ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်

၂၄ ဒီဇင်ဘာ

 

ဒစ်ဂျစ်တယ်စီးပွားရေး တည်ထောင်နိုင်ရန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါပုံများ၊ ပညာရေးနှင့် သင်ကြားရေးတွင် ပြောင်းလဲလာမှုများနှင့်ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေအစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။   ။           ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်ရဲ့ အရေးပါပုံတွေ၊ ဒစ်ဂျစ်တယ်စီးပွားရေးကို အဖက်ဖက်က ကူးပြောင်းနေချိန်ဖြစ်တာကြောင့် ပညာရေးနဲ့ သင်ကြားရေးအပိုင်းတွေမှာ ဘယ်လိုကူးပြောင်းနေတယ်ဆိုတဲ့ အကြောင်းတွေကို ဆွေးနွေးသွားမယ့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာအစီအစဉ်ကနေ ကြိုဆိုပါတယ်။

 

ဒီနေ့အစီအစဉ်မှာ ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဝင်၊ Kinetic Myanmar Technology Co.,Ltd ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ ဦးမြမိုးအောင်နဲ့ CCEducare Myanmar မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ချစ်အိမ်သူတို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

ပထမဦးဆုံး မေးခွန်းအနေနဲ့ ဒစ်ဂျစ်တယ် စီးပွားရေး တည်ထောင်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်ရဲ့ အရေးပါပုံတွေ၊ ဒစ်ဂျစ်တယ် နည်းပညာတွေကို ပြည်သူတွေ သင်ယူနိုင်ဖို့ နည်းပညာကို အသုံးပြုပြီး ဘယ်လိုအရှိန်မြှင့်ဆောင်ရွက်လို့ ရနိုင်မလဲဆိုတာကို ဦးမြမိုးအောင်က ရှင်းပြပေးပါဦး။

 

ဦးမြမိုးအောင်။              ။           ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီရဲ့ ဒစ်ဂျစ်တယ် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်မယ့် ဧရိယာ ၇ ခု သတ်မှတ်ထားပါတယ်။ ဒီအထဲမှာ အခြေခံအုတ်မြစ် ၄ ခု ပါပါတယ်။ ပထမတစ်ခုက ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦတွေ တည်ဆောက်ဖို့ပါ။ ဒုတိယတစ်ခုက အားပေးတဲ့မူဝါဒနဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ပါ။ တတိယတစ်ခုက ဆိုက်ဘာလုံခြုံရေးကို ကောင်းမွန်အောင် တည်ဆောက်ဖို့ပါ။ စတုတ္ထတစ်ခုက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေ ကျွမ်းကျင်တတ်မြောက်ဖို့ ဖြစ်ပါတယ်။

 

ဒီအခြေခံအုတ်မြစ် ၄ ခု ခိုင်မာပြီဆိုရင် Innovation လို့ပြောတဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းအား မြင့်တက်လာမှာဖြစ်ပါတယ်။ အဲဒီအခါ ဒစ်ဂျစ်တယ်အုပ်ချုပ်ရေးစနစ်တွေ၊ ဒစ်ဂျစ်တယ် ကုန်သွယ်ရေးစနစ်တွေ တိုးတက်လာမှာဖြစ်ပြီး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေမှာ ဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးပြုနိုင်မယ့် Digital Transformation လုပ်ငန်းစဉ် တိုးတက်လာသည့်အတွက်၊ ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်းနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးကို တည်ထောင်နိုင်မှာ ဖြစ်ပါတယ်။

 

ဒီဧရိယာ ၇ ခုထဲမှာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့က အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ တိုင်းပြည် ခုန်ပျံကျော်လွှားပြီးတိုးတက်ဖို့၊ Leap Frog သွားဖို့၊ Quantum Leap သွားဖို့ ဆိုရင် လူ့စွမ်းအားအရင်းအမြစ်က နောက်ဆုံးပေါ် နည်းပညာတွေကို ကောင်းစွာအသုံးပြုနိုင်ရုံ သာမက တီထွင်ဖန်တီးနိုင်တဲ့ Innovation အဆင့်အထိကို တိုးတက်ဖို့ လိုပါတယ်။

 

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့ဆိုရင် ဒစ်ဂျစ်တယ် အတတ်ပညာတွေ၊ နောက်ဆုံးပေါ် နည်းပညာတွေကို ကျွမ်းကျင်တတ်မြောက်အောင် ပြုစုပျိုးထောင်ပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ဆီမှာ ကံကောင်းတာက နည်းပညာကို စိတ်ဝင်စားတဲ့၊ သင်ယူတတ်မြောက်ချင်တဲ့ လူငယ်တွေ အများအပြားရှိနေတာပါ။

 

ဒီလူငယ်တွေ အလွယ်တကူနဲ့ နည်းပညာတွေကိုသင်ယူနိုင်တဲ့ Online Learning Platform တွေက နည်းပညာအလှည့်အပြောင်းတွေကြောင့် ဒီနှစ်ပိုင်းမှာ အလွန်တိုးတက်လာပါတယ်။ သင်ယူတတ်‌မြောက်ချင်တဲ့ လူငယ်တွေ အများအပြားရှိနေတဲ့အချိန်မှာ ဒီလိုမျိုး အလွယ်တကူ သင်ယူနိုင်တဲ့ Online Learning Platform တွေ ရှိလာတာက ကျွန်တော်တို့အတွက် ရေကန်အသင့်၊ ကြာအသင့်ပါ။ ကျွန်တော်တို့ဆီမှာ လူအများအပြားကို ဒစ်ဂျစ်တယ် အတတ်ပညာတွေ၊ နောက်ဆုံးပေါ် နည်းပညာတွေကို သင်ပေးဖို့အတွက်ဆိုရင် Online Learning Platform ပေါ်တွေကနေ သွားရမှာဖြစ်ပါတယ်။

 

အရင်က ဒီလိုနည်းပညာတွေ သင်ယူဖို့အတွက် နိုင်ငံခြားမှာ သွားသင်ရပါတယ်။ အနည်းဆုံး မြို့ကြီးတွေမှာရှိတဲ့ သင်တန်းတွေကို သွားရောက်သင်ယူရပါတယ်။ အခုအချိန် နေရာတိုင်းမှာ အင်တာနက် ရှိနေပါပြီ၊ လူတိုင်းလက်ထဲမှာ စမတ်ဖုန်းရှိနေပါပြီ၊ လွန်ခဲ့တဲ့ ၄ / ၅ နှစ်လောက်ကစပြီး အင်တာနက်အမြန်နှုန်းတွေ တိုးတက်လာတာကြောင့်၊ အင်တာနက်ပေါ်မှာ ဗွီဒီယိုကလစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်တဲ့ အကျိုးဆက်အနေနဲ့ ဗွီဒီယိုတွေကိုကြည့်ပြီး သင်ယူမှုတွေ ကောင်းစွာလုပ်နိုင်ပါပြီ၊ Online Learning Platform တွေပေါ်ကနေ နိုင်ငံတကာမှာ သင်နေတဲ့ ပညာရပ်တွေကို သင်ယူနိုင်မယ့်အခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် နှစ်အနည်း ငယ်အတွင်းမှာ ကျွန်တော်တို့ရဲ့ လူ့စွမ်းအားအရင်းအမြစ်က နိုင်ငံတကာအဆင့် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

 

Online Learning ရဲ့ အကျိုးကျေးဇူးတွေက ဘယ်နေရာကမဆို သင်လို့ရတယ်။ လူကြီး၊ လူငယ်မရွေး သင်ယူလို့ရတယ်။ တချို့သင်ခန်းစာတွေကို မိုလ်ဘိုင်းဖုန်းရှိတာနဲ့ မိုဘိုင်းဖုန်းကို အသုံးပြုပြီး သင်ယူလို့ရတယ်။ Online Learning Platform တွေမှာ သင်ယူမယ်ဆိုရင် ပုံမှန်သင်တန်း ချိန်တွေနဲ့ ပုံမှန်သင်တန်းတွေလို သတ်မှတ်ထားတဲ့အချိန်မှာ သွားတက်ရမှာမျိုး မဟုတ်ပါဘူး။ ကိုယ်အားတဲ့အချိန်မှာ သင်ယူနိုင်ပါတယ်။ ကိုယ်အားတဲ့အချိန်က ညပဲ အားတယ်ဆိုရင် ညဘက်၊ နံနက် အားတယ်ဆို နံနက်ဘက် ကိုယ်အားတဲ့အချိန်မှာ သင်ယူလို့ရပါတယ်။

 

 ဒါ့အပြင် Platform တွေ ဘက်ကလည်း တစ်ကမ္ဘာလုံးမှာရှိတဲ့ သင်ယူသူတွေ၊ မြန်မာနိုင်ငံက Local Platform တွေဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ သင်ယူသူတွေကို တစ်ပြိုင်နက်တည်း သင်ပေးနိုင်တာကြောင့် သင့်တင့်တဲ့ သင်တန်းကြေးနဲ့ သင်ပေးနိုင်ပါတယ်။

 

လူငယ်အများအပြားကို နောက်ဆုံးပေါ် နည်းပညာတွေ သင်ပေးခြင်းဖြင့် လူငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ အနာဂတ်တွေကို ဖန်တီးပေးရာ ရောက်ပါမယ်။ လူငယ်တွေရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို စီးပွားရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ SME လုပ်ငန်းတွေမှာ နောက်ဆုံးပေါ် နည်းပညာတွေ ထိထိရောက်ရောက် အသုံးပြုခြင်းဖြင့် စီးပွားရေးလုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည်ကို မြင့်တက်အောင် ကူညီရာရောက်ပါမယ်။ စီးပွားရေးလုပ်ငန်းတွေ၊ SME လုပ်ငန်းတွေမှာ နည်းပညာတွေသုံးလာလို့ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းအားမြင့်လာရင် နိုင်ငံရဲ့ စီးပွားရေးကို ကောင်းစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

 

အစီအစဉ်မှူး။   ။           ဒစ်ဂျစ်တယ် စီးပွားရေးသို့ အဘက်ဘက်က ကူးပြောင်းနေတဲ့အချိန် ဖြစ်တာကြောင့် ပညာရေးနဲ့ သင်ကြားရေးဘက်တွေမှာ ဘယ်လိုတွေ ဦးဆောင်ပြောင်းလဲလာတယ် ဆိုတာကို ဒေါ်ချစ်အိမ်သူက ရှင်းပြပေးပါဦး။

 

ဒေါ်ချစ်အိမ်သူ။ ။           CCEducare Myanmar အနေနဲ့ သင်ကြားရေးစင်တာတွေ၊ ဆရာ / ဆရာမတွေ၊ တက္ကသိုလ်တွေကို နည်းပညာကူးပြောင်းဖို့အတွက် ကိုဗစ်ကာလ မဖြစ်ပွားခင်အချိန်ထဲက ဆောင်ရွက်ပေးနေတာ ရှိပါတယ်။ အခုလို ကိုဗစ်ရောဂါ ဖြစ်ပွားတဲ့အချိန်မှာ ကျောင်းတွေ ပိတ်ရတာရှိတယ်။ သင်ကြားသင်ယူမှုတွေ အကုန်လုံးရပ်သွားတာ ရှိတယ်။

 

ဒီလိုမျိုး နည်းပညာကို ပြောင်းလဲလာကြတဲ့အချိန်မှာ ကျောင်းသားဘက်ကနေ မိမိအချိန်ကို ခန့်ခွဲတတ်လာမယ်၊ Self-Study လုပ်ရတာ လွယ်မယ်လို့ထင်ပါတယ်။ လူငယ်တော်တော်များက အခုဆိုရင် မိုလ်ဘိုင်းဖုန်းနဲ့ အင်တာနက်ကို သုံးကြပါတယ်။ တစ်ဖက်မှာ ဆရာတွေက ဒါကို အရှိန် အဟုန်နဲ့ လေ့လာသင်ယူအသုံးပြုကြတာကို တွေ့မြင်ရပါတယ်။

 

သင်ကြားရေးဘက်မှာ ဘာကြောင့်နည်းပညာဘက်ကို ပြောင်းသင့်သလဲဆိုရင် နည်းပညာ ဆရာတစ်ယောက်က သူအရင်တုန်းက သင်ရမယ့် စာကိုပဲ ထပ်ခါထပ်ခါ သင်နေရမယ်။ အခုလို နည်းပညာနဲ့ဆိုရင် ဒါတွေကို Vedio Recording လုပ်ထားပြီး ဗွီဒီယိုတွေကို အွန်လိုင်းပေါ်ကနေ မျှဝေပေးနိုင်ပါတယ်။ ဒီလိုမျှဝေပေးတဲ့အချိန်မှာ သူရှိတဲ့ နေရာတစ်ခုထဲကို သာမက တစ်နိုင်ငံလုံး အတိုင်းအတာအထိ မျှဝေပြီး သင်ကြားပေးလို့ရပါတယ်။ ကျောင်းသားနဲ့ ဆရာ နှစ်ဦးနှစ်ဖက်လုံးအတွက် အချိန်ကုန် သက်သာတယ်၊ ငွေကြေးအရလည်း သက်သာတယ်။ နည်းပညာသုံးပြီးလုပ်တဲ့ Learning Management System Platform တွေက အများကြီးပါ။

 

နောက်တစ်ခုက ဒစ်ဂျစ်တယ်ပညာရေးလို့ပြောရင် အဖက်ဖက်က ပါလာပြီဖြစ်ပါတယ်။ အခြေခံပညာအဆင့်ဆိုရင် ဆရာတွေ သာမက မိဘတွေက ကျောင်းသားတွေနဲ့အတူ လိုက်ပါပြီး သင်ကြားပေးရတာတွေကို တွေ့လာရပါတယ်။ သင်ကြားရေးဘက်မှာ အဖက်ဖက်ကနေ ပံ့ပိုးပြီး စီးပွားရေးတစ်ခုလုံးကို တည်ဆောက်နိုင်မှာ ဒါတွေက အလျင်အမြန်သွားနိုင်မယ့် အရာတွေလို့ ကျွန်မ မြင်ပါတယ်။

 

အစီအစဉ်မှူး။   ။           လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ စီစဉ်ထားမှုတွေနဲ့ မြန်မာနိုင်ငံမှ သင်ယူလိုသူတွေအတွက် DETC တက်ရောက်ဖို့အတွက် ဘယ်လိုအရည်အချင်းတွေရှိဖို့လိုပြီး သင်ယူလိုသူတွေရဲ့ အခက်အခဲတွေက ဘာတွေရှိနေတယ်ဆိုတာကို ဦးမြမိုးအောင်က ဆွေးနွေးပေးပါဦး။

 

ဦးမြမိုးအောင်။  ။           ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီရဲ့ Road Map ထဲမှာ ရည်ရွယ်ချက်တစ်ခုပါပါတယ်။ ဒါက နောက်ဆုံးပေါ် နည်းပညာတွေကို နိုင်ငံအနှံ့မှာရှိတဲ့ နည်းပညာ စိတ်ဝင်စားတဲ့လူတွေကို သင်ပေးဖို့၊ နိုင်ငံတကာမှာသင်နေတဲ့ သင်ခန်းစာတွေကို အွန်လိုင်းပေါ်ကနေ လွယ်လွယ်ကူကူ ကုန်ကျစရိတ်နည်းနည်းနဲ့ သင်နိုင်ဖို့နဲ့ အလုပ်အကိုင်သေချာတဲ့၊ Job Ready ဖြစ်တဲ့ သင်ခန်းစာတွေ၊ ဘာသာရပ်တွေကို သင်ယူလိုသူတွေရဲ့ မိမိတို့ နေထိုင်တဲ့ ဒေသကနေ သင်ယူနိုင်ရမယ်၊ သင်ယူပြီးရင် အဲဒီဒေသမှာဘဲ အလုပ်လုပ်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပါ။

 

အထူးသဖြင့် ကျောင်းတွေပိတ်ထားတဲ့ ကိုဗစ်ကာလမှာ လူငယ်တွေက နောက်ဆုံးပေါ် နည်းပညာတွေကို သင်ယူနိုင်ဖို့၊ နိုင်ငံတကာကုမ္ပဏီကြီးတွေက အသိအမှတ်ပြုလက်မှတ်တွေရရှိဖို့ ကျွန်တော်တို့ လုပ်ပေးပါ့မယ်။ ဒစ်ဂျစ်တယ် စီးပွားရေးကော်မတီရဲ့ ဆောင်ရွက်နေတဲ့အစီအစဉ်တွေထဲမှာ နောက်ဆုံးပေါ် နည်းပညာဘာသာရပ်တွေ သင်ယူနိုင်ဖို့အတွက် ပထမတစ်ခုက မြန်မာဘာသာနဲ့ သင်ယူနိုင်တဲ့ အစီအစဉ်တစ်ခု လုပ်ထားပါတယ်။ ဒါက နည်းပညာကို အသုံးပြုပြီး ကိုယ်ပိုင်စီးပွားရေး ထူထောင်ချင်တဲ့၊ ထူထောင်နိုင်မယ့် စွန့်ဦးတီထွင်မှုသင်တန်းပါ။ ဖန်တီးရာအင်စတီကျူနဲ့ ပူးပေါင်းပြီး အွန်လိုင်းကနေ သင်ကြားပေးပါတယ်။

 

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ရေအခက်အခဲ၊ အမှိုက်ပြဿနာ၊ သယ်ယူပို့ဆောင်ရေး ပြဿနာ၊ သဘာဝပတ်ဝန်းကျင်ပြဿနာ၊ ဈေးကွက်ရှာဖွေရေးပြဿနာ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ကြုံနေရတဲ့အခက်အခဲတွေကို နည်းပညာသုံးပြီး ဘယ်လိုဖြေရှင်းမလဲ၊ နည်းပညာအိုင်ဒီယာတွေကို အခြေခံပြီး စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုထူထောင်မလဲဆိုတာကို ကျွန်တော်တို့ သင်ပေးပါတယ်။

 

ဒုတိယတစ်ခုက နိုင်ငံတကာမှာသင်နေတဲ့ သင်ခန်းစာတွေနဲ့ နောက်ဆုံးပေါ် နည်းပညာတွေ ကို သင်ယူဖို့အတွက် ကမ္ဘာ့ထိပ်တန်း အွန်လိုင်းပညာရေး Platform တစ်ခုဖြစ်တဲ့ Coursera နဲ့ ပူးပေါင်းပြီး နည်းပညာ၊ စီးပွားရေးပညာ ၊ အင်ဂျင်နီယာဘာသာရပ်၊ ကျန်းမာရေးပညာရပ်၊ အနုပညာ၊ ဘာသာစကားအစရှိတဲ့ ပညာရပ်တွေထဲက သင်တန်းပေါင်း ၃၀၀၀ ကျော်ကို အွန်လိုင်းကနေ အခမဲ့ သင်ယူနိုင်ဖို့ ကျွန်တော်တို့စီစဉ်ထားပါတယ်။

 

အဲဒီအထဲမှာ စမ်းသပ်ကာလအနေနဲ့ ပထမအသုတ်မှာ Google ရဲ့ IT Support, Social Media Marketing, Data Science, Software Development အစရှိတဲ့ ဘာသာရပ်လေးခုကို အဓိကထားပြီး သင်ယူနိုင်ဖို့ အားပေးတဲ့အစီအစဉ်တွေ ကျွန်တော်တို့ လုပ်ထားပါတယ်။

 

နောက်လာမယ့်အသုတ်တွေမှာ Machine Learning, Artificial Intelligence, Cloud Computing, IOT စတဲ့နောက်ဆုံးပေါ်နည်းပညာတွေကို တိုးချဲ့သွားဖို့ စီစဉ်ထားပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းမှာ နည်းပညာစိတ်ဝင်စားသူ လူငယ် ၅၀၀၀ကျော်ကို နောက်ဆုံးပေါ်နည်းပညာတွေ အွန်လိုင်းပေါ်က အခမဲ့သင်ပေးဖို့ ကျွန်တော်တို့စီစဉ်နေပါတယ်။

 

 ဒီသင်တန်းတွေကို တက်ရောက်ဖို့ လိုအပ်ချက်အရေးကြီးဆုံးက နည်းပညာမှာ စိတ်ဝင်စားတဲ့ သူဖြစ်ဖို့လိုပါတယ်။ နိုင်ငံတကာမှာ သင်နေတဲ့သင်ခန်းစာတွေက အင်္ဂလိပ်လို သင်ရတာဖြစ်တဲ့အတွက် အင်္ဂလိပ်စာ အသင့်အတင့် နားလည်ထားဖို့လိုပါတယ်။ ဘွဲ့မရသေးတဲ့ သူတွေလည်း သင်လို့ရပါတယ်။ Software Development သင်တန်းမှာဆိုရင် ၁၀ တန်းကျောင်းသားတွေ တက်ရောက်နေကြပါတယ်။ အတွေ့အကြုံမရှိလည်း နည်းပညာကိုစိတ်ဝင်စားရင် သင်ယူလို့ရနိုင်အောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်။

 

တချို့ဘာသာရပ်တွေက ဖုန်းလေးတစ်လုံးနဲ့အင်တာနက်ရှိတာနဲ့ သင်ယူလို့ရပါတယ်။ ကိုယ်အားတဲ့အချိန်၊ ညဘက်အားတယ်ဆိုရင်ည၊ နံနက်ပိုင်းအားတယ်ဆိုရင် နံနက်၊ တစ်နေ့ကို နှစ်နာရီ၊ သုံးနာရီလောက် သင်နိုင်မယ်ဆိုရင် တချို့ ဘာသာရပ်တွေက ၃ လလောက်အတွင်းမှာ ပြီးဆုံးသွားမှာပါ။ တချို့ဘာသာရပ်တွေက ၆လလောက်အတွင်းမှာ သင်ယူပြီးစီးသွားမှာပါ။ ပြီးစီးတာနဲ့ အလုပ်ရနိုင်မယ့် Job Ready ဖြစ်တဲ့ နည်းပညာဘာသာရပ်တွေ ဖြစ်ပါတယ်။

 

သင်ယူတဲ့သူဘက်ကတွေ့ကြုံနေတဲ့ အခက်အခဲကိုလည်း နည်းနည်းရှင်းပြချင်ပါတယ်။ အများစုကြုံရတဲ့ အခက်အခဲကတော့ ဘာသာစကားပါပဲ။ နိုင်ငံတကာမှာသင်တဲ့ သင်ခန်းစာတွေကို သင်တဲ့အခါ အင်္ဂလိပ်လို သင်ရတာများပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့တွေ မြန်မာဘာသာစကား၊ တိုင်းရင်းသားဘာသာစကားနဲ့ အွန်လိုင်းပေါ်က သင်ယူနိုင်မယ့် သင်ခန်းစာတွေဖန်တီးဖို့၊ အားပေးဖို့ လိုပါတယ်။

 

နောက်ထပ် အခက်အခဲတစ်ခုက အချို့လူငယ်တွေက မိုလ်ဘိုင်းဖုန်းနဲ့ပဲ သင်ယူနေတယ်၊ မိုလ်ဘိုင်းဖုန်းနဲ့ပဲ စမ်းသပ်ဆောင်ရွက်တာတွေ လုပ်ဆောင်နေပါတယ်။ ကွန်ပျူတာနဲ့ လက်ပ်တော့သာ သူတို့မှာရှိရင် ပိုပြီးလေ့ကျင့်နိုင်မှာပါ။ နည်းပညာကိုပိုပြီး အသုံးချစမ်းသပ်နိုင်မှာပါ။ နောက်ပြီး သင်ယူတဲ့အခါမှာ မိုလ်ဘိုင်းအင်တာနက်ကို သုံးမယ်ဆိုရင် ကုန်ကျစရိတ် များနေပါသေးတယ်။ အချို့လူငယ်တွေက မိုလ်ဘိုင်းအင်တာနက်ကိုသုံးပြီး သင်ယူနေရတာပါ။

 

ဒီလူငယ်တွေအတွက် online ကနေ video clip ကြည့်ပြီး သင်မယ်ဆိုရင်၊ တစ်နာရီကို မိုလ်ဘိုင်းအင်တာနက် 1 GB လောက် ကုန်မှာဖြစ်တဲ့အတွက် အနည်းဆုံး တစ်နာရီကို တစ်ထောင်ကျပ်နီးပါးလောက် ကုန်ကျစရိတ်ရှိနေပါတယ်။ ဘာသာစကားအခက်အခဲရှိတာ၊ နည်းပညာအတွေ့အကြုံ အားနည်းတဲ့သူတွေကို အဆင်ပြေအောင်ကူညီဖို့  ဖန်တီးရာ အင်စတီကျုနဲ့ပူးပေါင်းပြီး Study Group Programme ဆိုပြီး လုပ်ထားပေးပါတယ်။

 

အဲဒီမှာ စေတနာ့ဝန်ထမ်းဆရာတွေက ဘာသာရပ်ပိုင်းဆိုင်ရာ၊ ဘာသာစကားပိုင်းဆိုင်ရာ အခက်အခဲရှိသူတွေကို စနေ၊တနင်္ဂနွေတွေမှာ ပြန်ရှင်းပြပေးပါမယ်။ ဒီလိုအစီအစဉ်တွေနဲ့ သင်ယူသူတွေ အဆင်ပြေအောင်၊ သင်တန်းကို အောင်မြင်စွာပြီးစီးတဲ့အထိ သင်ယူနိုင်အောင် ဆွဲခေါ်သွားဖို့ စီစဉ်ထားပါတယ်။ သင်ယူသူတွေ သင်တန်းအောင်မြင်ပြီးစီးအောင် သင်ယူဖို့ကို အားပေးတဲ့အနေနဲ့ သင်ခန်းစာအားလုံး အောင်မြင်ပြီးစီးသွားရင် သင်တန်းဆင်းအသိအမှတ်ပြု လက်မှတ်ရသွားရင် ကျွန်တော်တို့ အလုပ်ရှာပေးတဲ့ အစီအစဉ်ကို စီစဉ်ထားပါတယ်။

 

ကျွန်တော်တို့နိုင်ငံမှာ လူငယ်တွေတော်တော်များများက တတ်ချင်စိတ်၊ သင်ယူချင်စိတ် ရှိကြပါတယ်။ အခုဆိုရင် ဒီသင်တန်းတွေကို တက်ဖို့အတွက် နည်းပညာစိတ်ဝင်စားသူ အယောက် ၆၀၀၀ ကျော် စာရင်းသွင်းကြပါတယ်။ ၄၀ ရာခိုင်နှုန်းလောက်က ရန်ကုန်နဲ့ မန္တလေးကဖြစ်ပြီး၊ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်းပြည်နယ် အစရှိတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ဖြစ်ပါတယ်။ Course တစ်ခုလုံးပြီးစီးဖို့ လအနည်းငယ်လိုနေသေးတာကြောင့် Professional Certificate တစ်ခုလုံးမပြီးသေးပေမယ့်၊ Module အလိုက်ပြီးစီးမှုအရဆိုရင် ကျွန်တော်တို့နိုင်ငံက သင်ယူသူရာခိုင်နှုန်းအလိုက် သင်ယူပြီးစီးမှုတွေက အခြားနိုင်ငံက ရာခိုင်နှုန်းတွေထက် တော်တော်များနေတာကိုတွေ့ရပါတယ်။ ဒါတွေက ဝမ်းသာစရာတွေပါ။

 

ဒီလိုနည်းပညာသင်တန်းတွေကို သင်ယူချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဆန်းသစ်တီထွင်မှုနဲ့ ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေး ဖေ့စ်ဘွတ်စာမျက်နှာမှာလာပြီး စာရင်းသွင်းရပါတယ်။ ဒီလို စာရင်းသွင်းပြီးရင် ကျွန်တော်တို့က Invitation email  ဖိတ်ခေါ်တဲ့အီးမေးလ် ပို့ပါတယ်။ အဲဒီ အီးမေးလ်ကနေတစ်ဆင့် ဝင်ရပါတယ်။ ပြီးရင် Application Download လုပ်ပြီး မိုလ်ဘိုင်းဖုန်းနဲ့ သင်ယူနိုင်မှာဖြစ်ပါတယ်။ ကိုယ်သင်ယူချင်တဲ့ ဘာသာရပ်ဆိုင်ရာသင်တန်းကို အပ်နှံဖို့ လိုအပ်ပါတယ်။ အခုအချိန်မှာတော့ ပထမအသုတ်သင်တန်း စာရင်းသွင်းခြင်းကာလကို ခဏရပ်နားထားပါ တယ်။ ဒုတိယအသုတ်ကိုလည်း အမြန်ဆုံးစနိုင်အောင် စီစဉ်နေပါတယ်။

 

အစီအစဉ်မှူး။   ။ အခုလို ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ကာလမှာ သင်ကြားရေးဘက်မှ နည်းပညာဖက် ကူးပြောင်းလာတဲ့အတွက် အကျိုးရှိပုံနဲ့ လက်ရှိအသုံးပြုလို့ရမယ့် အက်ပလီကေးရှင်းတွေ အကြောင်းကိုလည်း ဆွေးနွေးပေးပါဦး။

 

ဒေါ်ချစ်အိမ်သူ။ ။ ကျွန်မတို့ CCEducare Myanmar ဖက်က လုပ်နေတဲ့ အက်ပလီကေးရှင်းတွေ၊ လုပ်နေတာတွေကို မျှဝေပေးရမယ်ဆိုရင် တစ်ပိုင်တစ်နိုင် သင်တန်းကျောင်းဖွင့်ထားတဲ့ ဆရာမတွေဆိုရင် ကိုဗစ်ရောဂါဖြစ်ပွားတဲ့အချိန်မှာ အခက်အခဲဖြစ်သွားပါတယ်။ ကျောင်းတွေ လုံးဝပိတ်လိုက်ရတယ်။ အခုဆိုရင် ၈လလောက်ရှိပြီဖြစ်ပါတယ်။ ဒီလိုသင်တန်းတွေဖွင့်ရာက အွန်လိုင်းဖက်ကို သွားတဲ့အချိန်မှာ အခက်အခဲတွေရှိပါတယ်။ အွန်လိုင်းဗွီဒီယိုဖန်တီးတာတွေ၊ ပုံမှန်စာသင်ခန်းသင်ရိုးကို အွန်လိုင်းသင်ရိုးတွေ ဖန်တီးတဲ့အချိန်မှာ မရင်းနှီးသေးတာရော၊ နည်းပညာအရရော၊ အီးမေးလ်အသုံးပြုတာတွေရော စတဲ့ ကိစ္စလေးတွေကအစ ကျွန်မတို့ အကူအညီတွေပေးရပါတယ်။

 

အခုဆိုရင် အဖွဲ့အစည်းပေါင်း ၁၀၀ နီးပါးလောက်ရှိပြီဖြစ်ပါတယ်။ တက္ကသိုလ်တွေ၊ ပြင်ပ ပုဂ္ဂလိကအဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို မိရိုးဖလာကနေ ဒစ်ဂျစ်တယ် နည်းပညာကို ပြောင်းလဲဆောင်ရွက်ရတာတွေကို ကျွန်မတို့ကူညီပြီး လုပ်ဆောင်ပေးခဲ့ပါတယ်။ တချို့ကလည်းမေးကြတယ်။ ကိုဗစ်ကာလပြီးသွားရင်ရော အွန်လိုင်းကိုပဲ ၁၀၀ ရာခိုင်နှုန်းသွားကြတော့မလား ဆိုပြီး မေးကြပါတယ်။

 

ကျွန်မအမြင်ပြောရရင် အွန်လိုင်းကနေသင်ကြားတာက အပြင်မှာသင်ကြားလို့ရမယ့် သင်ကြားရေးရဲ့အနှစ်သာရကို ဖျောက်ပစ်လိုက်တာမဟုတ်ပါဘူး။ ဒါကို သင်ထောက်ကူပစ္စည်းလို့ပဲ ကျွန်မတို့ မြင်ရပါမယ်။ အက်ပလီကေးရှင်းတွေ၊ ဆော့ဖ်ဝဲလ်တွေ အမျိုးမျိုးထွက်လာတယ်။ နိုင်ငံခြားတွေမှာဆိုရင် သင်ကြားရေးကို အမျိုးမျိုးပြောင်းလာကြတော့ ကျွန်မတို့နိုင်ငံမှာလည်း ဒါတွေ အနှေးနဲ့အမြန်ဖြစ်လာမယ်။

 

ဒီလိုဖြစ်လာတဲ့အချိန်မှာ သင်ကြားတဲ့ဘက်မှာလည်း ဒါတွေကို လက်ခံပြီး အစားထိုးတာမျိုး မဟုတ်ဘဲ သင်ထောက်ကူအနေနဲ့ မြင်စေချင်ပါတယ်။ ဒါကတော့ တော်တော်များများ အမေးများနေတဲ့ အပြင်မှာ သင်တန်းမဖွင့်ရတော့ဘူးလားဆိုတဲ့ မေးခွန်းကို ဖြေပေးတာ ဖြစ်ပါတယ်။

 

အဖွဲ့အစည်းတစ်ခုဆိုရင် ကယားပြည်နယ်မှာ မော်တော်ဆိုင်ကယ်ပြုပြင်ရေးသင်တန်း ၃ လကြာဖွင့်ပါတယ်။ ဒါပေမယ့် အခက်အခဲက ၃ လလုံး လာပြီးမတက်နိုင်တဲ့သူတွေ အများကြီးရှိပါတယ်။ ကိုဗစ်ဖြစ်နေတဲ့အချိန်ဆိုတော့ ပိုဆိုးပါတယ်။ အဲဒီလိုအချိန်ပေးပြီး မတက်နိုင်တဲ့သူတွေအတွက် ကျွန်မတို့က အွန်လိုင်းကိုပြောင်းလိုက်ပါတယ်။ စက်တွေကို သေချာရိုက်ပြတယ်။ ဒါတွေကို ဘယ်လို ပြင်ရတယ်ဆိုပြီး အဲဒီလို အသက်မွေးဝမ်းကြောင်းပညာတွေ သင်ပေးပါတယ်။ သူတို့အတွက် အက်ပလီကေးရှင်းလည်း ဆွဲပေးခဲ့တယ်။ ဒါကတော့ ကျွန်မတို့လုပ်ခဲ့တဲ့ အတွေ့အကြုံကို မျှဝေပေးတာပါ။

 

အခုဆိုရင်နိုင်ငံတကာမှာ အခမဲ့သုံးလို့ရတဲ့ အက်ပလီကေးရှင်းတွေ အများကြီးရှိပါတယ်။ နည်းပညာကို ပြောင်းမယ်ဆိုရင် ငွေကြေးအကုန်အကျတွေ များတော့မယ်လို့ တော်တော်များများ ထင်ကြပါတယ်။ တကယ်တမ်းတော့ အလွယ်တကူနဲ့ နည်းပညာကိုပြောင်းလို့ရတာတွေ အများကြီးရှိတယ်။ မိရိုးဖလာမျက်နှာချင်းဆိုင်သင်ရတဲ့ စာသင်ခန်းတွေကို ကျွန်မတို့က အွန်လိုင်းပေါ်တင်ကြပြီ။ Google Classroom ဆိုတာကို ကျွန်မကတော့ အကြံပြုချင်တယ်။ အခုလက်ရှိမှာ အများဆုံး သုံးနေကြပြီဖြစ်ပါတယ်။

 

အဲဒီမှာဆိုရင် ဆရာ/ဆရာမတစ်ယောက်က သူ့မှာ အီးမေးလ်အကောင့်ရှိတာနဲ့ အွန်လိုင်းပေါ်မှာ သင်တန်းကျောင်းဖွင့်လို့ရပြီ ဖြစ်ပါတယ်။ သူ့ရဲ့စာတွေကို PDF ဖိုင်တွေ ပြောင်းပြီး တင်ထားမယ်။ ပြီးရင် စာသင်တဲ့ဗွီဒီယိုကို မိုလ်ဘိုင်းဖုန်းနဲ့ဖြစ်ဖြစ်၊ ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ် တင်လို့ရပါတယ်။ ပြီးရင် သူ့ရဲ့ကျောင်းသားကို အဲဒီကနေ ပို့ပေးလိုက်လို့ရပါတယ်။ ဒီသင်တန်းကိုတက်ပါဆိုပြီး Share ပေးလိုက်လို့ရပါတယ်။

 

ကျောင်းသားတွေက တက်ပြီးပြီ၊ ဖြေပြီးပြီဆိုရင် ဒီဟာကို အမှတ်ခြစ်တဲ့အနေနဲ့ ကြည့်လို့ရပါတယ်။ ပြောရမယ်ဆိုရင် နေ့စဉ်သင်ကြားရေးမှာ လိုအပ်တဲ့ လိုအပ်ချက်တွေအကုန်လုံးကို ဒီအက်ပလီကေးရှင်းမှာ လုပ်ဆောင်လို့ရပါတယ်။ ဒါကို အခမဲ့သုံးလို့ ရပါတယ်။ သုံးဖို့အတွက် အင်တာနက်တော့ လိုပါမယ်။ ဆရာ/ဆရာမ တော်တော်များများကို ဒါလေးတွေကို သင်ကြားပေးဖြစ်ပါတယ်။

 

ကိုဗစ်ရောဂါပြီးသွားတဲ့အချိန်မှာတောင် ကျွန်မအကြံပြုချင်တာက အွန်လိုင်းက မဖြုတ်ချလိုက်ပါနဲ့။ နည်းပညာက ပြောင်းကို ပြောင်းရမယ့်အချိန် ဖြစ်နေပါပြီ။ လိုအပ်မှသာ လူချင်းတွေ့မယ်။ ဆွေးနွေးမှုတွေလုပ်ကြမယ်။ ဒီဂျစ်တယ်နည်းပညာကို အသုံးပြုပြီး Critical thinking ဖက်ကို သွားနိုင်အောင် လုပ်ဆောင်ကြမယ်။ ပုံမှန်သမားရိုးကျသင်နေတာတွေကို အွန်လိုင်းကိုပြောင်းလိုက်မယ်။ ဆွေးနွေးကြတာ၊ Presentation လုပ်ကြတာ၊  ကျောင်းသားရဲ့ တွေးခေါ်မှုစွမ်းရည်တွေ တက်လာအောင် သင်ကြားမှုအပိုင်းမှာ အဲဒီလိုအရာတွေကို မြှင့်တင်ပေးသင့်ပါတယ်။ မြှင့်တင်ပေးဖို့ကိုလည်း ကျွန်မတို့ ကူညီချင်ပါတယ်။

 

ဒီအစီအစဉ်ကို ကြည့်နေတဲ့ ဆရာ/ဆရာမတွေ၊ သင်ကြားပေးနေတဲ့ အဖွဲ့အစည်းတွေရှိခဲ့ရင် ကျွန်မတို့ CCEducare Myanmar ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း လာရောက်မေးမြန်းပြီး အခမဲ့ဆွေးနွေးနိုင်ပါတယ်။ အခုဆိုရင် ကျွန်မတို့ CCEducare Myanmar လုပ်လာတာလည်း ၄ နှစ်လောက်ရှိလာပါပြီ။ ပညာရေးဝန်ကြီးဌာနနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ အခြားအဖွဲ့အစည်းတွေလည်း များစွာရှိပါတယ်။ နယ်တွေအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နည်းပညာကို ပြောင်းလဲတဲ့ပရောဂျက်တွေ အများကြီးလုပ်ပေးနေတဲ့ အတွေ့အကြုံရှိပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ဆွေးနွေးပေးချင်ပါတယ်။ မေးမြန်းချင်တာ၊ ဆွေးနွေးချင်တာတွေရှိခဲ့ရင် ကျွန်မတို့ကို ဆက်သွယ်ပေးပါလို့ ပြောချင်ပါတယ်။

 

ထက်လျှံ