ဒီမိုကရေစီခေါင်းစဉ်တပ်၍ ခွဲခြားဆက်ဆံမှုကိုလက်မခံ

 

 

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို တည့်မတ်မှန်ကန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နေသော နိုင်ငံဖြစ်သည်။ စစ်မှန်၍  စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ဦးတည်ချမှတ် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆောင်ရွက်နေသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီစနစ်ကို စနစ်တကျဆောင်ရွက်နေသော အချိန်တွင် ဒီမိုကရေစီ စံနှုန်းများနှင့် ကျင့်ဝတ်များကို အလေးထား လိုက်နာအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီစံနှုန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ အခွင့်အရေးများကို မည်မျှရရှိသည်၊ မရရှိသည်ကို မြန်မာနိုင်ငံတွင်နေထိုင်သော နိုင်ငံသားများသာ အသိဆုံးဖြစ်သည်။ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့အကူအညီ ဖြည့်ဆည်းပေးမှုများကို တစ်ဦးချင်းအလိုက်သာမက လိုအပ်နေသည့် လူ့အသိုက်အဝန်းများတွင်ပါ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေသည်ကို မြေပြင်တွင် လေ့လာကြည့်လျှင် အထင်အရှား တွေ့မြင်နိုင်မည်ဖြစ်သည်။

 

သို့သော် လူကုန်ကူးမှုနှင့်ပတ်သက်၍ နိုင်ငံခြားအစိုးရများ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် အမေရိကန်သမ္မတ၏ အဆုံးအဖြတ် ကြေညာချက်ကို အမေရိကန်သမ္မတအိမ်ဖြူတော်က အောက်တိုဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်များကိုကြည့်လျှင် စိတ်ပျက်ဖွယ်ရာများ တွေ့ရမည်ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံ၏ ပြဋ္ဌာန်းထားသည့် အနိမ့်ဆုံးစံနှုန်းများအတိုင်း (သို့မဟုတ်) စံနှုန်းများနှင့် လိုက်လျောညီထွေဖြစ်စေရန် ကြိုးပမ်းအားထုတ်မှု အနည်းဆုံးနိုင်ငံများအဖြစ် အာဖဂန်နစ္စတန်၊ မြန်မာ၊ ဂင်းနီဗစ်ဆော၊ အီရန်၊ တရုတ်နှင့် တောင်ဆူဒန်စသည့်နိုင်ငံများအား သတ်မှတ်ထားသည်ကိုတွေ့ရသည်။ အဆိုပါ နိုင်ငံများအား အမေရိကန်နိုင်ငံက ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ကုန်သွယ်ရေးဆိုင်ရာမဟုတ်သော အကူအညီများ ပေးအပ်မည်မဟုတ်ကြောင်း သိရှိရသည်။

 

ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် လူကုန်ကူးမှု အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံအား လူကုန်ကူးမှုနှင့် ပတ်သက်၍လည်း အနိမ့်ဆုံးစံချိန်စံညွှန်းများကိုပင် မပြည့်မီဘဲ အထူးကြိုးပမ်းမှုမရှိသည့် နိုင်ငံများစာရင်းတွင် အပြောင်းအလဲမရှိ ဖော်ပြထားသည်ကိုတွေ့ရသည်။ ထိုဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ကုန်သွယ်ရေးဆိုင်ရာမဟုတ်သော အကူအညီများ ပေးအပ်မည် မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။ အမေရိကန်နိုင်ငံ၏ အစီရင်ခံစာတွင် သတ်မှတ်ထားသည့် အနိမ့်ဆုံးစံနှုန်းများကို လိုက်နာ၍ သက်ဆိုင်ရာအစိုးရများက ကြိုးပမ်းအားထုတ်မှု ပြုလုပ်သည့်အချိန်အထိ ယင်းနိုင်ငံများ၏ တာဝန်များ (သို့မဟုတ်) ဝန်ထမ်းများ၏ ပညာရေးနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း အစီအစဉ်များတွင် ပါဝင်ခြင်းအတွက်ရန်ပုံငွေ ထောက်ပံ့မှုများ ပြုလုပ်ပေးမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

 

အမေရိကန်နိုင်ငံသည် ၎င်း၏မဟာမိတ်နိုင်ငံများ၊ ထောက်ခံအားပေးသူများနှင့် အကျိုးအမြတ် ရရှိစေသည့်နိုင်ငံများနှင့် ပတ်သက်၍ လူကုန်ကူးမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေပါသော်လည်း ၎င်းတို့သတ်မှတ်ထားသည့် အဆိုးရွားဆုံးစာရင်းတွင် ထည့်သွင်းဖော်ပြလေ့မရှိဘဲ အမေရိကန်နိုင်ငံနှင့် မဟာမိတ်မဟုတ်သော၊ ထောက်ခံအားပေးသောနိုင်ငံ (သို့မဟုတ်) လက်ဝေခံမဟုတ်သည့် နိုင်ငံများနှင့် အကျိုးစီးပွားဖက်မဟုတ်သော၊ အကျိုးအမြတ် မရရှိသောနိုင်ငံများကိုမူ ဒီမိုကရေစီခေါင်းစဉ်တပ်၍ လူ့အခွင့်အရေးအကြောင်းပြပြီး ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်ပါလျက် ဒီမိုကရေစီကို အကြောင်းပြ၍ ဘက်မတူသည့်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နှောင့်ယှက်နေခြင်းသာဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ပြည်သူများလိုလားသည့် ဒီမိုကရေစီနစ်ကို စနစ်တကျ အကောင်အထည်ဖော်လျက်ရှိပြီး ဒီမိုကရေစီ စံနှုန်းများနှင့်အညီ လူ့အခွင့်အရေးဆိုင်ရာများကို အလေးထား ဆောင်ရွက်လျက်ရှိရာ ပကတိအမှန်တရားများကို မျက်ကွယ်ပြုပြီး အလိုမကျသည့် နိုင်ငံများအပေါ် ဒီမိုကရေစီကို အကြောင်းပြ၍ စွက်ဖက်နှောင့်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပါကြောင်း။

 

ကြေးမုံ