ဒီမိုကရေစီ သို့မဟုတ် ကောင်းမွန်သောနိုင်ငံရေးစနစ်

 

ပိုက်တင်

 

ဒီမိုကရေစီစနစ်ဟာ အင်မတန်ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်ဆိုတာ အထူးတလည်ပြောနေစရာမလိုတဲ့ အမှန်တရားတစ်ရပ်ပါ။  ဒီလိုကောင်းမွန်တာကြောင့်လည်း ကမ္ဘာ့နိုင်ငံအများအပြားမှာ နိုင်ငံ သားတွေရဲ့ဆန္ဒနဲ့ ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာအောင်  တည်ဆောက်နေတဲ့ နိုင်ငံတွေရှိနေရတာဖြစ်ပြီးတော့ ဒီမိုကရေစီစနစ်ကို  ကိုယ့်တိုင်းပြည်ရဲ့  နိုင်ငံရေး ယဉ်ကျေးမှုနဲ့ အပ်စပ်သင့်တော်အောင် စနစ်တကျကျင့်သုံးနိုင်တဲ့ နိုင်ငံတိုင်းဟာလည်း ဖွံ့ဖြိုးတိုးတက် ပြီးတော့ ငြိမ်းချမ်းသာယာနေကြတာဖြစ်ပါတယ်။

 

ကေသရာဇာခြင်္သေ့မင်းတို့ရဲ့အဆီဟာ  သိင်္ဂီရွှေခွက်နဲ့သာ  ထိုက်တန်တယ်ဆိုတဲ့စကား  ကြားဖူးကြပါလိမ့်မယ်။ အဓိပ္ပာယ်ကတော့ အင်မတန်ကောင်းမွန်ပြီး  အဖိုးထိုက်အဖိုးတန်ဖြစ်တဲ့  တစ်စုံတစ်ရာကို  ထည့်သွင်း သိမ်းဆည်းဖို့အတွက် သူနဲ့အပ်စပ် သင့်တင့်လျောက်ပတ် လိုက်ဖက်ညီတဲ့ ထည့်စရာသိမ်းစရာ နေရာတစ်ခုကိုသာ အသုံးပြုရမယ်ဆိုတဲ့သဘောပါပဲ။ ဒီမိုကရေစီဆိုတာဟာ ကေသရာဇာ ခြင်္သေ့မင်းတို့ရဲ့အဆီလို့  သဘောထား မယ်ဆိုရင်တော့ နိုင်ငံသားတွေဆိုတာဟာ  သိင်္ဂီရွှေခွက်ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုးလာပြီးတော့  နိုင်ငံတော်နဲ့  နိုင်ငံသားတွေရဲ့  လူမှုဘဝတွေ  တဖြည်းဖြည်းတိုးတက် ကောင်းမွန်လာရေး၊  လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့  လောကပါလတရားတွေ ထာဝရရှင်သန်တည်တံ့နိုင်ရေးအတွက်ဆိုရင် ဒီမိုကရေစီစနစ်ကို  ကောင်းစွာပြုစု ပျိုးထောင်နိုင်တဲ့၊ ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့  နိုင်ငံသားတွေဖြစ်ကြဖို့ နည်းမှန်လမ်းမှန်နဲ့ စဉ်ဆက်မပြတ် လေ့ကျင့်လုပ်ကိုင်နေကြရမယ်ဆိုတာကို နိုင်ငံသားတိုင်းက ကောင်းစွာ နှလုံးသွင်းနိုင်ကြပြီဆိုတာနဲ့ ဒီမိုကရေစီ စနစ်ဆိုတာဟာ တစ်နေ့တခြား  ရင့်သန်တိုးတက် ဖွံ့ဖြိုးလာမှာ မုချဖြစ်ပါတယ်။

 

ဒီမိုကရေစီစနစ်ဆိုတာ အင်မတန်ကောင်းမွန်သလောက် အင်မတန်မှလည်း ခဲရာခဲဆစ်ထူထောင် ယူရတယ် ဆိုတာကိုလည်း  နိုင်ငံသားတွေအနေနဲ့ ကောင်းစွာသိရှိနားလည်ကြဖို့  လိုအပ်ပါလိမ့်မယ်။ တော်တော်တန်တန် အားထုတ်မှုလောက်နဲ့၊ တော်ရုံ တန်ရုံ  ရယူပိုင်ဆိုင်ချင်တဲ့ စိတ်ဆန္ဒလောက်နဲ့တော့ ဘယ်နိုင်ငံမှာမှ  လွယ်လင့်တကူဖြစ်တည်မလာခဲ့ဖူးတဲ့ ဒီမိုကရေစီစနစ်ကို နိုင်ငံတစ်နိုင်ငံမှာ  နေ့ချင်းညချင်း အခိုင်အမာ ပေါ်ထွန်းဖြစ်တည်လာဖို့ မျှော်လင့်လို့မဖြစ်နိုင်ပါဘူး။  အကောင်းဆုံးဆိုတဲ့ ဘယ်အရာကိုမှ  လွယ်လင့်တကူ ရယူပိုင်ဆိုင်လို့ ရနိုင်တယ်ဆိုတာဟာ လောကမှာမရှိနိုင်ပါဘူး။ ဒီမိုကရေစီစနစ်ဆိုတာဟာ အမှန်တကယ် ဖြစ်ထွန်းလာတဲ့အခါ နိုင်ငံတစ်ခုကို လောကနိဗ္ဗာန်တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်တာ အမှန်ဖြစ်သလို အဲဒီလိုဖြစ်ထွန်းလာဖို့ဆိုရင်လည်း နိုင်ငံသားအားလုံးက စိတ်ကူးယဉ်သက်သက် လိုချင်တပ်မက် မှုမျိုးမဟုတ်ဘဲ  လုံလောက်တဲ့  ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ နည်းမှန်လမ်းမှန် ကြိုးပမ်းအားထုတ်နိုင်ကြမှသာ အမှန်တကယ်ဖြစ်ထွန်းလာမယ်ဆိုတာကို သတိ ချပ်ကြဖို့ဖြစ်ပါတယ်။

 

အမေရိကန်ပြည်ထောင်စုလို ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးလို့ ပြောစမှတ်ရှိတဲ့ နိုင်ငံရဲ့ဒီမိုကရေစီစနစ် ဟာ  ၁၇၈၉ ခုနှစ် ဂျော့ဝါရှင်တန်သမ္မတအဖြစ် စတင်တာဝန်ယူချိန်က  စတင်တွက်ချက်မယ်ဆိုရင်  နှစ်ပေါင်းနှစ်ရာကျော်လောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။  ဒီမိုကရေစီစနစ်ဟာ  အတော်ကြီးအသားကျ နေပြီဖြစ်သလို နိုင်ငံသားတွေဟာလည်း  ဒီမိုကရေစီစနစ်ရဲ့ ကောင်းကျိုးချမ်းသာတွေကို ခံစားစံစား နေကြရပြီဖြစ်ပေမယ်လို့  ဒီကနေ့အချိန်အထိ အခက်အခဲတွေ၊  စိန်ခေါ်မှုတွေနဲ့  ရင်ဆိုင်နေရတုန်း ဆိုတာတွေ့ရပါတယ်။  ဥပမာအားဖြင့်  သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ နိုင်ငံရဲ့စီးပွားရေး၊ နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွေမှာ ကမောက်ကမတွေ ကြုံတွေ့ခဲ့ကြရတာကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာ ဒီကနေ့အချိန် အထိဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို  လွယ်လင့် တကူထူထောင်ပြီး ခုရေတွင်းတူး  ခုရေကြည် သောက်ချင်လို့  ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာကိုလည်း  မဖြစ်မနေကောင်းစွာ နားလည်သဘောပေါက် ကြဖို့ ဖြစ်ပါတယ်။

 

တစ်နည်းအားဖြင့်ဆိုရရင် ဒီမိုကရေစီဆိုတာ အင်မတန်ကောင်းမွန်တဲ့  နိုင်ငံရေးစနစ်ဖြစ်သလောက်  အင်မတန်မှလည်း ထူထောင်ဖို့ခက်ခဲတယ်ဆိုတာရယ်၊ ရေရှည်တည်တံ့ဖို့လည်း တော်ရုံနဲ့ မဖြစ်နိုင်ဘူး ဆိုတာရယ်ကို နိုင်ငံသားတွေအားလုံးက ကောင်းစွာနားလည်သဘောပေါက်ကြပြီးတော့ ဒီမိုကရေစီနဲ့ အံဝင်ခွင်ကျရှိတဲ့ နိုင်ငံရေးယဉ်ကျေးမှု ဖြစ်တည်လာဖို့ တစ်နည်းအားဖြင့် ကေသရာဇာ ခြင်္သေ့မင်းတို့ရဲ့ အဆီနဲ့ထိုက်တန်တဲ့ သိင်္ဂီရွှေခွက် ဖြစ်နိုင်ဖို့ လိုအပ်ပါတယ်။

 

အောက်မှာဖော်ပြထားတဲ့ အချက်အလက်တချို့ကို စေ့ငုကြပြီးတော့ ဒီအချက်အလက်တွေဟာ မှန်ကန်သင့်မြတ်တယ်၊ နိုင်ငံသားတိုင်းက လက်ခံကျင့်သုံးဖို့ မဖြစ်မနေလိုအပ်တယ်ဆိုတာကို လက်ခံ နိုင်ကြပြီဆိုတာနဲ့ ဒီမိုကရေစီခရီးဟာ အများကြီး ပန်းတိုင်နားကို အလျင်အမြန်နီးကပ်သွားမယ်လို့ ပြောချင်ပါတယ်။

 

Inclusiveness

 

ဒီမိုကရေစီစနစ်ဆိုတာ နိုင်ငံသားအားလုံးကို ကောင်းစွာကိုယ်စားပြုပြီးတော့ နိုင်ငံသားအားလုံး တန်းတူညီမျှ ပါဝင်နိုင်တဲ့အခြေအနေတစ်ရပ် မရှိဘဲနဲ့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီစနစ်ဆိုတာ ထောက်ခံမှုများသူက အစိုးရလုပ်ကြေးဆိုတဲ့အချက်ဟာ မှန်ကန်ပေမယ့် ဒီတစ်ချက်တည်းနဲ့ အရာခပ်သိမ်းဟာ ပြီးပြည့်စုံပြီလို့ အတွေးတိမ်တိမ် အသိတိမ်တိမ်နဲ့ ယူဆနေကြသရွေ့ ဖြစ်လာဖို့ အင်မတန်မှခဲယဉ်းပါလိမ့်မယ်။ နိုင်ငံသားအားလုံး ဟာ နိုင်ငံတော်ကိုပိုင်ဆိုင်ကြတဲ့ အကျိုးဆိုင်သူတွေ ဖြစ်ပါတယ်။ အားလုံးရဲ့ စိတ်ဆန္ဒတွေ၊ လိုလား ချက်တွေ၊ အခွင့်အရေးတွေကို အတတ်နိုင်ဆုံးခြုံငုံမိ ဖို့အားလုံးကို ပါဝင်ခွင့်ပေးနိုင်မှသာ၊ လူနည်းစုပင် ဖြစ်ပါစေ လူတိုင်းရဲ့မျှော်လင့်ချက် ယုံကြည်ချက် တိုင်းကို အလေးထားပြီး အကောင်အထည်ဖော်နိုင်ဖို့ မပျက်ကွက်ကြမှသာ ဖြစ်လာနိုင်ပါတယ်။ အားလုံး ပါဝင်ခွင့်ဆိုတဲ့အခြေအနေကို အတတ်နိုင်ဆုံးဖန်တီး ကြဖို့၊ ချဲ့ထွင်ပေးကြဖို့ လက်ခံနိုင်ကြမှသာ ဒီမို ကရေစီဆိုတာ ဖြစ်နိုင်ပါတယ်။

 

Justice

 

တရားမျှတခြင်းဆိုတာဟာ ဥပဒေများက ပြဋ္ဌာန်းပေးတဲ့အပိုင်းနဲ့ နိုင်ငံသားတွေရဲ့ စိတ်ဓာတ်ထဲမှာ ကိန်းအောင်းဖြစ်တည်နေတဲ့အပိုင်းရယ်လို့ နှစ်ပိုင်းရှိပါတယ်။ ဥပဒေတွေကို တရားမျှတခြင်းနဲ့ ပတ်သက်ရင် အကောင်းဆုံးအခြေအနေကို မရောက်ရောက်အောင် တဖြည်းဖြည်းပြုပြင်မွမ်းမံ ပြဋ္ဌာန်းပေးဖို့ လိုအပ်ပါတယ်။ ခေတ်ကာလ အခြေ အနေအချိန်အခါအလိုက် တရားမျှတခြင်းကို ထင်ဟပ်နိုင်တဲ့ ဥပဒေတွေဖြစ်နေဖို့ကို မျက်ခြည် မပြတ်ဆောင်ရွက်နေကြဖို့ လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း ဥပဒေတွေက ဘယ်လောက်ပင် အကောင်းဆုံးအခြေအနေကို တည်ဆောက်ပေး ထားသော်ငြားလည်း နိုင်ငံသားတို့ရဲ့ အသိစိတ်ဓာတ် မှာက အတ္တဖုံးလွှမ်းနေမယ်၊ အသာစီးရလိုမှု လွန်ကဲနေမယ်၊ စာနာစိတ်တွေ ကင်းမဲ့နေမယ်၊ အနိုင်ယူ လိုမှုတွေ လွန်ကဲနေမယ်ဆိုရင် လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုဟာ အမှန်တကယ်ဖြစ်တည် လာဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ တရားမျှတမှုဟာ လူ့အဖွဲ့အစည်းကို တဖြည်းဖြည်းလွှမ်းမိုးလာတာနဲ့ အမျှ ဒီမိုကရေစီစနစ်ဆိုတာလည်း သေချာပေါက် တဖြည်းဖြည်း ပုံပေါ်ဖြစ်တည်လာတဲ့သဘောရှိပါ တယ်။ တရားမျှတခြင်းကို ကောင်းစွာအခြေခံမှသာ လျှင် တန်းတူညီမျှခြင်းဆိုတဲ့ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ နိုင်ငံသားတိုင်းမဖြစ်မနေရရှိ ခံစားရမယ့် အခွင့်အရေးဟာဖြစ်တည်လာနိုင်မှာ ဖြစ်ပြီးတော့ ရေရှည်ငြိမ်းချမ်း သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွန်းလာဖို့ မျှော်လင့် နိုင်ကြပါလိမ့်မယ်။

 

cooperation

 

ဒီမိုကရေစီဆိုတာ မတူကွဲပြားမှုတွေ လှပစွာပေါင်းစည်းညီညွတ်ခြင်းရယ်လို့ တစ်နည်းတစ်လမ်းအားဖြင့် အဓိပ္ပာယ်ရှိပါတယ်။ ဒီမိုကရေစီဆိုတာ တစ်ပါတီလွှမ်းမိုးတဲ့စနစ် မဟုတ်ပါဘူး။ ပါတီတိုင်းဟာ ရပ်တည်ခွင့်ရှိပါတယ်။ ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ အုပ်ချုပ်ခွင့်ရှိပါတယ်။ မတူကွဲပြားတဲ့ ယုံကြည်ချက်တွေ၊ စည်းမျဉ်းတွေ၊ မူဝါဒတွေရှိကြလို့ပဲ ပါတီတွေ တစ်ခုမက ကွဲပြားနေကြတာဖြစ်ပြီးတော့ အဲဒီလို ကွဲပြားနေကြတာကပဲ ဒီမိုကရေစီရဲ့အနှစ်သာရ တစ်ရပ်ဖြစ်တယ်ဆိုတာ နားလည်ကြမှာပါ။ နိုင်ငံ တည်ဆောက်ရေးကို ကြိုးပမ်းကြတဲ့နေရာမှာ အဲဒီလို မတူကွဲပြားတဲ့အင်အားစုတွေအကြား မတူတာကို သက်သက်ညှိနှိုင်းယူဖို့ စဉ်းစားရင်း အတတ်နိုင်ဆုံး တူညီတဲ့အလုပ် (နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ ကောင်းကျိုးစီးပွား)ကို အတူတကွစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြခြင်းဆိုတာကလည်း ဒီမိုကရေစီရဲ့ နောက်ထပ်အနှစ်သာရ တစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေအကြား၊ နိုင်ငံရေးပါတီ တွေအကြား ပူးပေါင်းဆောင်ရွက်နိုင်ကြခြင်းမရှိရင် နိုင်ငံသားတွေအချင်းချင်းကြား စည်းလုံးညီညွတ်မှုအပေါ် တိုက်ရိုက်ရိုက်ခတ်မှုရှိတာကြောင့် ဘယ်တော့မှ ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို ကောင်းစွာနားလည်သဘော ပေါက်ကြဖို့ မဖြစ်မနေလိုအပ်ပါတယ်။

 

Unity

 

မတူညီတဲ့ နိုင်ငံတည်ဆောက်ရေးအင်အားစုတွေအကြား၊ နိုင်ငံသားတွေအကြား ညီညွတ်ကြဖို့ဟာ ဒီမိုကရေစီစနစ် အမှန်တကယ်ပီပီပြင်ပြင် ပေါ်ထွန်းလာရေးအတွက် အင်မတန်မှ အရေးကြီးလှတဲ့ အခြေခံ လိုအပ်ချက်ဖြစ်ပါတယ်။ မတူကွဲပြား တဲ့ယုံကြည်ချက် ရပ်တည်ချက်တွေနဲ့ မတူကွဲပြားတဲ့ အစုအဖွဲ့တွေ ရှိနေခြင်းဟာ ဒီမိုကရေစီရဲ့ သွင်ပြင်လက္ခဏာရပ်တစ်ခုဖြစ်သလိုပဲ နိုင်ငံသားတွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ တူညီတဲ့ကံကြမ္မာကို ဖန်တီးကြခြင်းဆိုတဲ့အချက်ကလည်း ဒီမိုကရေစီ ဖြစ်ထွန်းတဲ့ လူ့အဖွဲ့အစည်းတိုင်းရဲ့ သွင်ပြင်လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ မတူညီတဲ့ရပ်တည်ချက်၊ ယုံကြည်ချက်တွေကြား ရန်သူတွေအဖြစ် ရှုမြင်နေကြပြီးတော့ ညီညွတ်မှုပြိုပျက်နေတဲ့ နိုင်ငံတစ်ခုမှာ ဒီမိုကရေစီစနစ် ပေါ်ပေါက်ထွန်းကားချင်တယ်ဆိုရင်တော့ စိတ်ကူးယဉ်အိပ်မက်မက်နေသလိုသာ ရှိပါလိမ့်မယ်။ ညီညွတ်ခြင်းကို ဦးတည်တဲ့ ပြောဆိုမှု၊ လုပ်ကိုင်ဆောင်ရွက်မှုကို နိုင်ငံသားတိုင်း အဖွဲ့အစည်းတိုင်းက ဦးတည်ထားကြမှသာ ဖြစ်နိုင်ပါတယ်။ စိတ်ရှည်သည်းခံခြင်း၊ မတူကွဲပြားတဲ့ ယုံကြည်ချက်တွေကို လေးစားခြင်း၊ လူတိုင်းရဲ့ အခြေခံအခွင့်အရေးတွေကို တန်ဖိုးထားခြင်း၊ ခွင့်လွှတ်ခြင်း၊ နားလည်ခြင်း၊ သဘောထားကြီးခြင်း စတဲ့ လူမှုကျင့်ဝတ်တွေကို နိုင်ငံသားတိုင်းက နှလုံးသွင်းလေ့ကျင့်နိုင်ကြရင် ညီညွတ်ရေးကို ကောင်းစွာ တည်ဆောက်နိုင်မှာဖြစ်ပြီး ညီညွတ်ခြင်းအားဖြင့်သာ ဒီမိုကရေစီစနစ်ဟာ ပေါ်ထွန်းဖြစ်တည်နိုင် တယ်ဆိုတာကို မမေ့ကြဖို့ဖြစ်ပါတယ်။

 

နိဂုံးချုပ်အနေနဲ့တင်ပြရရင် ဒီမိုကရေစီစနစ်ကို ချက်ချင်းထူထောင်ပြီးတော့ ချက်ချင်းခံစားစံစားကြဖို့ ဘယ်တော့မှမစဉ်းစားကြပါနဲ့။ ဘယ်နိုင်ငံမှာမှဘယ်တုံးကမှ ရုတ်တရက်ချက်ချင်း ဒီမိုကရေစီ စနစ်ပေါ်ပေါက်လာပြီး အပီအပြင်ဖြစ်ထွန်းတယ်ဆိုတာ သမိုင်းမှာမရှိပါဘူး။ အထက်မှာဖော်ပြထားတဲ့ ဒီမိုကရေစီစနစ် လက်တွေ့ဖြစ်ထွန်းနိုင်စေရေး မရှိမဖြစ် လိုအပ်တဲ့အခြေခံအကြောင်းတရားတွေကို နိုင်ငံသားဘယ်လောက်များများက လက်တွေ့ကျကျကျင့်ကြံဖို့ အဆင်သင့်ဖြစ်ကြပြီလဲဆိုတဲ့ မေးခွန်းကို ဖြေကြည့်ကြဖို့ လိုအပ်ပါတယ်။ ဒီအကြောင်းအချက်တွေနဲ့ပတ်သက်လို့ လိုအပ်ချက်တွေ သိပ်ကြီးမားနေသေးတယ်ဆိုရင် ဒီမိုကရေစီ စနစ်နဲ့ဝေးနေဦးမယ်ဆိုတဲ့ အဖြေပဲရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို တစ်ဖက်မှာကြိုးစားထူထောင်ကြရင်းနဲ့ တစ်ဖက်မှာလည်း နိုင်ငံရေးစနစ်ကောင်း တစ်ရပ်ရှင်သန်ဖွံ့ဖြိုးနိုင်တဲ့ နိုင်ငံရေးယဉ်ကျေးမှု ရေခံမြေခံကောင်းတစ်ရပ်ကို ပြုစုပျိုးထောင်နိုင်မှ သာ တဖြည်းဖြည်းချင်းနဲ့ ကောင်းသထက်ကောင်း၊ ပြည့်စုံသထက်ပြည့်စုံတဲ့ ဒီမိုကရေစီစနစ်ဆိုတာ ပေါ်ပေါက်လာမယ်လို့ မျှော်မှန်းနိုင်တာမို့ အားလုံးက အသိဉာဏ်ပညာကို လက်ကိုင်ထားကြပြီး စိတ်ရှည်လက်ရှည် ညီညီညွတ်ညွတ်နဲ့အနာဂတ် ကောင်းတစ်ခုကို အတူတကွပုံဖော်နိုင်ကြရေး နှလုံး သွင်းကြစေလိုပါကြောင်း လေးစားချစ်ခင်စွာဖြင့် သတိပေးတိုက်တွန်းလိုက်ရပါတယ်။        ။