ဒီမိုကရေစီခေတ် သတင်းမီဒီယာကောင်စီ

နေပြည်တော် ၁၁ နိုဝင်ဘာ

 

ယနေ့ ၁၀ နိုဝင်ဘာ ၂၀၁၈ နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၏ တာဝန်လွှဲပြောင်းခြင်းအခမ်းအနားကို ရန်ကုန်မြို့ ကုန်သည်လမ်းပေါ်ရှိ သတင်းမီဒီယာကောင်စီရုံးခန်းသစ်၌ ကျင်းပခဲ့သည်။ ဤသို့ဖြင့်သက်တမ်းသစ်တစ်ခုအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအသစ် တစ်ခု တင်မြှောက်ဖွဲ့စည်းခဲ့ပြီ ဖြစ်ပါသည်။

 

ဤကောင်စီသည် ဒီမိုကရေစီခေတ်ကူးပြောင်းရန် အစအဦးပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကိုယ်စားလှယ်အများစု ပါဝင်ဖွဲ့စည်းသော ပြည်သူ့အစိုးရခေတ်ကို ကူးပြောင်းလာသည့်အခါ စာနယ်ဇင်းလောကသားတို့ ပိုမိုမျှော်လင့်အားထားကြသည့် သတင်းမီဒီယာကောင်စီဖြစ်ပါသည်။

 

ယခုကာလ မြန်မာနိုင်ငံက ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် သာမက စီးပွားရေးပြန်လည်ထူထောင် တိုးတက်နိုင်ရေး၊ နှစ်ပေါင်းများစွာနိမ့်ကျနေခဲ့သည့်နိုင်ငံ၏ အထွေထွေအကျပ်အတည်းများ ပြေလည်ရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ခိုင်မာမြင့်မားရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး၊ နိုင်ငံသားများ၊ တိုင်းရင်းသားများ၏တန်းတူညီမျှအခွင့်အရေး အမှန်တကယ်ရရှိရေး စသည့် လုပ်ငန်းပေါင်းများစွာ၊ ပြဿနာပေါင်းများစွာ၊ အရှုပ်အထွေးများစွာတို့ကို ကိုင်တွယ်ဖြေရှင်းနေရချိန်ဖြစ်ပါသည်။

 

ယင်းကဲ့သို့သော ပြဿနာပေါင်းများစွာ၊ အရှုပ်အထွေးများစွာတို့ကို ကိုင်တွယ်ဖြေရှင်းနေရချိန်တွင် နိုင်ငံတွင်း၏ စာနယ်ဇင်းမီဒီယာများ၏အခန်းကဏ္ဍသည်လည်း လွန်စွာအရေးပါနေမည် ဖြစ်ပါသည်။ ထို့အတူ ဒီမိုကရေစီတိုးတက်ရေးနှင့် အတူတွဲလျက်ရှိသည့် စာနယ်ဇင်းမီဒီယာ လွတ်လပ်ခွင့် တိုးတက်မြင့်မားရေး၊ စာနယ်ဇင်းများ မီဒီယာများက တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် အင်အားရှိရှိ ဆောင်ရွက်နိုင်ရေးတို့သည်လည်း အရေးကြီးသည်မှာ အမှန်ဖြစ်ပါသည်။ သည်ကဲ့သို့သော အရေးကြီးမှု တာဝန်ကြီးမှုများကြားတွင် စာနယ်ဇင်းများ မီဒီယာများ၏ ရင့်ကျက်တည်ငြိမ်မှု၊ စွမ်းဆောင်ရည် တိုးမြင့်မှု၊ ကျင့်ဝတ်သိက္ခာရှိမှု၊ ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိမှုတို့သည်လည်း မီဒီယာတို့၏ လွတ်လပ်ခွင့်နှင့်အတူ အရေးပါနေမည်ဟု ယူဆပါသည်။

 

ဤနေရာတွင် နိုင်ငံတည်ထောင်ရေး မဏ္ဍိုင်ကြီးတစ်ခုအဖြစ် တည်ရှိနေသည့် စာနယ်ဇင်းနှင့် မီဒီယာတို့၏ လုပ်ငန်းပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ၎င်းတို့၏ လွတ်လပ်မှုအတွက် အကာအကွယ်ပေးနိုင်သည့် အားကိုးလောက်သော သတင်းမီဒီယာကောင်စီအဖြစ် ပြည်သူတို့က မျှော်လင့်ကြပါသည်။

 

ဤကဲ့သို့သော ပိုမိုထိရောက် အားကိုးလောက်သည့် မီဒီယာကောင်စီတစ်ခု ဖြစ်ရန်အတွက် မီဒီယာကောင်စီဆိုင်ရာ ဥပဒေများ တိုးချဲ့ ပြဋ္ဌာန်းရန် လိုအပ်သည်များ ရှိနေလိမ့်မည်ဟု ထင်မြင်ပါသည်။ ယင်းသို့သောခိုင်မာသည့် မီဒီယာကောင်စီဥပဒေနှင့်အတူ ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာ စသည့် အားလုံးသော မဏ္ဍိုင် အသီးသီးတို့ကလည်း မိမိတို့ ဆိုင်ရာဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူမှု တာဝန်ခံမှုတို့ဖြင့်သာ နိုင်ငံတော်က ဖြေရှင်းရမည့် အခက်အခဲအကျပ်အတည်းများ ထူထောင်ရမည့်လုပ်ငန်းရပ်များကိုဝိုင်းဝန်း ထူထောင် ဆောင်ရွက်နိုင်ကြမည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း။ ။

 

မြန်မာ့အလင်း