ဒီမိုကရေစီရေး ညီညွတ်ရေး ငြိမ်းချမ်းရေး

ညီညွတ်ရေးနှင့် ပြည်သူလူထုကို မယုံကြည်ဘဲ နိုင်ငံရေးလုပ်လို့မရ။ 

မြန်မာနိုင်ငံ၏ လွတ်လပ်ရေး တိုက်ပွဲဝင်ကာလ၊ လွတ်လပ်ရေးကာလ၊ ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေး ကောင်စီ တစ်ပါတီ အာဏာရှင်ခေတ်၊ တပ်မတော်အာဏာသိမ်း အစိုးရခေတ်၊ ဒီမိုကရေစီတစ်ပိုင်း တစ်စခေတ်၊ ပြည်သူ့အစိုးရခေတ် အစရှိသော ခေတ်အသီးသီးကို ဖြတ်သန်းခဲ့ကြရာ၌ ပြည်သူလူထုအတွက် အထိခိုက် အနစ်နာရဆုံး ဖြစ်ရသည့် အဓိကအကြောင်းရင်းတစ်ခုမှာ ညီညွတ်ရေးပြဿနာဟု မြင်ပါသည်။

ယုံကြည်မှုအတူတူ၊ ခံစားရမှုအတူတူ ရင်ဆိုင်တိုက်ပွဲဝင်ရပုံချင်း အတူတူနှင့် ဘက်တစ်ဖက်တည်းတွင် ရပ်တည်မှု အတူတူနေကြသူများကြားထဲမှာပင် ညီညွတ်ရေးမရနိုင်၊ မရခဲ့ကြသည့်အတွက် ဆုံးရှုံး ကြေကွဲစရာများက ခါးသီးရုပ်ဆိုးလှသော သမိုင်းစာမျက်နှာများပါပေ။ 

ထိုသို့သော မညီညွတ်မှုများကြောင့် ကြုံဆုံခဲ့ရသည့် သင်ခန်းစာများ ကလည်း ဒုနှင့်ဒေး ဖြစ်ခဲ့ပြီ။

အောက်မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီလက်အောက် ကျရောက်ရသည့်အချိန်က စတင်ရေတွက်လျှင် နှစ်တစ်ရာကျော် ခံစားခဲ့ကြရသည့်နိုင်ငံသည် အညီညွတ်ဆုံး၊ ညီညွတ်ရေးတည်ဆောက်နိုင်ဆုံးအချိန်တွင် အင်အားအရှိဆုံး လွတ်လပ်ရေး အပြီးသတ်တိုက်ပွဲကို ဆင်နွှဲနိုင်ခဲ့သည် မဟုတ်ပါလား။

ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ဗမာ့တပ်မတော်တို့၏ ညီညွတ်မှုနှင့်အတူ ပြည်သူလူထု၏ အားပေးထောက်ခံ ပူးပေါင်းပါဝင် တိုက်ပွဲဝင်ခဲ့မှုက မြန်မာ့လွတ်လပ်ရေး အောင်ပန်းကို ဆွတ်ခူးလိုက်နိုင်သည့် အကြီးမားဆုံး အရှိန်အဟုန်ကြီးဆုံး မဟာအင်အားကြီး ဖြစ်ပါသည်။ ညီညွတ်မှုနှင့် ပြည်သူ့အင်အားက အဆုံးအဖြတ် ဖြစ်ခဲ့သည်။

နိုင်ငံရေးဆိုသည်မှာ မည်မျှပင် ဦးနှောက်နှင့် စဉ်းစားချင့်ချိန်မှုများဖြင့် လုပ်ရသည်ဟုဆိုစေကာမူ နိုင်ငံသူ နိုင်ငံသားတို့၏ နှလုံးသားမှာ အခြေတည်သော ဆန္ဒ၊ သဘောထား၊ ခံစားချက်၊ အပူအပင်၊ မျှော်လင့် ချက် အစရှိသည်တို့အပေါ်မှာ အလေးအနက် မထားလို့မရ။ နိုင်ငံရေး ခေါင်းဆောင်တို့၏ စဉ်းစားချင့်ချိန်Óဏ် တစ်ခုတည်းသက်သက်ဖြင့် ဆောင်ရွက်အကောင်အထည်ဖော်လို့မရနိုင်ဟု မြင်ပါသည်။

နိုင်ငံရေးလုပ်သည်ဆိုသည်မှာ ပြည်သူလူထုအကျိုးကို အမှန်တကယ် စေတနာထားဖို့လိုသည်။ ပြီးတော့ ပြည်သူလူထုအပေါ်မှာ အမှန်တကယ်ယုံကြည်ဖို့လိုသည်။ ပြည်သူလူထု၏ ခံစားချက်ကို အမှန်တကယ် နားလည် ဖို့လိုသည်။ ပြည်သူလူထု၏ စိတ်ရင်းနှင့်ဆန္ဒကို အမှန်တကယ်သဘော ပေါက်ဖို့လိုသည်။

နိုင်ငံတစ်ခု၏ ဒီမိုကရေစီအခြေကျခိုင်မာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်နေသည့် ကာလကို ဖြတ်သန်းချိန်မှာ ပြည်သူလူထု၏ အင်အားနှင့် ပူးပေါင်းပါဝင်မှုက အဓိကအကျဆုံး လိုအပ်ချက်ဖြစ်ပါသည်။

အဆိုပါ လူထုထောက်ခံမှုနှင့် အင်အားရရှိရေးအတွက် လူထုခံစားချက်နှင့် လူထု၏သဘောဆန္ဒကို မှန်မှန်ကန်ကန် နားလည်ကြရန် လိုပါမည်။

ယနေ့ ပြည်သူလူထု၏ အပြင်းပြဆုံးဆန္ဒက ငြိမ်းချမ်းရေးနှင့် နေ့စဉ်လူမှုဘဝများ ပြေလည်ချောမွေ့လုံခြုံရေး။ ယနေ့ပြည်သူလူထု အမျှော်လင့်ဆုံးက တိုင်းရင်းသားများ နိုင်ငံရေးအင်အားစုများကြားက ညီညွတ်ရေး။

ဒီမိုကရေစီရေး ညီညွတ်ရေး ငြိမ်းချမ်းရေး ပန်းတိုင်သို့ အမြန်ဆုံး ရောက်နိုင်ပါစေသတည်း။ ။(မြန်မာ့အလင်း)