ဒေသခံလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်ရရှိရေး အလုပ်ရုံဆွေးနွေးပွဲ သထုံတွင်ကျင်းပ

သထုံ ၂ ဇွန်

မွန်ပြည်နယ်၊ သထုံမြို့ရှိ သုဝဏ္ဏခန်းမတွင် ဇွန် ၂ ရက် နံနက်က သထုံမြို့ အခြေစိုက် Green Day Youth Network အဖွဲ့မှ စီစဉ်မှုဖြင့် ဒေသခံလူငယ်များ အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

 

5448

 

လူငယ်များအနေဖြင့် မိမိတို့၏အရည်အချင်းနှင့် ကိုက်ညီသော ရသင့်ရထိုက်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ယခုထက်ပိုမို တိုးတက်ရရှိစေရန် ရည်ရွယ်ကာ အလုပ်ရုံဆွေးနွေးပွဲကို စီစဉ်ပြုလုပ်ခြင်းဖြစ်ကြောင်း Green Day Youth Network အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

 

2246

 

ဆွေးနွေးပွဲတွင် သထုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက အမှာစကားပြောကြားပြီး Green Day Youth Network အဖွဲ့မှ ဒေါ်နှင်းကေခိုင်က အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သထုံခရိုင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေးက အလုပ်သမားဥပဒေနှင့် အခွင့်အရေးများကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာသည့် လူငယ် ၁၃၀ ကျော်တို့က လတ်တလောရင်ဆိုင်နေရသည့် အလုပ်အကိုင် အခက်အခဲများနှင့် ပြေလည်စေနိုင်မည့် နည်းလမ်းများ၊ ဒေသတွင်းအလုပ်အကိုင်အခွင့် အလမ်းရရှိရေးနှင့် ပတ်သတ်သည့် သိလိုသည်များတို့ကို အစုအဖွဲ့အလိုက် အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ Green Day Youth Network အဖွဲ့မှများ၊ လူမှုရေးအသင်းဖွဲ့များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်ဦး(သထုံ)