ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်

နေပြည်တော်၊ ၂၃ ဒီဇင်ဘာ

 

ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု၌ ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုမှု ကျယ်ပြန့်လာပုံများနှင့် ပညာရေးတွင် ဒစ်ဂျစ်တယ် စီးပွားရေး၏ အရေးပါပုံများနှင့် ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၂၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။   ။           မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ ပညာရေးကဏ္ဍအနေနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးမှာ အရေးပါပုံတွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီးရရှိလာတဲ့ အကျိုးကျေးဇူးတွေအကြောင်းကိုတင်ပြမယ့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

 

ဒီနေ့အစီအစဉ်မှာ ပါရမီတက္ကသိုလ် ဥက္ကဋ္ဌ ဒေါက်တာကျော်မိုးထွန်းနဲ့ Strategy First University ၏ ဥက္ကဋ္ဌနှင့် Waso Learn ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ချစ်ခင်တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

ပထမဦးဆုံး မေးခွန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုမှာ ဒစ်ဂျစ်တယ် နည်းပညာရဲ့ ပြောင်းလဲလာမှုတွေနဲ့ ပညာရေးမှာ ဒစ်ဂျစ်တယ် စီးပွားရေးရဲ့ အရေးပါပုံတွေကို ဒေါက်တာကျော်မိုးထွန်းက ရှင်းပြပေးပါဦး။

 

ဒေါက်တာကျော်မိုးထွန်း။                      ။           ပညာရေးမှာ ဒစ်ဂျစ်တယ် စီးပွားရေးလို့ပြောတယ်ဆိုရင် ကျွန်တော်အနေနဲ့ Mr. Richard Buckminster Fuller (၁၉၃၈ ခုနှစ်) တင်ပြခဲ့တဲ့ Ephemeralization ဆိုတဲ့ဖြစ်စဉ်ကို အမှတ်ရပါတယ်။ ဒီဖြစ်စဉ်က ဘာကိုဆိုလိုတာလဲဆိုတော့ ဒီခေတ်အခါကြီးမှာ နည်းပညာရဲ့ တိုးတက်မှုတွေကြောင့် ပစ္စည်းနည်းနည်းနဲ့ အလုပ်ကို များများလုပ်လာနိုင်ပြီး အနာဂတ်မှာ ဘာမှပစ္စည်းတွေမရှိတော့ဘဲ အလုပ်တွေ အများကြီးလုပ်လာနိုင်မယ့် အခြေအနေဖြစ်စဉ်ကို သူက ပြောခဲ့ပါတယ်။

 

အဲဒီလိုမျိုး ဖြစ်စဉ်တွေက ဒီခေတ်၊ ဒီအခါမှာ မျက်မြင်သက်သေပါ။ အရင်တုန်းက ကွန်ပျူတာဆိုတာ အရွယ်အစား အကြီးကြီးတွေ လာတာပါ။ အခုခေတ်မှာ Laptop ဆိုတာ သေးသေးလေးပါ။ အခုဆိုရင် မိုလ်ဘိုင်းဖုန်းတွေ အသုံးပြုပြီး အရင်တုန်းက လုပ်ခဲ့သမျှတွေကို မိုလ်ဘိုင်းဖုန်းကနေ လုပ်လာနိုင်တဲ့ အခြေအနေ ရောက်လာပါပြီ။

 

ဒစ်ဂျစ်တယ် နည်းပညာပြောင်းလဲမှုမှာ ပညာရေးဆိုရင် အပိုင်းနှစ်ပိုင်း ကျွန်တော် မြင်ပါတယ်။ ပထမတစ်ပိုင်းက ကျောင်းတွေရဲ့ ပုံမှန်လည်ပတ်မှုမှာ ဒစ်ဂျစ်တယ် နည်းပညာပြောင်းလဲမှုတွေနဲ့ အစားထိုး သုံးစွဲလာတာ ဖြစ်ပါတယ်။ ဥပမာ - ကျောင်းလခ ကောက်ခံတဲ့အခါ e-Payment တွေ သုံးလာတဲ့ အခြေအနေတွေ၊ ကျောင်းအုပ်ချုပ်ရေးမှာ ဒစ်ဂျစ်တယ် နည်းပညာကို သုံးလာတာတွေ ဒီအပိုင်းမှာဆိုရင် Ellucian, Classe365, Fedena တို့စတဲ့ ကျောင်းအုပ်ချုပ်ရေးအတွက် သုံးတဲ့ Platform တွေ၊ Software တွေ ပေါ်လာပါပြီ။

 

နောက်ဒုတိယ တစ်ပိုင်းက ကျောင်းရဲ့ အဓိက လုပ်ငန်းတစ်ခုဖြစ်တဲ့ သင်ကြားရေးအပိုင်းမှာ နည်းပညာတွေ သုံးလာတာဖြစ်ပါတယ်။ အခုဆိုရင် Zoom Meeting တွေနဲ့ ကျွန်တော်တို့ ပြောနေကြ တယ်။ Big Blue Bottom, Blue Jeans တို့ အများကြီးရှိပါတယ်။ ဒါတွေ အကုန်လုံး Virtual Video Conferencing လုပ်ပြီး သင်ကြားရတာ ဖြစ်ပါတယ်။ ဒီအပြင် သင်ကြားရေးအပိုင်းမှာ နောက်ထပ် Learning Management System လို့ခေါ်တဲ့ Google Class Room တို့၊ Moodle, Canvas, Sakai ဒါတွေလည်း ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။

 

ပညာရေးမှာ ဒစ်ဂျစ်တယ်နည်းပညာရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးက တော်တော်ကြီးကို ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ကျွန်တော်က မြင်ပါတယ်။ ယနေ့ခေါင်းစဉ်က အွန်လိုင်းသင်ယူမှုဖြစ်တဲ့အတွက် ဒုတိယအပိုင်းနဲ့ ပိုပြီးသက်ဆိုင်တယ်လို့ ကျွန်တော် မြင်ပါတယ်။

 

အစီအစဉ်မှူး။   ။           အခုလို ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာ ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုမှု ကျယ်ပြန့်လာပုံတွေနဲ့ သင်ကြားရေးအပိုင်းမှာ အသုံးပြုနေတဲ့ ဒစ်ဂျစ်တယ် နည်းပညာရဲ့ အရေးပါပုံတွေကိုလည်း ရှင်းပြပေးပါဦး။

 

ဦးအောင်ချစ်ခင်။                      ။           နိုင်ငံတကာမှာ ပညာရေးအတွက် ဒစ်ဂျစ်တယ် နည်းပညာတွေ Education Technology အတိုကောက်အနေနဲ့ EdTech လို့ခေါ်တာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာ ကြာပါပြီ။ အွန်လိုင်းပုံစံနဲ့ အဝေးသင် သင်ကြားတာတွေ ရှိပါတယ်။ လူနဲ့ တွေ့တာ၊ အွန်လိုင်းနဲ့ တွေ့တာတွေကို ပေါင်းစပ်ပြီး နှစ်မျိုးစပ် Blended Learning လုပ်တာလည်း ရှိပါ တယ်။ စီမံခန့်ခွဲရေးအတွက် အသုံးပြုတာတွေ ရှိပါတယ်။

 

အခုလို ကိုဗစ်ရောဂါ ဖြစ်နေတဲ့အချိန်မှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်ရောဂါ ဖြစ်နေတဲ့အချိန်မှာ Education Technology (EdTech) နည်းပညာတွေ၊ ပညာရေးနည်းပညာတွေ အသုံးပြုပြီး ပြုပြင်ပြောင်းလဲရေးတွေကို အရှိန်အဟုန်မြှင့်နိုင်ဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ အစိုးရကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။

 

သင်ကြားရေးအပိုင်းမှာ အဓိက ကြိုတင်ရိုက်ကူးထားတဲ့ အွန်လိုင်းဗွီဒီယိုတွေကို အသုံးပြုပြီး Smart TV တွေ၊ Tablets တွေ၊ ဖုန်းတွေကနေ ပြန်ကြည့်တာတွေ၊ သင်ကြားတာတွေ လုပ်ကြပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ဆရာရှားပါးတဲ့ ဘာသာရပ်တွေ၊ အခုဆိုရင် အခြေခံပညာသင်ရိုးတွေ ပြောင်းတဲ့ အခါမှာ ပိုပြီးဘာသာရပ်စုံလာပါတယ်။ နယ်တွေမှာ ဆရာ၊ ဆရာမ မလုံလောက်တာတွေ ရှိလာတဲ့ အချိန်မျိုးမှာဆိုရင် ဒါအသုံးဝင်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။

 

နောက်ဘာသာစကား သင်ကြားရေးအနေနဲ့ အင်္ဂလိပ်စာဘာသာစကား သင်ကြားတယ်ဆိုရင် တကယ့်ကို မိခင်ဘာသာစကားအဖြစ် ပြောဆိုနိုင်တဲ့ ဆရာ၊ ဆရာမတွေနဲ့ ဗွီဒီယိုကနေ သင်ကြားပေးလို့ ရလာပါတယ်။ ကျွန်တော်တို့လုပ်နေတဲ့ အစီအစဉ်တစ်ခုမှာဆိုရင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ Smart TV သုံးပြီး ကျောင်းသင်ခန်းစာတွေကို လေ့လာနိုင်တဲ့ အနေအထားကို တွေ့ရပါတယ်။

 

နောက်တစ်ခုက Flip Classroom နည်းလမ်းကို သုံးပါတယ်။ စာသင်တဲ့ကိစ္စကို အိမ်မှာ ဗွီဒီယိုတွေနဲ့ ကြိုတင်ပြီး ကြည့်ထားပါတယ်၊ အတန်းထဲရောက်တဲ့အခါ ကျောင်းသား၊ ကျောင်းသူတွေ အချင်းချင်းတိုင်ပင်ပြီး ဆရာ၊ ဆရာမတွေရဲ့ ကြည့်ရှုပေးမှုနဲ့ သူတို့ လေ့ကျင့်ခန်းတွေလုပ်ကြတဲ့ ပြောင်းပြန်စာသင်တဲ့စနစ် ဒါမျိုးတွေ သုံးလာတာလည်း ရှိပါတယ်။

 

နောက်တစ်ခုက ဒစ်ဂျစ်တယ်သင်ရိုးနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်း၊ သင်ထောက်ကူရုပ်ပုံတွေကို အွန်လိုင်းပေါ်တင်ထားပြီး အလွယ်တကူ အသုံးပြုနိုင်အောင် လုပ်ပေးနေတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ ဒီလိုမျိုးတွေကို ကျောင်းတွေက အသုံးပြုပါတယ်။ နောက်အွန်လိုင်းစာကြည့်တိုက်တွေ ရှိပါတယ်။ နောက်ပြီး အိမ်စာနဲ့ ကျောင်းသင်ခန်းစာတွေကို အွန်လိုင်းကနေ အတူတကွ ဆွေးနွေးတာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေ ဒါတွေလည်း လုပ်လို့ရပါတယ်။ နောက်ဂိမ်းပုံစံ စိတ်လှုပ်ရှားဖွယ် ကောင်းအောင် အမှတ်ပေးတာတွေ၊ အကဲဖြတ်တာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေ လုပ်တာရှိပါတယ်။ ဒါကို Gamifying လို့ခေါ်ပါတယ်။

 

နောက်တစ်ခုက ဖုန်းထဲကနေ၊ Tablet ထဲကနေ ဒါမှမဟုတ် အထူးပြုလုပ်ထားတဲ့ မျက်မှန်ထဲကနေ ကြည့်လိုက်ရင် ကိုယ့်ရဲ့စားပွဲပေါ်ကို ပြတိုက်ထဲကပစ္စည်းတွေ၊ ရှားပါးပစ္စည်းတွေ ရောက်လာတာ၊ ရှားပါးနေရာတစ်ခု ဥပမာ - အန္တာတိကတိုက်ကို ရောက်နေသကဲ့သို့ ကြည့်နိုင်တာ၊ ဒါမျိုးတွေလည်း လုပ်လို့ရလာပါတယ်။ Augmented Reality (AR) နဲ့ Virtual Reality (VR) နည်းပညာတွေ အသုံးပြုတာဖြစ်ပါတယ်။

 

နောက်ပြီး သိပ္ပံစမ်းသပ်ချက်တွေဆိုရင် ကိုယ့်မျက်စိရှေ့မှာတင် ယုန်လေးတွေ၊ တိရစ္ဆာန်တွေ၊ လူတွေကို ပုံရိပ်တုနဲ့ ခွဲစိတ်တာမျိုး လုပ်နိုင်ပါတယ်။ ဒါတွေကလည်း သင်ကြားရေးမှာ အများကြီး အထောက်အကူပြုပါတယ်။ နောက်တစ်ခုက စာမေးပွဲအရည်အသွေး စစ်ဆေးတဲ့အပိုင်းမှာ ဓမ္မဓိဌာန် မေးခွန်းတွေကို ရုပ်သံတွေပါထည့်ပြီး မေးလို့ရလာပါတယ်။ ကျပန်းစနစ်နဲ့ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ကြိမ်နဲ့ တစ်ကြိမ် မေးခွန်းတွေ မတူအောင်လုပ်ပြီး မေးတာ၊ အမှတ်တွေ ချက်ချင်းထုတ်ပေးတာတွေ၊ ဆရာတွေကလည်း ဒါတွေကို အလွယ်တကူပြန်ပြီး စစ်ဆေးနိုင်အောင် လုပ်ထားတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

 

အစီအစဉ်မှူး။   ။ ကိုဗစ် - ၁၉ ကြောင့် ပြောင်းလဲသွားတဲ့အခြေနေအရ ကျောင်းသား/ကျောင်းသူတွေက အိမ်မှာနေပြီး ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုပညာသင်ကြားနိုင်မယ့် Online Learning ရဲ့ အရေးပါပုံတွေကို တင်ပြပေးပါဦး။

 

ဒေါက်တာကျော်မိုးထွန်း။          ။ အရာရာမှာ အကောင်းနဲ့ အဆိုး ဆိုတာရှိပါတယ်။ အွန်လိုင်းကနေ လေ့လာသင်ယူတာတွေလုပ်တဲ့အခါ ကောင်းတဲ့အချက်တွေ အများကြီးရှိပါတယ်။ ကောင်းတဲ့အမြင်နဲ့ ကျွန်တော် ပထမဦးစွာ ပြောပါမယ်။ ကျောင်းသား/ ကျောင်းသူတိုင်းက Online Learning လုပ်လာတဲ့အခါ ဘယ်နေရာရောက်ရောက် သူတို့ပိုပြီး လွယ်လွယ်ကူကူ လေ့လာသင်ယူလို့ရတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

 

ဒီခေတ်မှာ Personalized Learning လို့ပြောကြပါတယ်။ ကိုယ်ရဲ့အချိန်၊ ကိုယ်အလုပ်လုပ်တဲ့ အချိန်သည် နံနက်ပိုင်း၊ ညနေပိုင်းမှာ အားတယ်ဆိုရင် ဗွီဒီယိုတွေကို ညနေပိုင်းမှာကြည့်ပြီး သင်ယူလို့ရပါတယ်။ ကိုယ့်အတွက်အဆင်ပြေတဲ့ အခြေအနေနဲ့ လေ့လာလို့ရတာကို Personalized Education ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်အတွက် ပိုပြီးအဆင်ပြေသွားတယ်။ ဒါတွေက Online Learning အတွက် ကောင်းတဲ့အချက်တစ်ခုပါ။

 

နောက်တစ်ခုက အွန်လိုင်းကနေ လေ့လာသင်ယူတာတွေ လုပ်နေရင်းနဲ့ ကျောင်းသား/ ကျောင်းသူတွေက Digital Literacy ဒစ်ဂျစ်တယ်နည်းပညာသိနားလည်မှုတွေပါ ပိုပြီး တတ်ကျွမ်းသွားပါတယ်။ Platform တွေ၊ Software တွေကို ဘယ်လိုသုံးရမလဲဆိုတာ သူတို့ကိုယ်တိုင် ကြံဖန်စဉ်းစားပြီး မသုံးမနေရ သုံးလာရပြီဖြစ်တဲ့အတွက် သုံးတတ်အောင်ကို လုပ်ရပါတယ်။ ကျွန်တော်တို့လည်း အခုဆိုရင် Zoom နဲ့ ပြောနေရပါတယ်။ နည်းပညာအခက်အခဲတွေဆိုရင်လည်း အကုန်လုံး တိုင်တိုင်ပင်ပင်နဲ့ ဖြေရှင်းကြရပါတယ်။

 

နောက်ထပ် Online Learning ရဲ့ကောင်းကျိုးတစ်ခုက ဈေးသက်သက်သာသာနဲ့ ပေးလာနိုင်တဲ့ ပညာရေးမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အခုဆိုရင် ဖေ့စ်ဘွတ်ထဲမှာ အမြဲတမ်းတွေ့နေရတာတွေ ရှိပါတယ်။ Master Class တွေဆိုရင် ဆရာ/ဆရာမတွေနဲ့ သင်ကြားနိုင်ပြီ ဖြစ်ပါတယ်။ သင်ကြားရေးမှာ ဆရာတွေရှာဖို့ လွယ်ကူတဲ့အခွင့်အလမ်းလည်း ဖြစ်ပါတယ်။

 

Online Learning ကို ရှေ့ဆက်သွားရင်းနဲ့ သေချာထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သွားရမှာတွေ ရှိပါတယ်။ ဉပမာ - ကျောင်းသား/ကျောင်းသူတွေက Online Learning တို့၊ ဗွီဒီယိုကွန်ဖရင့်တို့ လုပ်နေရင်းနဲ့ နည်းပညာအားနည်းလို့ဖြစ်ဖြစ်၊ အင်တာနက်လိုင်းမကောင်းလို့ဖြစ်ဖြစ် ဗွီဒီယိုတွေကို ပိတ်ထားတာတွေ ရှိပါတယ်။

 

အဲဒီအခါ ဆရာတွေက ဗွီဒီယိုတွေဖွင့်ဖို့၊ မပိတ်ထားဖို့ ဒီလိုမျိုးတွေကအစ ထိန်းထိန်းသိမ်းသိမ်း လုပ်ရတာတွေရှိပါတယ်။ တစ်ခါတစ်လေကျရင် ကျောင်းသားတွေက အွန်လိုင်းမှာလည်း ရှိနေတယ်။ ဗွီဒီယိုကိုလည်း ဖွင့်ထားပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်တွေ၊ Twitter တွေ သုံးနေတယ်။ ဒါမျိုးတွေကျရင် ဆရာက ကျောင်းသားနဲ့ ပိုပြီးဆက်သွယ်နိုင်အောင် Engagement ပိုဖြစ်အောင် အမြဲတမ်း နည်းလမ်းတွေသုံးပြီး ကျောင်းသားတွေကို ပညာရေး မနိမ့်ကျသွားအောင် လုပ်ရတဲ့အပိုင်းတွေ ရှိပါတယ်။

 

အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီဆိုရင်  အခုပညာရေးအဆင့်အတန်းနဲ့ အရည်အသွေးကိုစစ်ဆေးတဲ့အခါ နံပါတ်စဉ် ၁၅ မှာအချက်တစ်ခုအဖြစ် သူတို့စိစစ်သွားမယ်ဆိုတာ သိရပါတယ်။ ဒါတွေက ကောင်းတဲ့အချက်တွေပါ။ ဒီလိုမျိုးတွေ လုပ်မှသာလျှင် မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ ပုဂ္ဂလိကကျောင်းတွေမှာဖြစ်ဖြစ်၊ အစိုးရကျောင်းတွေမှာဖြစ်ဖြစ် အရည်အသွေးရှိတဲ့ အွန်လိုင်းကနေ လေ့လာသင်ယူမှု Online Learning တွေပေါ်လာမှာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က ကြိုဆိုပါတယ်။ အဲဒီတော့ ကောင်းတာတွေရှိသလို၊ ဆိုးတာတွေလည်းရှိတဲ့အတွက် Online Learning ကို ပိုပြီးတိုးတက်အောင်လုပ်တဲ့အခါ နှစ်ဖက်စလုံးကို စဉ်းစားပြီးလုပ်ဖို့လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။

 

အစီအစဉ်မှူး။   ။ အခြေခံပညာရေးကဏ္ဍမှာ နည်းပညာအသုံးပြုလာမှုတွေနဲ့ ကျောင်းပြင်ပနဲ့ တစ်သက်တာ ပညာရေးကဏ္ဍမှာ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုခြင်းဖြင့် ရရှိလာမယ့် အကျိုး ကျေးဇူးတွေနဲ့ အခက်အခဲတွေက ဘယ်လိုတွေရှိနေသလဲဆိုတာကို ဆွေးနွေးပေးပါဦး။

 

ဦးအောင်ချစ်ခင်။          ။ ဒစ်ဂျစ်တယ်စီးပွားရေး လို့ဆိုတဲ့အတွက် လုပ်ငန်းပိုင်းဆိုင်ရာကိုလည်း ပြောသွားပါမယ်။ အခြေခံပညာအဆင့်အတွက် နိုင်ငံတကာမှာ နာမည်ကြီးနေတာက အခမဲ့သုံးနိုင်တဲ့ Khan Academy ဆိုတာ ရှိပါတယ်။ သူက အမြတ်အတွက် လုပ်ထားတဲ့အဖွဲ့အစည်း မဟုတ်ပါဘူး။ သုံးစွဲသူ သန်း ၇၀ လောက်ရှိပါတယ်။ နောက်ပြီး ပညာရေးဆိုင်ရာ နည်းပညာကုမ္ပဏီတွေထဲမှာ Yuanfudao ဆိုတဲ့ တရုတ်ကုမ္ပဏီ တစ်ခုဆိုရင် သုံးစွဲသူ သန်း ၄၀၀ ရှိပါတယ်။

 

နောက်ပြီး အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ Byju’s ဆိုတဲ့ Platform တစ်ခုလည်း ရှိပါတယ်။ အဲဒီမှာ သုံးစွဲသူတွေ သန်း ၄၀ လောက်ရှိပါတယ်။ ပြောချင်တာက ပညာရေးနည်းပညာနဲ့ ပတ်သက်ပြီး တစ်ဖက်မှာက ကလေးတွေ၊ လူကြီးတွေ သင်ယူမှုအတွက် အထောက်အကူပြုနိုင်သလို တစ်ဖက်မှာလည်း ဝင်ငွေတွေရနိုင်တယ်ဆိုတဲ့ အနေအထားရှိပါတယ်။

 

ကျွန်တော်တို့ နိုင်ငံအနေနဲ့ အစိုးရကဏ္ဍက ဦးဆောင်ပြီး အခြေခံပညာဦးစီးဌာနက ဆောင်ရွက်နေတဲ့ DBE Box ဝက်ဘ်ဆိုက်တွေ၊ ပရောဂျက်တွေ ရှိပါတယ်။ ဆရာ / ဆရာမတွေ၊ ကျောင်းသား/ ကျောင်းသူတွေ အသုံးပြုနိုင်အောင်၊ ဝက်ဘ်ဆိုက်ကနေ ဗွီဒီယိုတွေကြည့်နိုင်အောင်၊  စာအုပ်တွေ ဖတ်နိုင်အောင်၊ ဖတ်စာအုပ်တွေ လေ့လာနိုင်အောင် တင်ပေးထားတာ တွေ့ရပါတယ်။ ကိုဗစ်ရောဂါ ဖြစ်တဲ့အချိန်မှာ အထူးအရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်ထားတာကို တွေ့ရပါတယ်။ 

 

ကျောင်းသား၊ မိဘ၊ ဆရာ၊ အုပ်ချုပ်သူတွေကို ဆက်သွယ်နိုင်မယ့် ကျောင်းအုပ်ချုပ်မှုစနစ်တွေကို အင်တာနက်အသုံးပြုပြီး ဆောင်ရွက်လို့ရအောင် လုပ်ထားတာတွေ့ပါတယ်။ Report Card တွေ၊ ကျောင်းခေါ်ချိန်စစ်နိုင်တာမျိုးတွေ လုပ်ပေးထားပါတယ်။ ပုဂ္ဂလိကကဏ္ဍမှာ ကိုယ်ပိုင်ကျောင်းတွေ က Moodle, Google Classroom, Class Dojo စတဲ့ Learning Management System သင်ယူမှု၊ စီမံခန့်ခွဲမှု စနစ်တွေကို Zoom နဲ့ ချိတ်ဆက်ပြီး သင်ကြားနေကြတာ တွေ့ရပါတယ်။

 

မြန်မာနိုင်ငံမှာ ဗွီဒီယိုသင်ခန်းစာတွေပါတဲ့ Waso Learn တို့၊ Concept X တို့ ရှိပါတယ်။ နောက် AR နည်းပညာနဲ့ ဂိမ်းပုံစံပေါင်းစပ်ထားတဲ့ 360ed ဆိုတာရှိနေပါပြီ၊ မြန်မာနိုင်ငံက ကလေးတွေ လေ့လာနိုင်တဲ့ ဗွီဒီယိုတွေက တကယ်တမ်း YouTube မှာ အများကြီးရှိနေပါတယ်။ ဒါတွေကို သက်ဆိုင်ရာအတန်းအလိုက် ရှာဖွေပြီး ကြည့်လို့ရပါတယ်။ ပထဝီ၊ သမိုင်းသင်တဲ့အခါ Google Earth, Google Map တွေကို အသုံးပြုပြီး နိုင်ငံတကာနဲ့ ပတ်သက်တာတွေ၊ မြေမျက်နှာသွင်ပြင်တွေကို လေ့လာလို့ ရတာတွေလည်း ရှိပါတယ်။

 

ဒစ်ဂျစ်တယ်နည်းပညာတွေသုံးတဲ့အခါ ကလေးတွေအတွက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် ကိုဗစ်ရောဂါပြီးသွားတဲ့အခါမှာလည်း ဆက်ပြီးအသုံးပြုသင့်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ကျောင်းပြင်ပနဲ့ တစ်သက်တာပညာရေးမှာ ဒစ်ဂျစ်တယ်က အများကြီးအကျိုးရှိပါတယ်။ အလုပ်ခွင်ထဲ ရောက်နေသူတွေက အချိန်ပေးပြီး သီးသန့်အတန်းတက်ဖို့ အခက်အခဲရှိတဲ့အတွက် အွန်လိုင်းကနေ အချိန်မရွေး၊ နေရာမရွေး စရိတ်သက်သာစွာနဲ့ သင်ယူလို့ရပါတယ်။

 

အထူးသဖြင့် ကိုဗစ်ရောဂါအခြေအနေကြောင့် စီးပွားရေးလုပ်ငန်းတွေ နှောင့်နှေးနေတဲ့အချိန်မှာ အလုပ်အကိုင် ပြောင်းလဲလုပ်ရတာတွေ ရှိနိုင်ပါတယ်။ ဒီလိုအချိန်မှာ ကျွမ်းကျင်မှုတွေ ပြန်ပြီးအဆင့်မြှင့်တာတွေ၊ မတူညီတဲ့အလုပ်တွေကို လုပ်နိုင်ဖို့အတွက် အွန်လိုင်းသင်တန်းတွေက အရေးကြီးပါတယ်။ အခုခေတ်မှာ ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် နည်းပညာတွေကို ကြုံသလို သင်သွားလို့ရအောင် Micro Credential တွေရှိလာပါတယ်။ ဘွဲ့တစ်ခုလိုမျိုး ၃/၄ နှစ်တက်ရတာ မဟုတ်ဘဲ ရက်သတ္တပတ် ၂ ပတ်/ ၃ ပတ် နဲ့ပြီးသွားတဲ့ ကျွမ်းကျင်အောင်သင်ယူရတဲ့ Nano Degree လိုမျိုး လက်မှတ်တွေလည်း အွန်လိုင်းမှာ အများကြီးရှိလာပါတယ်။  သက်မွေးပညာနဲ့ လုပ်ငန်းသုံး နည်းပညာတွေဆိုရင် အွန်လိုင်းကနေ လေ့လာလို့ ရနေပြီဖြစ်ပါတယ်။

 

အွန်လိုင်းနည်းပညာတွေ အသုံးပြုခြင်းဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးကို ဘယ်လိုအပြောင်းအလဲတွေ လုပ်နိုင်သလဲဆိုတာကို နည်းနည်းပြောချင်ပါတယ်။ အဓိက ဆရာ/ ဆရာမ မလုံလောက်တဲ့ ဘာသာရပ်တွေမှာ အများကြီး အကူအညီဖြစ်သွားတယ်။ အစိုးရရဲ့ သင်ရိုးထဲမှာလည်း တိုင်းရင်းသားဘာသာစကားတွေပါလာပြီဆိုတော့ တချို့နေရာတွေမှာ ဆရာ/ ဆရာမ မလုံ လောက်တာတွေကိုလည်း အများကြီး အထောက်အကူပြုနိုင်လိမ့်မယ်လို့  ထင်ပါတယ်။ နောက်ပြီး မလိုက်နိုင်တဲ့ ကျောင်းသားတွေအတွက်လည်း သူဟာသူပြန်ပြီး အချိန်မရွေး နားလည်တဲ့အထိ ထပ်ခါထပ်ခါ ပြန်ပြီးလေ့လာလို့ရပါတယ်။

 

 ဒီအတွက်ကြောင့် ကျေးလက်နဲ့ မြို့ကြီးတွေမှာအကြား ကွာခြားချက်နည်းလာပြီး သင်ယူရတာ ပိုပြီးဘက်မျှလာမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားလာနိုင်မယ်။ ဥပမာ - ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို ကြည့်ရတာ နားထောင်ရတာမျိုး၊ ရုပ်သံမြင်ရတာမျိုးတွေ၊ အရင်တုန်းက စာထဲမှာပါတဲ့ မြန်မာ့ဆိုင်းဝိုင်းဆိုရင် မမြင်ရဘူး၊ အခုဆိုရင် တီးနေတာကို ပြလို့ရပြီ၊ အသံလည်းကြားနိုင်တယ်။ အဲဒီအတွက် စာအုပ်တွေ ဖြန့်ရတာ သက်သာလာမယ်။ စရိတ်တွေ လျော့လာမယ်။

 

အရေးကြီးတဲ့ အချက်တစ်ချက်က တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့စနစ်တွေ လုပ်လာနိုင်ရင် အချက်အလက်တွေ အများကြီးထွက်လာနိုင်တယ်။ ဘယ်ဒေသတွေက ဘယ်ဘာသာရပ်တွေမှာ အားနည်းမှုရှိနေတယ်။ ဘယ်လိုအခြေအနေရှိနေတယ်ဆိုတာကို ကျောင်းသား တစ်ယောက်ချင်းအထိ ရှာဖွေပြီး သူ့ကို ဘယ်လိုကူညီရမလဲဆိုတာမျိုး၊ အချက်အလက်တွေ ရရှိလာတဲ့အခါ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပြီး တုံ့ပြန်တာတွေကို ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။

 

ဆရာတွေကို သင်တန်းပေးတဲ့အခါ အခုလို စရိတ်တွေကုန်၊ အချိန်တွေကုန် မဟုတ်ဘဲ စဉ်ဆက်မပြတ်စနစ်နဲ့ တောက်လျှောက် သင်တန်းတွေပေးလို့ ရတာမျိုးတွေရှိမယ်။  နွေရာသီကို စောင့်စရာမလိုတော့ဘူး။ ကျောင်းသား၊ မိဘ၊ ဆရာ ပူးပေါင်းမှု ပိုကောင်းလာမယ်။ အရေးကြီးတာ တစ်ချက်က မသန်စွမ်းမှု တစ်ခုခုရှိနေတဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် ဒစ်ဂျစ်တယ် သင်ယူမှုက အများကြီး အထောက်အကူပြုနိုင်ပါတယ်။ နေမကောင်းလို့ စာပြန်လေ့လာတာ၊ သွားလာမှု ခက်ခဲတာ၊ အမြင်အာရုံချို့ယွင်းနေတဲ့သူတွေဆိုရင် အသံတွေ နားထောင်လို့ရမယ်။ အကြားအာရုံ ချို့ယွင်းနေသူတွေကို စာတမ်းတွေ ထိုးပေးထားမယ်ဆိုရင် သူတို့အတွက်လည်း ညီမျှတဲ့သင်ယူမှု အခွင့်အရေးတွေ ရရှိလာမယ်။

 

အခက်အခဲတွေအနေနဲ့ အင်တာနက်သုံးစွဲသူတွေက မြန်မာနိုင်ငံမှာ ၂၂ သန်းရှိပါတယ်။ ၂၂ သန်းဆိုတာ အိမ်တိုင်းနီးပါး အင်တာနက်ရှိနိုင်တယ်လို့ ပြောလို့ရပေမယ့်၊ အချို့ဒေသတွေမှာ အင်တာနက် ချိတ်ဆက်မရတာတွေ ရှိနေပါတယ်။ နှေးနေတယ်၊ ပြတ်တောက်တာတွေ ရှိနေတယ်။ နောက်ပြီး ဒေတာခတွေက ကျွန်တော်တို့နိုင်ငံမှာ အတော်ဈေးကြီးနေပါတယ်။ အဲဒီတော့ သင်ယူမှုလုပ်တဲ့အခါ၊ ဗွီဒီယိုတွေ ကြည့်တဲ့အခါ ဒေတာကို အလွန်သုံးရတာဖြစ်တဲ့အတွက် ထိရောက်ဖို့ဆိုရင် ဒါက အဟန့်အတား တစ်ခုဖြစ်နေပါတယ်။

 

သူတို့မှာ Tablet ၊ ကွန်ပျူတာ၊ ဖုန်းတွေက ရှိနေတယ်။ ဒါပေမယ့် သုံးလောက်အောင် မကောင်းတာ၊ နှေးနေတာတွေရှိတဲ့အတွက် ထိရောက်စွာ မပါဝင်နိုင်တာတွေရှိပါတယ်။ အရေးအကြီးဆုံးက အင်္ဂလိပ်စာ အားနည်းတာ ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ သင်ယူလို့ရတဲ့အရာ တော်တော်များများက အင်္ဂလိပ်လိုဖြစ်နေတဲ့အတွက် အလောတကြီး လုပ်ရမှာက မြန်မာဘာသာနဲ့ သင်ယူနိုင်တဲ့ သင်ခန်းစာတွေကို ပြည်တွင်းလုပ်ငန်းရှင်တွေက အစိုးရနဲ့ပူးပေါင်းပြီး ဖန်တီးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကျွန်တော်တို့ အွန်လိုင်းသင်ယူမှုရဲ့ အကျိုးကျေးဇူးကို ပိုပြီးခံစားရမှာ ဖြစ်ပါတယ်။

 

နောက်ပြီး နေသားမကျတာ၊ အချို့က မသုံးတတ်ဘူး ဆိုတာမျိုးတွေ ရှိပါတယ်။ ဒါကလည်း စိတ်ဝင်စားရင် ဖေ့စ်ဘွတ်တွေ၊ Tiktok တွေ သုံးနေကြတာဆိုတော့ စိတ်ပါရင် ဖြစ်လာမှာပါ။ ဒါတွေ အကုန်လုံးက နောက် ၅ နှစ်လောက်မှာ အဆင်ပြေသွားမယ်လို့ ယူဆပါတယ်။ ဒေတာဖိုးတွေ သက်သာလာမယ်၊ နည်းပညာတွေနဲ့ စက်ပစ္စည်းတွေက ပိုကောင်းလာမယ်၊ ပိုပေါပြီး လက်လှမ်းမီလာမယ်။ ဒီလိုအခြေအနေတွေ ရှိလာတယ်ဆိုရင် Online Education ရဲ့ အားသာချက်တွေကို မြန်မာနိုင်ငံအနှံ့ ပြည်သူတိုင်းက ခံစားရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

 

ထက်လျှံ