ဒီကနေ့လို အစည်းအဝေးမျိုးမှာ သတ္တိရှိရှိနဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းမရှိဘူးဆိုရင် ကျွန်မတို့ရဲ့ ပြည်သူတွေအပေါ် တာဝန်မကျေပွန်ရာ ရောက်သွားစေနိုင်တယ်ဆိုတာကို သတိပြုကြဖို့လိုပါတယ်

နေပြည်တော် ၁၆  အောက်တိုဘာ 

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးတွင်ပြောကြားသည့် အမှာစကားအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် - 

 

ဒီကနေ့ သီးသန့်အစည်းအဝေးကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။

 

ဘယ်လိုဖြေရှင်းကျော်လွှားကြမလဲ

 

ဒီကနေ့ အစည်းအဝေးကတော့ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးပါကြောင်း ယခုရောက်ရှိလာသူ အားလုံးသိပြီးဖြစ်ပါတယ်။ ဒီကနေ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) စတင် လက်မှတ်ရေးထိုးခဲ့တဲ့ သုံးနှစ်ပြည့်အခါသမယလည်း ဖြစ်နေပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ နှစ်ပတ်လည် အခမ်းအနားတွေကိုပဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား NCA အကောင်အထည်ဖော်မှုတွေမှာ အခက်အခဲကြုံတွေ့ နေရတဲ့ ကိစ္စရပ်တွေကို ဘယ်လိုဖြေရှင်းကျော်လွှားကြမလဲဆိုတာတွေကို ကျွန်မတို့ကြားမှာ ဆွေးနွေးညှိနှိုင်းကြမှာဖြစ်တဲ့အတွက် အရေးကြီးတဲ့ မှတ်တိုင်တစ်ရပ်အဖြစ် စိုက်ထူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

 

ဒီအစည်းအဝေးခန်းမထဲကို ယခုရောက်ရှိနေတဲ့ ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေကြသူများဖြစ်တဲ့အတွက် ဒီကနေ့တွေ့ဆုံမှုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် ကျွန်မတို့ နောက်ပြန်မလှည့်ဘဲ ရှေ့ကိုတိုးပြီး လျှောက်လှမ်းနိုင်ဖို့ ကြိုးစားနေကြတယ် ဆိုတာကို သက်သေ ပြသလိုက်သလိုပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း ဒီကနေ့ တက်ရောက်လာကြသူအားလုံး၊ သီးသန့်အစည်းအဝေး ဖြစ်မြောက်အောင် ကြိုးပမ်းပေးခဲ့ကြသူအားလုံးကို ကျေးဇူးအထူးပဲတင်ရှိပါကြောင်း အလေးအနက်ပြောကြားလိုပါတယ်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးစားပေးဆောင်ရွက်နေ

 

ဒီကနေ့ ကျွန်မတို့နိုင်ငံနဲ့ ကျွန်မတို့ပြည်သူတွေ ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကို ကြည့်မယ်ဆိုရင် ကျွန်မတို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တစ်နိုင်ငံလုံးရဲ့ စီးပွားရေး၊ ရခိုင်ပြည်နယ်အရေးနဲ့ ပထဝီနိုင်ငံရေး စတဲ့အသွင်မတူတဲ့ အခက်အခဲတွေ အမျိုးမျိုးရှိနေတာ တွေ့ရပါလိမ့်မယ်။ ကျွန်မတို့ အစိုးရအနေနဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး နိုင်ငံသားအားလုံးက အမြတ်တနိုး တန်ဖိုးထားကြရတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ပြီးမြောက်စေလိုတဲ့ဆန္ဒနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဦးစားပေးပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ပြီး ရှေ့ဆက်တိုးရေးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးအတွက် သိပ်ကို အရေးကြီးပါတယ်။ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုတွေမှာ အမြင်မတူတာတွေ၊ နားလည်မှုကွဲပြားတာတွေက သဘာဝပါပဲ။ အထူးသဖြင့် သမိုင်းကြောင်းတစ်လျှောက် နိုင်ငံရေးဆွေးနွေးပွဲဆိုပြီး တစ်ကြိမ်မှ မရှိခဲ့ဖူးတဲ့ ကျွန်မတို့လိုနိုင်ငံမျိုးမှာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အချိန်ယူရမှာပါ။ ဒါပေမယ့် အချိန်အပိုင်းအခြားအလိုက် တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ကို ခရီးပေါက်အောင်လျှောက်နိုင်ဖို့ ခိုင်ခိုင်မာမာ တိုးတက်နေဖို့ အရေးကြီးပါတယ်။

 

ဆွေးနွေးညှိနှိုင်းမှုတွေမှာ ရလဒ်ကောင်းတွေ လျော့နည်းလာတာနဲ့အမျှ အားလုံးလျှောက်နေတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းမှာ အဖျက်အမှောင့်အမျိုးမျိုး ကြုံတွေ့လာတတ်ပါတယ်။ သွားနေတဲ့လမ်းကြောင်းကပဲ လိုအပ်ချက်တွေ ရှိနေတာလားဆိုတဲ့ အတွေးတွေ ပေါ်လာတတ်ပါတယ်။ ဘယ်အစုအဖွဲ့ကတော့ ဘယ်လိုဆိုပြီးတော့ ဆွေးနွေးဖက်တွေအကြား ပုံစံအမျိုးမျိုးနဲ့ သွေးထိုးမှုအမျိုးမျိုးလည်း ကြုံလာတတ်ပါတယ်။ ဖြစ်စဉ်ကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ပြီး အသစ်စဉ်းစားမှ ရတော့မယ်ဆိုတဲ့ အနှောင့်အယှက်မျိုးတွေလည်း ဝင်လာတတ်တယ်ဆိုတာ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ ပါဝင်နေသူများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ဝင်တစား စောင့်ကြည့်လေ့လာနေသူများ သိကြမှာပါ။

 

နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ထိရောက်မှုရှိ

 

ဒီကနေ့ ကျွန်မတို့ အတူတကွ လျှောက်လှမ်းနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ထိရောက်မှုရှိတယ်၊ လက်တွေ့ကျတယ်၊ အောင်မြင်တယ်ဆိုတာ ကျွန်မတို့အားလုံး သိရှိထားကြပြီး ဖြစ်ပါတယ်။ အားနည်းချက်တွေ ဘယ်နေရာမှာရှိနေပါလဲ၊ စုပေါင်း ရှာဖွေ၊ အားလုံးညှိနှိုင်းပြီး ပြင်ဆင်ထိန်းညှိမှုတွေကို အစဉ်အမြဲ လုပ်ဆောင်နေရမှာပါပဲ။ နိုင်ငံရေး သဘောတူညီချက်တွေ နည်းသွားလို့၊ တင်းမာမှုတွေပေါ်လာလို့ ယုံကြည်မှုအားနည်းတာမျိုးတွေ မဖြစ်ကြဖို့ ပြောချင်ပါတယ်။ ဘယ်သှူဘယ်သူကိုမှလည်း အပြစ်တင်တာမျိုးတွေ မလုပ်ကြဖို့၊ ကျွန်မတို့အားလုံး ညီညီညွတ်ညွတ် ရှိကြဖို့ အလေးအနက် ပြောကြားချင်ပါတယ်။ ကျွန်မတို့ လျှောက်နေတဲ့လမ်းမှာ ပေါ်ပေါက် ကြုံတွေ့လာရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုမှန်သမျှ ကျွန်မတို့အားလုံး အတူလက်တွဲပြီး ဖြေရှင်းကြမယ်ဆိုရင် ကျော်လွှားနိုင်မယ်၊ အောင်မြင်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။

 

ကျွန်မတို့ကြားမှာ ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက် မရရှိသေးတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံရေး ဆွေးနွေးပွဲတွေကို မထိခိုက်စေအောင်လို့၊ အပြန်အလှန်ငြင်းခုံပြီး တင်းမာမှုတွေ မြင့်တက်မလာစေဖို့ ကျွန်မတို့အားလုံး နားလည်မှုရှိရှိနဲ့ ခဏတာရှောင်လွှဲထားကြတာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပြီဖြစ်တဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ကိစ္စတွေကို တစ်ချိန်ချိန်မှာ ဖြေရှင်းရမှာဖြစ်တဲ့အတွက် ဒီလိုမျိုးအခြေအနေကို ကြုံရတာ မထူးဆန်းပါဘူး။ စိတ်မပျက်ကြဖို့၊ စိတ်ဓာတ်မထွေပြားကြဖို့ လိုပါတယ်။ ဒီကိစ္စရပ်တွေကြောင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကြန့်ကြာနှောင့်နှေးစေတာမျိုး မဖြစ်အောင် အားလုံးက သတိထားကြဖို့လည်း အရေးကြီးပါတယ်။

 

ရှိနေတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ကြိုးစား

 

နိုင်ငံတကာမှာ ကြုံတွေ့ခဲ့ကြတဲ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုဖြစ်စဉ်တွေကို လေ့လာကြည့်ရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ရှေ့မတိုးနိ်ုင်တဲ့အချိန်မှာ အားမလိုအားမရ ဖြစ်လာပြီး အားလုံးရဲ့ယုံကြည်မှုတွေ ပျက်ပြားလျော့နည်းလာအောင် နှောင့်ယှက်လိုသူတွေက သီအိုရီတွေ၊ သဘောတရားတွေကို အကြောင်းပြုပြီး ဆွေးနွေးပွဲမှာ ပါဝင်နေတဲ့ အစုအဖွဲ့တွေရဲ့ အတွင်း အပြင်မှာ ပေါ်လာတတ်ပါတယ်။ ယုံကြည်မှု ကျဆင်းလာခြင်းရဲ့ အကျိုးဆက်အနေနဲ့ သဘောထားတင်းမာမှုတွေ ပေါ်ထွက်လာပြီး လက်နက်ကိုင်ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားလာတာမျိုးတွေကို ငါးဆယ်ရာခိုင်နှုန်းအထိ ဖြစ်လာတတ်တာကို တွေ့ရှိရပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ အချိန်ကြာရှည်လာတာနဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ အချင်းချင်းအကြားမှာလည်း တင်းမာမှုတွေနဲ့ ပဋိပက္ခတွေဟာလည်း မြင့်မားလာတတ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ပြဿနာတွေရှိနေတာကို အသိအမှတ်ပြုရမယ်၊ ရှိနေတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားရမယ်၊ မဖြေရှင်းဘဲ ရှောင်လွှဲနေလို့ မရဘူးဆိုတဲ့ နိုင်ငံရေးစိတ်ရင်းစေတနာ ရှိနေဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဒီလို တွေ့ကြုံနေရတဲ့ ပြဿနာတွေ၊ မပြေလည်မှုတွေကို မျက်နှာချင်းဆိုင်ထိုင်ပြီး ဖြေရှင်းကြမယ်ဆိုတဲ့ နိုင်ငံရေးစိတ်စေတနာ ခိုင်ခိုင်မာမာ ရှိနေတဲ့အတွက် ကျွန်မတို့ ဒီကနေ့ တွေ့ဆုံမှုဖြစ်မြောက်လာတာပဲ ဖြစ်ပါတယ်။

 

အခက်အခဲတွေ ကြုံရလေ့ရှိတာ၊ ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေတာ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ လွယ်လွယ်ကူကူ၊ ချောချောမောမောနဲ့ အားလုံးအဆင်ပြေတာမျိုး ရှိမှာတော့ မဟုတ်ပါဘူး။ ဒါကို ကျွန်မတို့အားလုံး နားလည် သဘောပေါက်ကြတယ်လို့ ထင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်မှာ ဖေဖေ ဦးဆောင်ခဲ့တဲ့ နှစ်ဆယ်ရာစု ပင်လုံညီလာခံကနေ ရရှိခဲ့တဲ့ နိုင်ငံရေးသဘောတူညီချက်တွေကို အခြေခံပြီး ပြည်ထောင်စုကို အတူတကွ ထူထောင်ခဲ့ကြတာပါ။ ကျွန်မတို့အားလုံး ဗဟိုပြုထားတဲ့ နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံကနေ ထွက်ပေါ်လာမယ့် နိုင်ငံရေးသဘောတူညီချက်တွေကို အခြေခံပြီး အနာဂတ်ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဆက်လက်ပြီး တည်ဆောက်နိုင်ကြဖို့ ဒီကနေ့ ကျွန်မတို့ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်က အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးသဘောတူညီချက်တွေရရှိဖို့၊ ဒီနိုင်ငံရေး သဘောတူညီချက်တွေကို စုစည်းပြီး ပြည်ထောင်စုသဘောတူစာချုပ် ခိုင်ခိုင်မာမာချုပ်ဆိုဖို့၊ ရရှိလာမယ့် ပြည်ထောင်စု သဘောတူစာချုပ်ကိုအခြေခံပြီး နောင်အစိုးရအစဉ်အဆက် ဆက်လက်အကောင်အထည် ဖော်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

 

တစ်နိုင်ငံလုံး မျှော်လင့်ချက်ကြီးစွာ စောင့်ကြည့်နေ

 

ပီးခဲ့တဲ့ရက်ပိုင်းကပဲ ကျွန်မတို့ရဲ့ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့က ဒီအစည်းအဝေးတွေ့ဆုံမှု အောင်မြင်စေဖို့ မျှော်လင့်ကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းက NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဒီကနေ့ တွေ့ဆုံမှုကို ကြိုဆိုအားပေးထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့ပါတယ်။ အလားတူပါပဲ ဒီကနေ့အစည်းအဝေးကို တစ်နိုင်ငံလုံးက တိုင်းရင်းသား ပြည်သူတွေဟာ မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ ဒီမျှော်လင့်ချက်တွေဟာ ဒီကနေ့ ကျွန်မတို့ရှေ့က စားပွဲပေါ်မှာ ရှိနေရုံမဟုတ်ပါဘူး၊ ကျွန်မတို့အားလုံးရဲ့ နှလုံးသားထဲမှာ ရှိနေတာပါ။

 

ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ရဲရဲတင်းတင်းအရှိအတိုင်း ပြန်ကြည့်ကြဖို့၊ ပြန်သုံးသပ်ကြဖို့ လိုပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဒီကနေ့ ဒီအခန်းထဲမှာ ရောက်ရှိနေကြတဲ့ ခေါင်းဆောင်တွေရဲ့ မူဝါဒသဘောထားတွေကို ယူဆောင်လာကြပြီး ကိုယ့်မူဝါဒနဲ့ သူ့မူဝါဒ၊ ကိုယ့်ရပ်တည်ချက်နဲ့ သူ့ရပ်တည်ချက် ဒါတွေကို အပြန်အလှန် ငြင်းခုံနေခဲ့ကြတာပါ။ စားပွဲဝိုင်းတက်လာတဲ့သူတွေက အဆုံးအဖြတ်ပေးရတော့မယ်ဆိုရင် ဒီကနေ့ ဒီအခန်းထဲက ခေါင်းဆောင်တွေဆီကိုပဲ ပြန်တင်ပြပြီး အဆုံးအဖြတ်ခံယူခဲ့ကြရတာပါ။ တစ်ဖက်နဲ့တစ်ဖက် ကြိုတင်ဆုပ်ကိုင်ထားတဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေကိုပဲ တစ်ဖက်ကလက်ခံလာအောင် ကြိုးပမ်းခဲ့ကြတာပါ။ ဒီကနေ့မှာတော့ အဆုံးအဖြတ်ပေးနေခဲ့တဲ့ ခေါင်းဆောင်တွေအားလုံး စားပွဲဝိုင်းကို ရောက်ရှိ နေကြပါပြီ။ ဒီလိုမျိုး အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ စုံစုံညီညီရောက်ရှိ နေတဲ့အချိန်မှာ အလေးအနက်ထားပြီး ပြောကြားချင်တဲ့ အချက်(၃)ချက် ရှိပါတယ်။

 

ပထမဆုံးအချက်ကတော့ ကျွန်မတို့ကြားမှာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမထွက်ရေးကိစ္စပဲ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်မတို့ ပြည်ထောင်စုရဲ့ ပကတိတည်ရှိမှုကို လက်ခံထားရင် ခွဲမထွက်ရေးက ပြဿနာ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေ အစဉ်တစိုက်တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ပြီး ခိုင်ခိုင်မာမာ အကောင်အထည်ဖော်သွားမယ် ဆိုတာကိုလည်း ကျွန်မတို့အနေနဲ့ အကြိမ်ကြိမ်ပြောခဲ့ပြီး ဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ၊ ဒုတိယအစည်းအဝေးမှာ ခွဲမထွက်ရေးဆိုတဲ့ အချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲရေး စတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီချက်တွေ ရရှိထားပြီးမှ ချန်လှပ်ခဲ့ရတာ ဖြစ်ပါတယ်။

 

ဒီနေရာမှာ ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီးဖြစ်လာအောင် အားလုံးလက်တွဲပူးပေါင်းပြီး အကောင်အထည် ဖော်ဖို့ကလည်း အင်မတန်အရေးကြီးတယ်ဆိုတာကို ပြောချင်ပါတယ်။ စိုးရိမ်မှုတွေ ဖြစ်တည်လာစေခဲ့တဲ့ သမိုင်းကြောင်းအဖြစ်အပျက်တွေကို ကျွန်မတို့အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒါပေမယ့် ဒီအတိတ်သမိုင်းကနေ ရုန်းထပြီး အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ဆီကို ဆက်လက်ဦးတည် လျှောက်လှမ်းကြဖို့  အရေးကြီးပါတယ်။ စိုးရိမ်မှု ကိုယ်စီရှိနေတဲ့ သမိုင်းနှစ်ဖက်ကို ဟန်ချက်ညီမျှအောင် ကျွန်မတို့ ကြိုးစားရာမှာ လက်ရှိနှစ်ဆယ့်တစ်ရာစု အခြေအနေကို လက်တွေ့ကျကျ ရှုမြင်ကြဖို့၊ အနာဂတ်ကို မျက်နှာမူကြဖို့၊ နိုင်ငံတကာ ပထဝီနိုင်ငံရေးအပြင် ပြည်နယ်အလိုက် ပထဝီနိုင်ငံရေးကို ထည့်သွင်းစဉ်းစားကြဖို့ အရေးကြီးပါတယ်။ ဒီမိုကရေစီ သဘောတရားအရ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဟာ ကျွန်မတို့ ပြည်သူတွေဖြစ်တာနဲ့အညီ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခွင့်အရေးတွေကို လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးကြရမှာက ကျွန်မတို့ရဲ့ တိုင်းရင်းသားပြည်သူတွေ ဖြစ်တယ်ဆိုတာကိုလည်း သတိပြုကြဖို့ လိုပါတယ်။

 

ဒုတိယအချက်အနေနဲ့ ကျွန်မတို့အားလုံးလိုချင်နေတဲ့ ပြည်ထောင်စုကို ပုံဖော်နိုင်ဖို့ နိုင်ငံရေး သဘောတူညီချက်တွေကို ဘယ်လိုရယူကြမလဲ ဆိုတာပါပဲ။ အားလုံးမှာတော့ စိတ်ကူးထဲက စံပြုပြည်ထောင်စုနိုင်ငံတော် ပုံစံမျိုးတွေ ရှိနေတတ်ကြပါတယ်။ ဘက်ပေါင်းစုံ ပြီးပြည့်စုံတဲ့၊ စနစ်ကောင်း၊ မူဝါဒကောင်းတွေ ပေါင်းစုထားတဲ့ စိတ်ကူးစံထဲက ဖက်ဒရယ်ပြည်ထောင်စုပုံစံတွေ အစုအဖွဲ့အားလုံးက စဉ်းစားထားကြမှာပါ။ ကျွန်မတို့ ဖက်ဒရယ်အိပ်မက်ကို ဘယ်လို အကောင်အထည်ဖော်ကြမှာလဲဆိုတာကို လက်တွေ့ကျကျစဉ်းစားဖို့ လိုပါတယ်။ စိတ်ကူးစံပြုဖက်ဒရယ်အိပ်မက်က တစ်ဖက်မှာ ရှိနေပြီး ဒီကနေ့ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရှိတရားကလည်း တစ်ဖက်မှာ ရှိနေပါတယ်။ ဒီနှစ်ခုအကြားမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းခံတွေကို တစ်ခုချင်းဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ချင်း ရှေ့ဆက်လျှောက်နိုင်မယ်ဆိုရင် ဖြစ်နိုင်ခြေလည်းရှိတယ်။ လက်တွေ့လည်းကျတယ်။ အကောင်အထည်ဖော် ကျင့်သုံးဖို့လည်း အဆင်ပြေနိုင်မယ့် အခြေအနေတစ်ရပ်ကို ကျွန်မတို့ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးရဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုခရီးမှာ တိုးတက်မှုမှတ်တိုင်တွေ တစ်ခုပြီးတစ်ခု စိုက်ထူနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့ ပြောပြောနေတဲ့ ဖြစ်နိုင်ခြေ၊ လက်တွေ့ကျမှုနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ဆက်နိုင်ရေးပဲ ဖြစ်ပါတယ်။

 

တတိယအချက်ကတော့ ကျွန်မတို့ကိုယ်စားပြုတဲ့ တိုင်းရင်းသားပြည်သူတွေ၊ ကျွန်မတို့မျက်နှာမူရတဲ့ လူထုတွေ၊ ကျွန်မတို့ တာဝန်ခံရမယ့် အောက်ခြေပြည်သူတွေအတွက် ကျွန်မတို့အားလုံး တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ တာဝန်သိမှုရှိကြဖို့၊ တစ်နည်း ပြောရရင် ကျွန်မတို့အားလုံး သတ္တိရှိကြဖို့ပဲဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေနဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေ၊ သဘောတူညီချက်တွေကို ဒီကနေ့လို အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ တက်ရောက်လာတဲ့ အစည်းအဝေးမှာ သဘောတူညီချက်တွေ ချမှတ်နိုင်ဖို့ ကျွန်မတို့အားလုံး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိဖို့၊ ကျွန်မတို့ လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ ယုံကြည်မှုရှိဖို့၊ ကျွန်မတို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေဟာ လက်တွေ့ကျကျ ဖော်ဆောင်နိုင်မယ်ဆိုတာကို ယုံကြည်မှုရှိဖို့ အထူးပဲ အရေးကြီးပါတယ်။ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ ခေါင်းဆောင်တွေကိုယ်တိုင် တက်ရောက်လာကြတဲ့ ဒီကနေ့လို အစည်းအဝေးမျိုးမှာ သတ္တိရှိရှိနဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းမရှိဘူးဆိုရင် ကျွန်မတို့ရဲ့ ပြည်သူတွေအပေါ် တာဝန်မကျေပွန်ရာ ရောက်သွားစေနိုင်တယ်ဆိုတာကိုလည်း သတိပြုကြဖို့လိုပါတယ်။ စစ်မြေပြင်မှာ အသက်စွန့်ပြီး တိုက်ခိုက်နိုင်ကြဖို့ သတ္တိလိုသလို ကျွန်မတို့နိုင်ငံအတွက် အရေးကြီးလှတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ စိတ်ရင်းစေတနာမှန်နဲ့ ဆုံးဖြတ်နိုင်ဖို့လည်း “သတ္တိ” လိုအပ် ပါတယ်။

 

ပြည်သူတွေကို မျက်မှောက်ပြုပြီး သတ္တိရှိကြဖို့ တိုက်တွန်း

 

ကျွန်မတို့ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းဟာ မှန်ကန်တယ်ဆိုတာကိုလည်း (၂၁)ရာစုပင်လုံညီလာခံ အစည်းအဝေးတွေက ထွက်ပေါ်လာခဲ့တဲ့ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတွေက သက်သေပြသနေပြီ ဖြစ်ပါတယ်။ ကျွန်မတို့ လျှောက်ရာလမ်းကနေ သွေဖည်မသွားဘူး။ နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်သွားမယ် ဆိုတာကိုလည်း ဒီကနေ့ခေါင်းဆောင်တွေ တက်ရောက်ကြတဲ့အစည်းအဝေးက သက်သေပြနေပါတယ်။ ကျွန်မတို့အားလုံး အတူတကွ လက်တွဲပူးပေါင်းပြီးတော့ ရှိနေတဲ့အခက်အခဲတွေ၊ သဘောတူညီမှုမရနိုင်သေးလို့ ညှိနှိုင်းနေရဆဲဖြစ်တဲ့ကိစ္စရပ် တွေကို အရှိကိုအရှိအတိုင်းလက်ခံကြဖို့၊ ဒီအခက်အခဲတွေကို ဘယ်ပုံဘယ်နည်း ကျော်လွှားနိုင်ကြမလဲဆိုတာ ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းကြဖို့၊ ဒီလိုဆွေးနွေးညှိနှိုင်းကြရာမှာ ကျွန်မတို့အားလုံးရဲ့ နှလုံးသားတင်မက ဦးနှောက်ကိုပါ ဖွင့်ထားကြဖို့ အရေးကြီးပါတယ်။ ကျွန်မတို့တာဝန်ခံကြရတဲ့၊ ကျွန်မတို့မျက်နှာမူကြရမယ့် ကျွန်မတို့ရဲ့ ပြည်သူတွေကို မျက်မှောက်ပြုပြီး ကျွန်မတို့အားလုံး သတ္တိရှိကြဖို့ အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်။

 

ဘုံအကျိုးစီးပွားနဲ့ ဘုံမျှော်လင့်ချက်

 

နိဂုံးချုပ်အနေနဲ့ ဒီကနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေအားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ ဒီကနေ့စားပွဲဝိုင်းမှာ မပါနိုင်သေးတဲ့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကိုလည်း အထူးပဲ သတိရနေမိပါတယ်။ သူတို့သာပါဝင်လာရင် ဘယ်လောက် ကောင်းလိမ့်မလဲ ဆိုတဲ့အတွေးက ကျွန်မတို့သာမက၊ ကျွန်မတို့ရဲ့ ပြည်သူတွေကလည်း ခံစားနေမိကြမှာပါပဲ။ တကယ် တမ်းကျတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပေါ်လာစေခဲ့တဲ့ ဇာစ်မြစ်အကြောင်း တရားတွေကို နိုင်ငံရေးစားပွဲဝိုင်းမှာ ညှိနှိုင်းဆွေးနွေးဖြေရှင်းနိုင်မယ်ဆိုရင် လက်နက်ကိုင်ပကျပ်ဋိပက္ခတွေ ချုပ်ငြိမ်းသွားဖို့က မခက်ခဲလှပါဘူး။ တွေ့ဆုံဆွေးနွေးမှုတွေဟာ ရင်းနှီးမှု၊ နားလည်မှုနဲ့ ယုံကြည်မှုတွေကို ဖြစ်ပေါ်စေပြီး ဘုံအကျိုးစီးပွားနဲ့ ဘုံမျှော်လင့်ချက်တွေကို ခိုင်မာအားကောင်းလာစေနိုင်ပါတယ်။ ဒီကနေ့ မပါဝင်နိုင်သေးတဲ့ အဖွဲ့တွေ ပါဝင်နိုင်အောင် ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တပ်မတော်ခေါင်းဆောင်တွေက ကြိုးပမ်းနေကြပါတယ်။ အတိတ်က ဖြစ်စဉ်ဖြစ်ရပ်တွေကို သင်ခန်းစာအဖြစ်ထားရှိပြီး ရှေ့ကိုဆက်ပြီး ကျွန်မတို့စားပွဲဝိုင်းတွေဆီ အမြန်ဆုံး ရောက်ရှိလာနိုင်အောင် ကြိုးပမ်းပေးကြဖို့၊ ကျွန်မတို့ပြည်သူတွေ တွေ့ချင်၊ မြင်ချင်လှတဲ့ မျက်နှာစုံညီဆွေးနွေးပွဲကို အရောက်လှမ်းနိုင်အောင် ကြိုးစားပေးကြဖို့ မပါဝင်နိုင်သေးတဲ့ အဖွဲ့တွေကို ဒီနေရာကနေ တိုက်တွန်းပြောကြားလိုပါတယ်။

 

အားလုံးက ဝိုင်းဝန်းစဉ်းစားအဖြေရှာ

 

ကျွန်မတို့ ရပ်မနေဘူး။ ရှေ့ကိုဆက်ပြီး လျှောက်လှမ်းနေတယ်ဆိုတာကို သက်သေပြနိုင်ဖို့၊ ဒီကနေ့ သီးသန့်အစည်းအဝေးကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်ဖို့ ခေါင်းဆောင်များအားလုံးက သတ္တိရှိရှိ၊ သန္နိဋ္ဌာန်ခိုင်ခိုင်မာမာနဲ့ ကြိုးပမ်းပေးကြပါ။ ဒီလိုကြိုးပမ်းကြရာမှာလည်း မိမိတို့ရဲ့ စိုးရိမ်မှုတွေ ပူပန်မှုတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေမျှပြီး ဒီစိုးရိမ်မှုတွေ ပြေပျောက်အောင် အားလုံးက ဝိုင်းဝန်းစဉ်းစား အဖြေရှာပေးကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

 

အားလုံးကို ကျေးဇူးတင်ပါတယ်။