရုပ်ရှင်လောကကို ပြန်လည်ပြီး အထောက်အကူပြုသွားနိုင်တယ်။ အနုပညာအားဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ရုပ်ရှင်ရုံတွေက ထိပ်ဆုံးကနေ ပံ့ပိုးကူညီပေးတယ်။ ငွေရေးကြေးရေး စီးပွားရေးအတွက်လည်း ခိုင်မာတောင့်တင်းဖို့နဲ့ ရပ်တည်နိုင်ဖို့အတွက်လည်း ထိပ်ဆုံးကနေ ရပ်တည်ပေးတယ်။

ရုပ်ရှင်ရုံတွေက ပြည်သူတွေအတွက် အလွန့်အလွန်ကို အကျိုးပြုတာပေါ့။ ဘာကြောင့်လဲဆိုတော့ ပြည်သူ လူထု ကိုယ်စိတ်နှစ်ပါးအပန်းပြေဖို့ အရေးကြီးတယ်။ လူထုဟာ ရုပ်ရှင်တွေကြည့်ပြီး ကိုယ်စိတ်နှစ်ပါး အပန်းဖြေ ခြင်းအားဖြင့် တဒင်္ဂအပန်းဖြေမှုတွေ ရသွားတယ်ဆိုရင် ရုပ်ရှင်လောကသားတွေအတွက် အလွန်ကိုကောင်းတဲ့ ပီတိဖြစ်ရတာပေါ့။ နောက်တစ်ခုက ဗဟုသုတမြောက်မြားစွာကို သူကရတာကိုး။ ကမ္ဘာအနှံ့က ဟောလိဝုဒ်၊ ဘောလိဝုဒ်၊ နောက် အာရှဇာတ်ကားတွေအပါအဝင် မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ အစားအသောက်၊ ရိုးရာဓလေ့ထုံးစံများ၊ လှပတဲ့ရှုခင်းများ၊ ပျူငှာတဲ့စိတ်ထား၊ မြန်မာနိုင်ငံရဲ့ ချစ်စဖွယ်ဓလေ့ ယဉ်ကျေးမှုတွေ အများကြီးပါလာတဲ့အခါကြတော့ ရုပ်ရှင်ရုံတွေဟာ ပြည်သူအတွက် ဗဟုသုတများစွာကို ရစေတယ်၊ အကျိုးပြုတယ်။

 

81447038_2455215128052314_3461865810920734720_o

 

ရုပ်ရှင်ပရိသတ်တွေ ပိုပိုပြီး များလာတယ်။ ဒီအပေါ်မှာ အလွန်ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ ထမင်းရှင်တွေ၊ ကျေးဇူးရှင်တွေဖြစ်တဲ့အတွက် ရုပ်ရှင်ရုံတွေကလည်း အကောင်းဆုံးဝန်ဆောင်မှုတွေ ပြန်ပြီးပေးပါတယ်။ တစ်နိုင်ငံလုံးက တိုင်းဒေသကြီးနှင့် ပြည်နယ် နေရာ ၃၀ မှာ ရုပ်ရှင်ပိတ်ကားပေါင်း ၆၀ ကျော်ကို တည်ဆောက်ပြီး ပြသနေတယ်။ တစ်နှစ်တစ်နှစ်ကို အနည်းဆုံး ရုပ်ရှင်ရုံ တစ်ဒါဇင်လောက် ထွက်လာအောင် ကြိုးစားလုပ်ကိုင်နေတယ်။ ထွက်လာတဲ့ ရုပ်ရှင်ရုံတွေကလည်း အရုပ်၊ အသံ၊ အလင်း ကောင်းသထက်ကောင်းအောင် ကမ္ဘာ့နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ပေါင်းစပ်လုပ်ကိုင်တယ်။ အဲဒီလိုပဲ ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် ဝန်ဆောင်မှု ကောင်းအောင်လည်း ဝန်ဆောင်မှုအကောင်းဆုံး ကျွန်တော်တို့ ဆောင်ရွက်ပေးနေပါတယ်။

ယနေ့ရုပ်ရှင်လောကအပေါ် ပြောမယ်ဆိုရင် ဇာတ်ကားထုတ်လုပ်မှုအင်အားတွေ အလွန်တရာ ကြီးမားကျယ်ပြန့် များပြားလာတယ်။ အပြိုင်အဆိုင် ကလည်း ပို၍ပြင်းထန်လာတယ်။ ဇာတ်ကားတွေ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင်ထုတ်လုပ်လာတဲ့အတွက် အရည်အသွေးကောင်းမှ၊ အရည်အသွေးမြင့်မှ လူထုကလည်း လာအားပေးမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ထုတ်လုပ်မှု တိုးတက်လာတဲ့အတွက် ရုပ်ရှင်လောကသားတွေ အလုပ်အကိုင်တွေ ရရှိပြီးတော့ အခုဆို ရိုက်ကူးရေး၊ စတူဒီယိုတွေမှာလည်း ပြည့်နေတယ်။ မင်းသား မင်းသမီးတွေကလည်းပဲ သူတို့ရဲ့ တစ်နှစ်လုံး ရိုက်ကူးရက်တွေ ပြည့်နေတယ်။ ရုပ်ရှင်ဖြန့်ချိမှုအပိုင်းနဲ့လည်း တစ်နိုင်ငံလုံးမှာ အရင်က ရုံတစ်ရာဆို၊ အခု ရုံနှစ်ရာ၊ ရုပ်ရှင်ရုံတွေ တဖြည်းဖြည်းနဲ့ များလာမှာ ဖြစ်လာတဲ့အတွက် သူ့ထက်ငါ ကောင်းအောင် လုပ်ကြတယ်၊ အရေအတွက်ကလည်း ပြိုင်ပြီးလုပ်တဲ့အတွက် မြန်ဆန်တယ်၊ များပြားစွာနဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်။ အဲဒီလိုဖြစ်လာတဲ့အခါကျတော့ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ဖို့ အခုမျက်မှောက်ကာလ လက်ရှိကြည့်လိုက်မယ်ဆိုရင် ရုပ်ရှင်ရွှေခေတ်တစ်ခေတ်ကို ရောက်ရှိနေတယ်လို့ မြင်လည်းမြင်နေရတယ်၊ ခံလည်း ခံစားမိတယ်။ ဒါဟာ အဖြစ်မှန်တစ်ခုကို တင်ပြခြင်းဖြစ် ပါတယ်။

မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အခု ၂၀၁၉ က အကြို ရာပြည့်၊ လာမယ့် ၂၀၂၀ မှာ ရုပ်ရှင်နှစ် (၁၀၀) ပြည့်၊ အဲဒီလိုမျိုး အခွင့်အရေး၊ အခွင့်အလမ်း ကြုံကြိုက်တယ်ဆိုတာက လူတစ်ယောက်ရဲ့ တစ်သက်မှာ တစ်ကြိမ်၊ အင်မတန် ကြုံတောင့်ကြုံခဲ အခွင့်အလမ်းကြီးဖြစ်တယ်။ အဲဒီပွဲကို မြန်မာ့ရုပ်ရှင်လောကသားများဟာနှစ် (၁၀၀) ပြည့်ပွဲတော် ကို စည်ကားသိုက်မြိုက်စွာ အောင်မြင်အောင် ကျင်းပနိုင်ဖို့ အတွက် ကြိုးစားအားထုတ်နေပါတယ်။ ဒီနှစ် (၁၀၀) ပြည့်ပွဲတော်မှာ ပြည်တွင်းဧည့်သည်များသာမက ပြည်ပက ဧည့်သည်များကိုလည်း ဖိတ်ကြားပြီး အကောင်းဆုံးသော တည်နေရာ၊ အကောင်းဆုံးသော အနေအထား၊ အကောင်းဆုံးသော အစီအစဉ်တွေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ချစ်တဲ့ပရိသတ်တွေ၊ ပြည်သူတွေကို မြန်မာ့ရုပ်ရှင်ရဲ့ တန်ဖိုး၊ မြန်မာ့ရုပ်ရှင်ရဲ့သမိုင်း၊ မြန်မာနိုင်ငံနဲ့ ယဉ်ကျေးမှု သမိုင်းအထွေထွေကို အစွမ်းကုန်ပြသဖို့၊ စီစဉ်ဆောင်ရွက် ပေးသွားဖို့ ရှိပါတယ်။

ဦးလွင်မိုး ( Paradiso Cinema ကုမ္ပဏီ ဥက္ကဋ္ဌ )

ရုပ်ရှင်ဇာတ်ကားတွေရဲ့အဓိကဝင်ငွေကတော့ ရုပ်ရှင်ရုံတွေပါပဲ။ ရုပ်ရှင်ကားတွေကို ဖန်တီးတဲ့သူရှိသလို ရုပ်ရှင် ရုံတွေကိုလည်း အဓိကဖန်တီးဖို့ လိုအပ်တာပဲ။ မြန်မာ နိုင်ငံမှာ ရုပ်ရှင်ရုံလိုအပ်ချက်ကတော့ အများကြီး ကျန်နေ သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၈၈ ခုနှစ်မှာ ရုပ်ရှင် ရုံပေါင်း ၄၀၀ ကျော်ရှိခဲ့ဖူးတာကိုး။ အဲဒီတုန်းက ရုပ်ရှင် ကားတွေက တစ်နှစ်ကို ကား ၇၀၊ ၈၀ လောက်ရှိတယ်။ ခုတော့ DCP ခေတ် ပြောင်းလဲလာတဲ့အခါ ရုပ်ရှင်ကား တွေက နှစ်စဉ် နှစ်စဉ် ၉၀ နဲ့ ၁၀၀ ပေါ့၊ လာမယ့်နှစ်ဆိုရင် ၁၃၀ လောက်ရှိသွားပြီ။ အဲဒီလိုရှိတဲ့အတွက် အဓိက ရုပ်ရှင် ရုံတွေ တိုးချဲ့ဖို့လိုအပ်လာတာပေါ့။ အခုဆိုရင် ရုပ်ရှင်ရုံ ၁၇၀ ၊ ပိတ်ကားပေါင်း၂၀၀ ဝန်းကျင်ပဲ ရှိသေးတဲ့အတွက် ရုပ်ရှင်ရုံတွေက အများကြီးလိုအပ်နေသလို ရုပ်ရှင်ကြည့်တဲ့ ပရိသတ်တွေကလည်း အများကြီးရှိနေတဲ့အတွက် ကျွန်တော်တို့ Paradiso Group ကနေပြီး ရုပ်ရှင်ရုံတည် ဆောက်ရေးကို ရွေးချယ်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

အဓိကက ရုပ်ရှင်ဆိုတာ ယဉ်ကျေးမှုတစ်ရပ်ပါပဲ။ မိသားစုတွေ အပန်းဖြေမယ့်နေရာတွေ၊ ရုပ်ရှင်ရုံရှိတဲ့အတွက် အဲဒီနေရာလေးက စည်စည်ကားကားလေးဖြစ်သွားမယ်၊ ပရိသတ်ကို အပန်းဖြေမှုလည်း ဖြစ်စေတယ်။ သူတို့ချစ်တဲ့ အနုပညာနဲ့ သူတို့ရဲ့ပင်ပန်းနွမ်းနယ်မှုတွေကို အဲဒါတွေက ဒီရုပ်ရှင်ရုံထဲမှာ ပြေပျောက်စေပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ ဇာတ်လမ်းတွေရဲ့ ဖွဲ့နွဲ့မှုတွေကလည်း ပရိသတ်ကို စွဲလမ်းပြီးတော့ ရှင်းရှင်းပြောမယ်ဆိုရင် ရုပ်ရှင်ရုံတွေက မိသားစုတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေ အပန်းဖြေစရာ နေရာလေးတစ်ခု ဖြစ်လာတာပေါ့။ ပြီးတော့ သုတရသလည်း ရစေပါတယ်။ ရုပ်ရှင်လောကဆိုတာ သုံးပိုင်းရှိတယ်၊ အနုပညာပိုင်း၊ နည်းပညာပိုင်း၊ စီးပွားရေးပိုင်းတွေ ပြောရမယ်။ ဒါမှသာ ရုပ်ရှင်လောကဆိုတာ ပြည့်စုံမှာ။

နည်းပညာအပြောင်းအလဲကြောင့်မို့ ရုပ်ရှင်လောက၊ ဗီဒီယိုလောကမှာ အခက်အခဲတွေ အများကြီးဖြစ်ခဲ့ဖူးတယ်။ အဓိကကတော့ နည်းပညာအပြောင်းအလဲကြောင့် ကျွန်တော်တို့နိုင်ငံမှာ ဗီဒီယိုဆိုတာ ပျောက်သွားတယ်။ ရုပ်ရှင်ဆိုတာကလည်း စိုးရိမ်စရာကောင်းတဲ့ အနေအထားကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်တွေနဲ့ လူမှုမီဒီယာတွေကနေပြီး လွယ်လင့်တကူ လူတွေကြည့်ရှုရနိုင်တဲ့ အနေအထားတစ်ခု ဖန်တီးလာတဲ့ အတွက် ဒါ ရုပ်ရှင်ကို ထိခိုက်စေတဲ့အကြောင်းတွေ ဖြစ်လာခဲ့တယ်။ သို့သော်လည်း ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းက နေစပြီး နိုင်ငံခြားမှာရှိတဲ့ ဟောလိဝုဒ်တို့၊ ဘောလိဝုဒ် တို့လိုမျိုး ရုပ်ရှင်ကုမ္ပဏီကြီးတွေကနေ ရုပ်ရှင်ရုံတွေမှာ ဒစ်ဂျစ်တယ်အဆင့်မြင့်တဲ့ နည်းပညာတွေ အစားထိုးပြီး တော့ ရုပ်ရှင်ကားတွေကို ရုပ်ရှင်ရုံမှာကြည့်တဲ့ အရသာကို ပြန်လည်ဖော်ဆောင်ခဲ့တဲ့အတွက် ဒီနေ့ ရုပ်ရှင်ရုံထဲမှာ ပရိသတ်အများ ရုပ်ရှင်ကားကို ပြန်ကြည့်တဲ့ ခေတ်သစ်နည်းပညာစနစ်နဲ့ ရုပ်ရှင်ပြန်လည်ထွန်းကားလာခဲ့တာပေါ့။

 

80244896_2455215634718930_5438779406900264960_o

 

အဲဒီလို ထွန်းကားလာတဲ့အချိန်မှာပဲ နောက်တစ်ခုက နည်းပညာဖြစ်လာပြီ။ နောက်တစ်ခု ဘာကျန်မလဲဆိုတော့ အနုပညာနဲ့ စီးပွားရေးအပိုင်း၊ အနုပညာအရည်အသွေး မြင့်ဖို့လိုသလို ရိုက်တဲ့ဇာတ်ကားတွေမှာလည်း စီးပွားရေး အောင်မြင်ဖို့လည်းလိုတယ်။ အဲဒီအပိုင်းတွေက အခု မြန်မာနိုင်ငံမှာရှိနေတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကနေ ဖော်ထုတ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ကျွန်တော်က (၇၅) နှစ် ပြည့် စိန်ရတုကို မီခဲ့တာပေါ့။ အဲဒီမှာ “သူတို့ခေတ်နဲ့ သူတို့အရွယ်” ဆိုတဲ့ အပိုင်းသုံးပိုင်း၊ ခေတ်သုံးခေတ်ကို ရိုက်ပြတဲ့ ရုပ်ရှင်ကားမှာ နောက်ဆုံးပိုင်းမှာ ကျွန်တော်ရယ်၊ ဒွေးရယ်၊ ထက်ထက်မိုးဦးရယ် ပါခဲ့ကြတာ။ ဒါလွန်ခဲ့တဲ့ ၂၅ နှစ်က ဖြစ်သွားပါပြီ။ အခု နှစ် (၁၀၀) ပြည့်ပေါ့။ ရာပြည့်ကို ရောက်လာပြီဆိုတော့ ရုပ်ရှင်သမိုင်းကြောင်းက တော်တော်ကြီးမားလာပြီး တော်တော်လေးကို ခမ်းခမ်းနားနားရှိခဲ့တာပေါ့။ အခု ရုပ်ရှင် နှစ်(၁၀၀)ပြည့် ရောက်လာပြီဖြစ်တဲ့အတွက် တော်တော်လေးကို စိတ်လှုပ်ရှားစရာကောင်းပြီး ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေနဲ့ ရုပ်ရှင်အဖွဲ့အစည်း ဒီထက်ပိုပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ ပြခန်းတွေ၊ ရာပြည့် အခမ်းအနားတွေ ကျင်းပဖို့ လိုအပ်ပါတယ်။ စည်စည်ကားကားဖြစ်အောင်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

အဓိကက Paradiso အနေနဲ့ ရုပ်ရှင်ရုံမရှိတဲ့ နေရာ တွေမှာ ရုပ်ရှင်ရုံတွေ ဆောက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ရုပ်ရှင်ကြည့်တဲ့ပရိသတ်တွေက မြို့ရယ်၊ နယ်ရယ်၊ တောရယ် မရှိပါဘူး။ နယ်တွေက မြန်မာ့ရုပ်ရှင်ကို ပိုပြီး အားပေးကြတယ်။ ရုပ်ရှင်ရုံတွေကို နယ်မှာ ဆောက်တဲ့ အချိန်မှာ နယ်ကသူတွေ ကြည့်နိုင်တဲ့နှုန်းထားလည်း ဖြစ်ရမယ်။ နောက်ပြီး အဆင့်မြင့်တဲ့နည်းပညာလည်း ပါရမယ်။ ရင်းနှီးထားတဲ့ အကျိုးအမြတ်ကလည်း ကျွန်တော်တို့ ပြန်လည်ရရှိဖို့ လိုအပ်တယ်။ ဒီအချက်သုံးချက်နဲ့ တစိုက်မတ်မတ် ကြိုးစားခဲ့တာပါ။ ကြိုးစားတဲ့နေရာမှာ အကြီးမားဆုံးအခက်အခဲက ငွေရေးကြေးရေးကဏ္ဍပါ။ ငွေရေးကြေးရေးကဏ္ဍက ၂၀၁၆ ခုနှစ်မှာ ကျွန်တော်တို့က ကမ္ဘောဇဘဏ်နဲ့ ငွေရေးကြေးရေးထောက်ပံ့ဖို့ အကူအညီရခဲ့တဲ့အတွက် ဒီလုပ်ငန်းတွေဟာ ဆက်လက်လုပ်ကိုင်ဖြစ်သွားတာပါ။ လက်ရှိပြသနေတာ ရုပ်ရှင်ရုံက မြို့ပေါင်း ၂၅ မြို့ပေါ်မှာ ရုပ်ရှင်ရုံပေါင်း ၃၀ နီးပါး ပြသနေပြီဖြစ်ပါတယ်။ နောက်ထပ်လည်း မြို့ ၁၀ မြို့လောက် ရုပ်ရှင်ရုံဆောက်ဖို့ ကျန်ပါသေးတယ်။ ဒီနှစ်ထဲမှာတော့ ၂၀၂၀ သင်္ကြန်မတိုင်ခင်မှာ ရုံပေါင်း ၄၀ ၊ ၄၅ ရုံ ဝန်းကျင်လောက် ပြီးအောင်တည်ဆောက်သွားမှာပါ။

တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဓာတ်ပုံ - ဇော်မင်းလတ်

ဆက်လက်ဖော်ပြပါမည်