ဒေသကိုယ်စားပြု တိုင်းရင်းဆေး ကိုယ်စားလှယ်တွေက တိုင်းရင်းဆေး ပညာရပ်တွေကို ဖလှယ်ကြမယ်ဆိုရင် ပိုပြီး ကောင်းမွန် ထိရောက်မှု ရှိလာမှာပါ

နေပြည်တော် ၁၂ ဇန်နဝါရီ

 

(၁၈) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံ ဖွင့်ပွဲနှင့် နှီးနှော ဖလှယ်ပွဲကို ဇန်နဝါရီ ၁၂ ရက်က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂)၌ ကျင်းပရာ တက်ရောက် လာကြသည့် တိုင်းရင်း ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့် တိုင်းရင်းဆေး ကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၏ စကားသံများကို စုစည်း၍ ပြန်လည်ရေးသား ဖော်ပြလိုက်ပါသည်-

 

ဦးဝင်းမြတ်

စစ်ကိုင်းမြို့နယ် တိုင်းရင်းဆေးဆရာ အသင်း ဥက္ကဋ္ဌ

မြတ်ဆုမွန် ဆေးတိုက်နှင့် တိုင်းရင်း ဆေးဝါး ထုတ်လုပ်ရေး

mdn

 

ညီလာခံကို တက်ရောက်ဖြစ်တာ ဒါနဲ့ ဆိုရင် ငါးကြိမ် ရှိပါပြီ။ ဒီညီလာခံက တစ်ဆင့် တိမ်မြုပ် ပျောက်ကွယ်သွားတော့မယ့် တိုင်းရင်းဆေး ပညာရပ်တွေ၊ ကုထုံးတွေကို ရေရှည် တည်တံ့အောင် လုပ်ဆောင် သွားကြရမှာ ဖြစ်ပါတယ်၊ ဥပမာ ကချင်ပြည်နယ်ဆို သူ့ဒေသမှာ ပေါက်ရောက်တဲ့ ဆေးဖက်ဝင် အပင်တွေ၊ တိုင်းရင်း ဆေးပညာ၊ ကုထုံးတွေ ရှိတယ်။ အလားတူ အခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာလည်းပဲ ရှိနေတာပါပဲ။ အဓိကက အဲဒါတွေကို ဖော်ထုတ်ပေးဖို့ လိုအပ်နေတာပါ။ ဒါကြောင့်မို့လို့ ဒေသကိုယ်စားပြု တိုင်းရင်းဆေး ကိုယ်စားလှယ်တွေက ဒီညီလာခံကြီးကို စုံစုံညီညီ တက်ရောက်ပြီး တိုင်းရင်းဆေး ပညာရပ်တွေကို ဖလှယ်ကြမယ်ဆိုရင် ပိုပြီး ကောင်းမွန် ထိရောက်မှု ရှိလာမှာပါ။

 

မျက်မှောက် ကာလမှာ နေထိုင် စားသောက်မှု ပုံစံတွေ ပြောင်းလဲလာသလို လူဦးရေ နှုန်းထားကလည်း တိုးပွားလာတဲ့ အတွက်ကြောင့် ရောဂါဆန်းတွေကလည်း တိုးပွားလာနေတာ တွေ့နေရပါတယ်။ အဲသလို ဖြစ်ပေါ်လာနေတဲ့ ရောဂါတွေကို တိုင်းရင်းဆေး ကဏ္ဍကနေ ဘယ်လိုမျိုး ကုသမှုတွေ ဖော်ထုတ် ပေးနိုင်မလဲ ဆိုတာကို ဒီလိုမျိုး ညီလာခံတွေမှာ ဆွေးနွေး သင့်ပါတယ်။

 

ဦးခင်မောင်ဆင့်

တိုင်းဒေသကြီး ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်း၊ မကွေးတိုင်း ဒေသကြီး

mdn

 

ညီလာခံကြီးကို (၁၆) ကြိမ်ထိ တက်ရောက် ခဲ့ပါတယ်။ ညီလာခံ ကျင်းပခြင်းအားဖြင့် မြန်မာ့ တိုင်းရင်းဆေး ကဏ္ဍကို ပြည်သူလူထု တစ်ရပ်လုံးက သိရှိသွားရာကနေ တိုင်းရင်းဆေးရဲ့ အကျိုးကျေးဇူးတွေကို သိရှိသွားကြမယ်။ ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ကိုယ်စားပြု တိုင်းရင်းဆေး ကိုယ်စားလှယ်တွေ တစုတစည်းတည်း ဆုံတွေ့ခွင့်ရကြလို့ စည်းလုံး ညီညွတ်မှုတွေ ရကြမယ်။ နောက်ပြီး တိုင်းရင်းဆေး ပညာတွေ နှီးနှောဖလှယ်လို့ ရကြမယ်။ ဒေသန္တရ ဗဟုသုတတွေ ရကြမယ်။

 

ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုတဲ့ စကားနဲ့အညီ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ ကျန်းမာရေးကို အထောက်အကူ ပြုဖို့အတွက် တိုင်းရင်းဆေး ကဏ္ဍဟာ အရေးပါနေတယ်။

ဒီညီလာခံကတစ်ဆင့် ပြည်သူတွေကို ဆန္ဒပြုချင်တာက ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးဆိုတဲ့အတိုင်း ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားနဲ့အညီ လူတိုင်း ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ကြခြင်းဖြင့် အသက်ရှည် ကျန်းမာကြပါစေလို့ ဆန္ဒပြုလိုပါတယ်။

 

ဦးသိန်းဝင်း

အဝေရာ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး

mdn

 

တိုင်းရင်းဆေး ကောင်စီဝင် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ညီလာခံ တက်ရောက်လာခြင်း ဖြစ်ပါတယ်။ တိုင်းရင်းဆေး ကဏ္ဍကနေ ပြည်သူ့ ကျန်းမာရေးကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း၊ တိုင်းရင်းဆေးနဲ့ ပတ်သက်လို့ ဘယ်လို သုံးစွဲရမယ်၊ ဘယ်လို မှီဝဲရမယ်ဆိုတဲ့ စာတမ်းတွေ၊ အိမ်ရှင်မတွေကို သင်တန်းတွေပေးဖို့ စတဲ့ စာတမ်းတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲကမှ အထောက်အကူပြု စာတမ်းတွေကတစ်ဆင့် တိုင်းရင်းဆေးခန်း၊ ဆေးရုံတွေမှာ ဆေးဝါးသစ်၊ ကုထုံးသစ်တွေ ထပ်မံ ထုတ်လုပ်ဖို့၊ အစွမ်းထက် ဆေးဝါးတွေ ရှာဖွေဖော်ထုတ်ဖို့ ကိစ္စတွေ ပေါ်ပေါက် လာပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

ဦးကျော်သိန်းဌေး

တိုင်းရင်းဆေးတက္ကသိုလ်

ဒုတိယပါမောက္ခချုပ်(သင်ကြား) မန္တလေး တိုင်းရင်းဆေးတက္ကသိုလ်

mdn

 

မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံကို (၁၈) ကြိမ်ထိ ကျင်းပနိုင်တဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက် မိပါတယ်။ အရင်တုန်းက မြန်မာ့ တိုင်းရင်းဆေးဆိုရင် လူတွေက အထင်သေးကြတာ ကြုံဖူးတယ်။ ဗိန္ဓောဆိုတာ Equal Doctor ဆိုတာတောင် မသိကြဘဲ အပြောင်အပြက် သဘောမျိုး ပြောကြတာတွေ တွေ့ခဲ့ရတယ်။ တကယ်တော့ တိုင်းရင်းဆေးဆိုတာ ဗုဒ္ဓ အဆုံးအမနဲ့ လျော်ညီသလို တိုင်းပြည်နဲ့လည်း ကိုက်ညီမှု ရှိပါတယ်။ အကြောင်းက ကံ၊ စိတ်၊ ဥတု၊ အာဟာရနဲ့အညီ ဖြစ်နေတယ်။ ကံ ကံ၏ အကျိုးအတိုင်း ဖြစ်တယ်။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမယ်၊ ဥတုနဲ့ မျှတအောင် နေထိုင်ရမယ်၊ လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းမယ်ဆိုရင် ကျန်းမာမယ်။ ပြောရရင် မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ကျန်းကျန်းမာမာ နေနိုင်အောင် တိုင်းရင်းဆေးကို ဆောင်လို့ ပြောရမှာ ဖြစ်တယ်။

ပြည်သူတွေကို အသိပေးလိုတာက မှတ်ပုံတင်ထားတဲ့ တိုင်းရင်းဆေး ဆရာနဲ့သာ ကုသမှု ခံယူသင့်ပြီး မှတ်ပုံတင်ပြီး ဆေးဝါးများကိုသာ သုံးစွဲကြပါလို့ ပြောချင်ပါတယ်။ တိုင်းရင်းဆေးဆရာ အတုအယောင် တွေကို မယုံဖို့ လိုသလို အဲဒီလူတွေကို တာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးယူဖို့လည်း အထူး လိုအပ်ပါတယ်။ အိန္ဒိယနိုင်ငံလိုမျိုး တိုင်းရင်းဆေး ကဏ္ဍကို အားပေး လုပ်ဆောင်သွားမယ်ဆိုရင် မြန်မာ့ တိုင်းရင်းဆေး ကဏ္ဍဟာလည်း ယခုထက် ပိုမိုအောင်မြင်လာမယ်လို့ ပြောချင်ပါတယ်။

 

ဒေါက်တာဌေးဌေးခိုင်

မောရိယ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး

mdn

 

အခု ကျင်းပတဲ့ (၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံမှာတော့ ဆေးအမျိုးအစား ခုနစ်မျိုး ပြသထားပါတယ်။ မောရိယ မန်းဆေးကတော့ မပါမဖြစ်ပေါ့။ နောက်ပြီး မောရိယရဲ့ နောက်ထပ် ထွက်ရှိလာတဲ့ မောရိယ အနာကျက် ဆေးကိုလည်း ပြသထားပါတယ်။ ဒီလို တိုင်းရင်းဆေး ညီလာခံတွေ၊ ဖလှယ်ပွဲတွေက တိုင်းရင်းဆေး သမားတော်တွေ အားလုံး ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်နဲ့ အခုထက်ပိုပြီး စုပေါင်းညီညာစွာနဲ့ လျှောက်လှမ်းနိုင်မှာပါ။ အားလုံး ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်နဲ့ မြန်မာ့ တိုင်းရင်းဆေး ရှေ့တန်းကို ရောက်ဖို့ အဓိကထား ဆောင်ရွက်နေပါတယ်။ ပြည်သူတွေကို ပြောချင်တာကတော့ မြန်မာ့ ကျန်းမာရေးအတွက် မြန်မာ့ တိုင်းရင်းဆေးက အရေးအကြီးဆုံး ဖြစ်ပါတယ်။ မြန်မာ့ရေမြေ သဘာဝနဲ့ ကိုက်ညီတာ မြန်မာ့ တိုင်းရင်းဆေးပဲ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

 

ဦးကြည်လင်း

စိန်ဘယက် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး

mdn

 

တိုင်းရင်းဆေး ညီလာခံ ကျင်းပတာ အခုဆိုရင် (၁၈)ကြိမ် မြောက်ရှိပါပြီ။ နှစ်စဉ်မပျက် တိုင်းရင်းဆေး ညီလာခံနဲ့ တိုင်းရင်းဆေး ပြပွဲတွေကို တက်ရောက် ဆွေးနွေးပြသပါတယ်။ ညီလာခံကို ပဲခူးတိုင်းဒေသကြီး ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ပါတယ်။ ဒီမှာဆိုရင် မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေ၊ တိုင်းရင်းဆေး သမားတော်တွေနဲ့ တွေ့ဆုံရင်းနှီးခွင့် ရပါတယ်။

 

တိုင်းရင်းဆေး ဆိုတာကတော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရားကို အခြေခံပြီးတော့ ကောင်းတဲ့ အကျိုးတရား ဖြစ်ပေါ်အောင် ပြုပြင်တဲ့ ဆေးဝါး ဖြစ်ပါတယ်။ ရသာခြောက်ပါးကို လိုတိုးပိုလျှော့ပြီးတော့ ကုသတဲ့ နည်းပညာ ဖြစ်ပါတယ်။ အင်မတန် သိမ်မွေ့နက်နဲတဲ့ ဆေးပညာဆိုလည်း မမှားပါဘူး။ ဘုရားရှင် လက်ထက်ကတည်းက ပေါ်တဲ့ တိုင်းရင်း ဆေးပညာတွေ ဖြစ်ပါတယ်။ ဒီတိုင်းရင်းဆေးတွေကို ခေတ်မီနည်း စနစ်တွေနဲ့ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကနေ ကြီးမှူးပြီးတော့ ထုတ်လုပ်မှု လိုင်စင်တွေ၊ တိုင်းရင်းဆေး ထုတ်လုပ်ခွင့်တွေကို ကြီးကြပ် ဆောင်ရွက်ပေးပါတယ်။

 

ကျွန်တော်တို့ ဘက်ကလည်း သန့်ရှင်းတဲ့ သစ်မြစ်သစ်ဥ သစ်ဖုတွေကို ဘေးထွက်ဆိုးကျိုး မဖြစ်အောင် ကာကွယ်ဖို့တွေကို ဒီမှာဆွေးနွေး တင်ပြခွင့်ရပါတယ်။

 

ဒေါက်တာခင်ရတနာရွှေစင်

မဟိဒ္ဓိ တိုင်းရင်းဆေး ထုတ်လုပ်ရေး

mdn

 

မဟိဒ္ဓိ တိုင်းရင်းဆေးဝါး လုပ်ငန်းကနေ ထုတ်လုပ်တဲ့ ဆေး ၂ဝ ကျော် ရှိပါတယ်။ နိုင်ငံတော်ကတော့ ခုလို တိုင်းရင်းဆေး ပြပွဲတွေ၊ ညီလာခံတွေကို ပုံမှန်လုပ်ပေးပါတယ်။ ဒီလို လုပ်ပေးတာ နိုင်ငံတော်က မီဒီယာ ကနေတစ်ဆင့် မြန်မာ့တိုင်းရင်းဆေး ကို ပြည်သူတွေနဲ့ ဆက်နွှယ်ပေးတဲ့ သဘောပါပဲ။

 

ဈေးကွက်ပိုင်းတွေ၊ နည်းပညာတွေ ဒီထက်ပံ့ပိုးပေးသွားရင်တော့ ပိုပြီး အဆင်ပြေတာပေါ့။ နိုင်ငံတော်ဘက် က လုပ်ပေးရုံတင် မကဘဲ တိုင်းရင်းဆေး သမားတွေဘက်ကလည်း အခုလို အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ကူညီ ပံ့ပိုးသွားကြမယ်ဆိုရင် ဒီထက်မက မြန်မာ့ တိုင်းရင်းဆေးဟာ နယ်ပယ် ကျယ်ပြန့်လာပြီး ပိုတိုးတက်ဖို့ ရှိပါတယ်။ တရုတ်၊ စင်ကာပူ၊ ထိုင်းနဲ့ ကိုရီးယားတို့မှာဆိုလည်း တိုင်းရင်းဆေး တွေဆိုတာ အလွန်ခေတ်မီပါတယ်။ အဲလို အဆင့်ရောက်အောင် ရည်မှန်း ထားပါတယ်။

 

ဒေါက်တာခင်မောင်ထွန်း

ထက်လင်းတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး

mdn

 

အခုပြခန်းမှာတော့ ထက်လင်း တိုင်းရင်းဆေးက ထုတ်လုပ်တဲ့ ဆေးဝါးတွေကို ပြသထားပါတယ်။ ဒီလိုညီလာခံတွေကို နိုင်ငံတော် အစိုးရကနေ ဦးဆောင်ကျင်းပပေးတာ အများကြီးသင့်မြတ်ပါတယ်။ ဘိုးဘွား အစဉ်အဆက် အသုံးပြုလာတဲ့ တိုင်းရင်းဆေးကို ဖော်ထုတ်တဲ့နေရာမှာ တစ်တပ်တစ်အား ကူညီရာ ရောက်တယ်လို့ ထင်ပါတယ်။

 

ဒီလို ညီလာခံတွေကနေ မြန်မာ့ တိုင်းရင်းဆေး အတွက်ရော၊ တိုင်းရင်းဆေး ထုတ်လုပ်တဲ့ သူတွေအတွက်ရော၊ မြန်မာ့တိုင်းရင်းဆေးဆရာကြီး များအတွက်ပါ များစွာ အကျိုးဖြစ်ထွန်းပါတယ်၊ မြန်မာ့ တိုင်းရင်းဆေးကို ကမ္ဘာကသိပြီး ပိုမို အလေးအနက်ထား အာရုံစိုက်လာအောင် ပြုလုပ်တဲ့ပွဲ ဖြစ်တဲ့အတွက် အင်မတန် အကျိုးရှိပါတယ်။

 

ဒေါ်မေဖြူနိုင်အောင်ဟိန်း

အဘထ တိုင်းရင်းဆေးထုတ်လုပ်ရေး

mdn

 

ပြည်သူတွေရဲ့ ကျန်းမာရေးကို တိုင်းရင်းဆေး ကဏ္ဍကနေ ပိုပြီး စောင့်ရှောက်နိုင်ဖို့နဲ့ ပြည်သူတွေ တိုင်းရင်းဆေးကို ပိုမိုယုံကြည် အားကိုးလာအောင် ကျွန်မတို့ အဘထ ဆေးတိုက် အနေနဲ့ အများအကျိုးပြု အစွမ်းထက် တိုင်းရင်းဆေး စွမ်းကောင်းတွေကို သုတေသနပြု ဆက်လက် ထုတ်လုပ်သွားဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။

 

ဒေါ်မိုးပြည့်ပြည့်ဖြိုး

မုံရွာ ဆရာမိုး တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး

mdn

 

မုံရွာ ဆရာမိုး တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ အစွမ်းထက် မြန်မာ့ တိုင်းရင်းဆေးဝါး ငါးမျိုး ရှိပါတယ်။ ပြည်သူတွေကို တိုင်းရင်းဆေး ကဏ္ဍကနေ ကျန်းမာရေး စောင့်ရှောက်မှု ထိထိရောက်ရောက် ပေးနိုင်ဖို့နဲ့ တိုင်းရင်းဆေး ကဏ္ဍ ပိုမိုကျယ်ပြန့် လာဖို့အတွက် အစွမ်းထက် မြန်မာ့ တိုင်းရင်း ဆေးဝါးတွေကို ထပ်မံပြီးတော့ ထုတ်လုပ်သွားမှာပါ။

 

နိုင်ငံတော် အစိုးရက မှေးမှိန် ပျောက်ကွယ်လု ဖြစ်နေသည့် ဆေးပညာရပ်များ၊ တတ်ကျွမ်း နားလည်သည့် တိုင်းရင်းဆေး သမားတော်ကြီးများ၊ တိမ်မြုပ် ပျောက်ကွယ်နေသည့် မြန်မာ့ တိုင်းရင်းဆေး ပညာဆိုင်ရာ ပေ၊ ပုရပိုက်များနှင့် ဆေးကျမ်းများ၊ အစွမ်းထက် ကုထုံးများ၊ အာနိသင် ထက်မြက်သည့် ဆေးဝါးများ၊ အဖိုးထိုက်တန်လှသည့် ဆေးဖက်ဝင် ပရဆေးပင်နှင့် ဆေးဖက်ဝင် သဘာဝ သယံဇာတများ ပြန်လည် ဖော်ထုတ်နိုင်စေရန် အဘက်ဘက်မှ အားပေး ဆောင်ရွက်လျက် ရှိသည်။

 

တွေ့ဆုံမေးမြန်း-ကိုထက် ဓာတ်ပုံ-ရာမည