ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်

နေပြည်တော်၊  ၃၁  ဒီဇင်ဘာ

နိုင်ငံအများစုတွင် လက်ရှိအသုံးပြုနေသည့် စုပေါင်းဆောင်ရွက်ခြင်းဖြင့် ချဉ်းကပ်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်း စရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။   ။           ဒီအစီအစဉ်မှာ လက်ရှိနိုင်ငံအများစု အသုံးပြုနေတဲ့ စုပေါင်းဆောင်ရွက်ခြင်းရဲ့ အကြောင်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ ပရောဂျက်တွေကို စုပေါင်း ဆောင်ရွက်ခြင်းစနစ်ကို အသုံးပြုပြီး ဘယ်လိုချဉ်းကပ် ဆောင်ရွက်နိုင်မလဲစတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားမယ့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီနေ့အစီအစဉ်မှာ ရန်ကုန်အင်နိုဗေးရှင်းစင်တာ (Yangon Innovation Center) မှ CEO ဦးရာဝီ နှင့် မြန်မာ့ဩဘာလုပ်ငန်းစု (Myanma Awba Group) မှ Group CTO ဦးသက်နိုင်စိုး တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး မေးခွန်းအနေနဲ့ လက်ရှိနိုင်ငံအများစုမှာ အသုံးပြုနေတဲ့ စုပေါင်းဆောင်ရွက်ခြင်း စနစ်ကို ဦးရာဝီက ဆွေးနွေးပေးပါဦး။

ဦးရာဝီ။                        ။           ယနေ့ဝေမျှသွားမှာက စုပေါင်းဆောင်ရွက်ခြင်းစနစ်တွေထဲမှာ အကောင်းဆုံး၊ အသင့်တော်ဆုံး ဥပမာဘာရှိမလဲဆိုတာပါ။ မနေ့တုန်းက စုပေါင်းဆောင်ရွက်ခြင်းစနစ်တွေက ဘယ်လိုမျိုး အချက်အလက်တွေ လိုတယ်၊ ဘာတွေပါရမလဲ ဆိုတာတွေ ဆွေးနွေးသွားကြပါတယ်။

ဒီအထဲမှာ စုပေါင်းဆောင်ရွက်ခြင်းစနစ်တွေက ဘယ်လိုစခဲ့တယ်ဆိုတာကို ကြည့်ရင် စခဲ့တာတွေက အများကြီးရှိမယ်။ ဒါပေမယ့် ဒီအထဲမှာ အစောကတည်းက ရပ်တည်ခဲ့တာကို အဓိကထား ပြောမယ်ဆိုရင် ဝီကီပီးဒီးယား (Wikipedia) ကို ပြောရမှာ ဖြစ်ပါတယ်။ ဝီကီပီးဒီးယားက ဘာလဲ ဆိုတာကို စဉ်းစားကြည့်ရင်၊ ဝီကီပီးဒီးယားသည် ကမ္ဘာ့အကြီးဆုံးစွယ်စုံကျမ်းကြီး တစ်ခုဖြစ်ပြီး နိုင်ငံတော်တော်များများမှာ ရှိပါတယ်။ အင်္ဂလိပ်ဘာသာအပြင် မြန်မာဘာသာနဲ့လည်း အခုဆိုရင် ရှိနေပါပြီ။

အင်္ဂလိပ်ဘာသာနဲ့ စွယ်စုံကျမ်းက ၂၀၀၀ ပြည့်နှစ်လောက်က စတင်ခဲ့တယ်။ မြန်မာဘာသာနဲ့ ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့တယ်။ ပထမပိုင်းမှာ အင်တာနက်အသုံးပြုသူ နည်းသေးတယ်၊ ဒီလောက် မများပါဘူး။ အခုချိန်မှာ ဆောင်းပါးပေါင်း ၆၀၀၀၀ ကျော်လောက် ဝီကီပီးဒီးယားဆိုတဲ့ ပလက်ဖောင်း ပေါ်မှာ ရှိနေပါတယ်။

ဒီလိုပလက်ဖောင်းပေါ်မှာ သူက အခမဲ့ဖြစ်တယ်။ ဘယ်သူမဆို အသုံးပြုလို့ရပါတယ်။ ဘယ်သူမဆို တည်းဖြတ်လို့ရတယ်။ ဘယ်သူမဆို ကြည့်လို့ရတယ်။ ဒါရဲ့ သော့ချက်သည် ဘာလဲလို့ ပြန်တွေးကြည့်ရင်  စုပေါင်းဆောင်ရွက်ခြင်းစနစ်ပါ။ အင်္ဂလိပ်လို Crowd Sourcing လို့ခေါ်ပါတယ်။ ဒီလို စုပေါင်းအင်အားတွေကို သုံးလိုက်မယ်၊ စနစ်တစ်ခုထဲကို ထည့်လိုက်မယ်ဆိုရင် ဘယ်လောက် အထိ အောင်မြင်နိုင်သလဲဆိုတော့ ဝီကီပီးဒီးယား အောင်မြင်သလို၊ အောင်မြင်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဝီကီပီးဒီးယားကို ကောင်းသော ဥပမာ တစ်ခုအနေနဲ့ လေ့လာရတာဖြစ်ပါတယ်။

စီးပွားရေးလုပ်တော့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ စီးပွားရေးက စုပေါင်းဆောင်ရွက်ခြင်းစနစ် အပေါ်မှာ မူတည်တယ်ဆိုရင် ဒါရဲ့ အအောင်မြင်ဆုံးစနစ်တစ်ခုက ဘာတွေလုပ်ထားတယ်ကို တတ် နိုင်သလောက် အသေးစိတ်သွားပြီး လေ့လာရပါတယ်။ ဝီကီပီးဒီးယား ဘယ်လောက်အထိ အောင်မြင် တယ်ဆိုတာကို ပြောရရင် ဝီကီပီးဒီးယားသည် အမေရိကန်နိုင်ငံမှာ အဆင့် ၅ သို့မဟုတ် ၃ မှာရှိတယ်။ တိုင်းတာတဲ့ပုံစံတွေ ကွာခြားပေမယ့် သူသည် Top Ten စာရင်းမှာ သေချာပေါက်ပါတယ်။

Top 10 စာရင်းထဲမှာ တခြားဘယ်သူတွေ ရှိသလဲလို့ ပြန်ကြည့်ရင် Number One မှာ Google ရှိတယ်။ နောက် Facebook, Amazon, YouTube ဒီလိုနာမည်ကြီး အမေရိကန်ဒေါ်လာဘီလီယံချီ အကုန်ခံလုပ်ထားတဲ့ နည်းပညာတွေနဲ့ ယှဉ်ပြိုင်ပြီး ကမ္ဘာ့အကြီးဆုံးအဆင့်ထဲကို ရောက်နေတဲ့ ဝီကီပီးဒီးယားကို မလေ့လာလို့ မရဘူး၊ မကြည့်လို့ မရဘူး၊ လျစ်လျူရှုလို့ မရဘူး။ သဘောက ဒီလိုဘယ်သူ မဆို တည်းဖြတ်လို့ရတဲ့ ကမ္ဘာ့စွယ်စုံကျမ်းကြီးကို လူတိုင်းလိုချင်တယ်။ နိုင်ငံအနေနဲ့ မဟုတ်ဘဲ၊ လူတိုင်းကူညီချင်တယ်၊ ဆောင်ရွက်ချင်တယ်။

လူတိုင်းလည်း ကူညီလို့ရတယ်၊ လူတိုင်းလည်း ဆောင်ရွက်လို့ရတယ်ဆိုတဲ့ စနစ်ကြီးက အောင်မြင်အောင် ဘယ်လိုလုပ်မလဲ၊ ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့သူတွေ အများကြီးရှိမယ်။ ဆောင်းပါး တွေကို တမင်တကာ မှားအောင်ရေးချင်တဲ့သူတွေ အများကြီးရှိမယ်။ ဒါတွေကို ကွပ်ကဲတဲ့စနစ်မျိုးစုံ လိုအပ်ပါတယ်။ ကွပ်ကဲမှုများသွားရင် ရေးချင်တဲ့သူက မရေးတော့ဘူး။ ကွပ်ကဲမှု အလွန်လျော့နည်းရင် ဖရိုဖရဲတွေဖြစ်မယ်။ ဒီနှစ်ခုကို ဝီကီပီးဒီးယားက ဘယ်လိုထိန်းပါသလဲ။

စွယ်စုံကျမ်းတစ်ခုက တကယ့်ကို ကိုးကားရတဲ့ အဆင့်ဖြစ်ပါတယ်။ ဒါကြောင့် ဝီကီပီးဒီး ယားအနေနဲ့ သူ့ကို ကိုးကားနိုင်တဲ့ အဆင့်ဖြစ်အောင် ဘယ်လိုလုပ်ထားသလဲဆိုတာကို အများကြီး လေ့လာရပါတယ်။ ဥပမာတစ်ခုအနေနဲ့ ဝီကီပီးဒီးယားစာမျက်နှာ ညာဘက် အပေါ်ထောင့်ကို ကြည့်လိုက်ရင် “ပြင်ဆင်ရန်” ဆိုတာက ရှိပြီးသားဖြစ်ပါတယ်။ ဝီကီပီးဒီးယားရဲ့ သဘောက ဘယ်သူမဆို ပြင်စေချင်တယ်။

ဘယ်သူမဆိုလို့ ပြောထားတဲ့အတွက် “ပြင်ဆင်ရန်” ကို နှိပ်လိုက်ရင် အီးမေးလ် မတောင်းပါ ဘူး။ အီးမေးလ် တောင်းလိုက်ရင် ဒါက ဘယ်သူမဆိုကို ပြောတာမဟုတ်တော့ဘဲ အီးမေးလ်ရှိသော သူလို့ ပြောတာဖြစ်သွားပါတယ်။ အီးမေးလ် ရှိစရာမလိုဘူး၊ သူက အင်တာနက်ရှိလို့ ကြည့်နေပြီ ဖြစ်တဲ့ လူရဲ့ စွမ်းအင်လုပ်နိုင်စွမ်းကို အသုံးချပြီး သူ့ကို ပြင်ဆင်ခွင့်တစ်ခါတည်း ပေးလိုက်ပါတယ်။ “ပြင်ဆင်ရန်” ကို နှိပ်လိုက်တာနဲ့ ပြင်လို့ရသွားပြီ ဖြစ်ပါတယ်။

ဒီလိုပြင်ဆင်ခွင့်ရတဲ့အချိန်မှာ ပြင်ဆင်သူအနေနဲ့ မှားပြီးပြင်မယ်၊ တမင်တကာ မှားအောင် ပြင်မယ်စတဲ့ ရိုးရိုးသားမှားသွားတာလား၊ တမင်မှားအောင်လုပ်တာလား ဘယ်လိုလုပ်လုပ် ဝီကီ ပီးဒီးယားမှာ ကွပ်ကဲတဲ့သူတွေက ရှိပြီးသားဖြစ်တဲ့အတွက် အလိုအလျောက်၊ အထူးသဖြင့် အခုမှ စတင် အသုံးပြုသူတစ်ယောက်ဆိုရင် ထိန်းချုပ်သူတွေကမြင်ရပြီး အသုံးပြုသူက ပြင်ဆင်သွားတာတွေက မှန်ကန်ရဲ့လားဆိုတာ ကြည့်ပါတယ်။ မှားတယ်လို့ ထိန်းချုပ်သူတွေဘက်က ထင်ရင် အသုံး ပြုသူ ပြင်ဆင်သွားတာတွေကို သူတို့အနေနဲ့ ဖျက်လိုက်လို့ ရပါတယ်။

အသုံးပြုသူက အမှားပြင်ဆင်တာကို အကြိမ်ကြိမ်ပြုလုပ်နေတယ်ဆိုရင် ထိန်းချုပ်သူတွေက အသုံးပြုသူ အနေနဲ့ ဝီကီပီးဒီးယားမှာ ပြင်ဆင်နိုင်တဲ့လုပ်ပိုင်ခွင့်ကို ပိတ်လိုက်ပါတယ်။ လုပ်ပိုင်ခွင့် ပိတ်တာကို ဝီကီပီးဒီးယားလို စနစ်မျိုးက အများကြီးစဉ်းစားပါတယ်။ ယင်းအသုံးပြုသူကို ရာသက်ပန် ပိတ်လိုက်မလား၊ ခဏပိတ်မှာလားဆိုတာ စဉ်းစားပါတယ်။

လူတစ်ယောက်က အဲဒီအချိန်မှာ သူဘာကြောင့် မှားသွားမှန်းမသိဘူး၊ နောင်ပြန် ပြင်ချင်ပြီး ပြန်ကောင်းချင်တဲ့ စိတ်မျိုးရှိလာနိုင်တယ်။ ဒီလိုမျိုးတွေကအစ အသေးစိတ် တွေးပေးပါတယ်။ ဒီလိုတွေးပြီး ဘာတွေထားပေးသလဲဆိုရင် သူ့ကို ပိတ်တာမဟုတ်ဘဲ ခဏနားခိုင်းလိုက်ပါတယ်။ ဒါဆို ဘယ်လောက်နားရမလဲ တစ်လ၊ နှစ်လ၊ သုံးလ ဆိုတာက ထိန်းချုပ်သူတွေရဲ့ သဘောဖြစ်ပါတယ်။

ထိန်းချုပ်သူတွေရဲ့ သဘောလို့ ပြောလိုက်တော့ ဒီထိန်းချုပ်သူတွေက ဘယ်သူတွေလဲဆိုတဲ့ မေးခွန်းတစ်ခု ပြန်ဖြစ်လာပါတယ်။ ထိန်းချုပ်သူတွေဆိုတာ အမှန်က အစောပိုင်းတုန်းက ဒီလိုပဲ အသစ်တွေရေးလိုက်၊ ပြင်လိုက် အများကြီးလုပ်ပြီး သက်တမ်းကြာပြီဖြစ်တဲ့ ယုံကြည်မှုတည်ဆောက်ထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဒီပုဂ္ဂိုလ်တွေအနေနဲ့ ကြာလာတဲ့အခါမှာ ထိန်းချုပ်သူအဖြစ် တာဝန်ယူ ချင်ပါတယ်ဆိုပြီး ဝီကီပီးဒီးယားအဖွဲ့ကြီးမှာ လျှောက်တဲ့အခါ သူ့ကို ထိန်းချုပ်သူအဖြစ် ပေးလိုက် ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ပြန်ပြီးထိန်းကျောင်းတဲ့ စနစ်မျိုးကို ဝီကီပီးဒီးယားက အများကြီး ထားပေးပါတယ်။ ဒီလိုထားပေးတဲ့အခါမှာ အရည်အသွေးတွေက စုပေါင်းပြီးလုပ်တာ ကြောင့်ရယ်၊ အကြိမ်ကြိမ်လုပ်တာတွေကြောင့်ရယ် အများကြီးကို တက်လာပါတယ်။ ဒါရဲ့ သော့ချက် က ဘာလဲ၊ ဘာကြောင့် အရည်အသွေးတွေ ကောင်းလာလဲဆိုတာကို ပြောရရင် စုပေါင်းဆောင်ရွက် တဲ့စနစ်တွေကို စနစ်တကျအသုံးပြုလို့ ဖြစ်ပါတယ်။ ဒီစနစ်ရဲ့ အခြေခံက Long Tail လို့ခေါ်တဲ့ အမြီး အရှည်ကြီးကို အားကိုးပါတယ်။ အမြီးအရှည်ကြီးဆိုတာ  ပုံမှန်အားဖြင့် တစ်နှစ်ကို စာရေးဆရာ တစ်ယောက်က စာအုပ် ၅၀ ရေးတယ်ဆိုရင် ဒီလိုလူကို ကျွန်တော်တို့က ဟီးရိုးလို့သတ်မှတ်ပါတယ်။ သူ့ကို အားကျတယ်၊ သူ့လိုမျိုး ဖြစ်ချင်တယ်။

ဒါပေမယ့် လူတိုင်းသည် တစ်နှစ်ကို စာအုပ် ၄၀ / ၅၀ ရေးနိုင်တဲ့ စာရေးဆရာဖြစ်ဖို့ မလွယ်ပါ ဘူး၊ အလွန်ရှားပါတယ်။ ဒါဖြင့် ၅ အုပ် / ၁၀ အုပ်လောက် ရေးနိုင်တဲ့သူဆိုရင် မဆိုးဘူး။ ဒါပေမယ့် တစ်နှစ်လုံးကိုမှ ၅ မျက်နှာ / ၁၀ မျက်နှာ ရေးနိုင်တဲ့သူဆိုရင် သူ့ကို ဘယ်လိုမှ စာရင်းထဲကို ထည့် မတွက်ပါဘူး။

အမြီးအရှည်ကြီးရဲ့ သဘောက ဒီလိုမျိုးရဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ အဲဒီလိုမျိုးသူတွေ အများကြီး ရှိပါတယ်။ နည်းနည်းလုပ်ပေးနိုင်တဲ့လူတွေ အများကြီးကိုရှိလို့ အမြီးအရှည်ကြီးလို့ ခေါ်တာပါ။  စုပေါင်းဆောင်ရွက်ခြင်းစနစ်တွေက ဒီလိုလူတွေကို ဆွဲဆောင်ထားနိုင်ဖို့ လိုပါတယ်။ လူများလေ ကောင်းလေဖြစ်အောင် လုပ်ထားနိုင်ဖို့ လိုပါတယ်။ အဲဒီမှာကောင်းမွန်တဲ့ စနစ်တစ်ခုကို ထည့်ပေးလိုက်ရင် မယုံနိုင်လောက်အောင်ကောင်းတဲ့ ဝီကီပီးဒီးယားလို ရလဒ်တွေရသွားမယ်။ ဘယ်လောက် အများကြီးကို ပေါင်းနိုင်သလဲ ဒါက အဓိကပါ။

ဒီလိုစနစ်တည်ထောင်သူရဲ့ အဓိက အလုပ်က လူတွေအများကြီး ဒီအထဲကို လွယ်လွယ်ကူကူ အခက်အခဲမရှိ ပါဝင်လာအောင် သူတို့က ကြိုးစားရပါတယ်။ ဒါမျိုးမလုပ်ထားရင် ဒီစနစ်က အောင်မြင်မှာ မဟုတ်ပါဘူး။ ဝီကီပီးဒီးယား အင်တာနက်ဝက်ဘ်ဆိုက်က ဒီလိုမျိုးတွေ အများကြီးကို ကြိုးစားပြီး လုပ်ထားတဲ့အခါမှာ စောစောကပြောတဲ့ အမြီးအရှည်ကြီးမှာ တစ်နှစ်လုံးမှ ဆောင်းပါး ၅ ခု သို့မဟုတ် ပြင်ဆင်မှု ၅ ခု လုပ်တဲ့သူတွေက ၅၀၀၀ / ၁၀၀၀၀ လောက်ရှိပါတယ်။

အများကြီးရေးတဲ့သူတွေက ၅ ယောက် / ၁၀ ယောက် / ၅၀ / ၁၀၀ ရှိလိမ့်မယ်။ သူတို့ရဲ့ စုစုပေါင်းအရေအတွက်နဲ့ ဟိုဘက်မှာ နည်းနည်းပါးပါး ပြင်တဲ့များစွာသောသူတွေရဲ့ အရေအတွက်နဲ့ ယှဉ်လိုက်ရင် အမြီးအရှည်ကြီးရဲ့ ဟိုဘက်အစွန်ဆုံးထဲမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ခွန်အားတွေက အများကြီး ပိုများပါတယ်။ ဒါက ဝီကီပီးဒီးယားနဲ့ ပတ်သက်ပြီး ပြောတာပါ။

ဝီကီပီးဒီးယားက အမြီးအရှည်ကြီးဆိုတဲ့ အတွေးအခေါ်ကို သုံးသွားတယ်။ ဒါပေမယ့် သူသည် စွယ်စုံကျမ်းတစ်ခု ဖြစ်နေတယ်။ လူတိုင်းက စွယ်စုံကျမ်း ရေးချင်တဲ့သူ မဟုတ်ဘူး၊ ဘာလို့ဒီလို ပြောရ သလဲဆိုရင် လူတိုင်းက ကူညီချင်တဲ့စိတ်ရှိတယ်။ စွယ်စုံကျမ်း ရေးသားပြီဆိုရင် မိမိအနေနဲ့ ရေးချင်တာကို ရေးလို့မရပါဘူး။ အကိုးအကားတွေ၊ အချက်အလက်တွေ မှန်ရမယ်။ ဒီအချက်အလက်က ဘယ်ကလာတယ်ဆိုတာကို ဖော်ပြရမယ်။ သူများရေးသားထားတာကို ကူးယူပြီး ဒီအထဲကို ထည့်လိုက်လို့ မရဘူး။ ဒါကို ပြန်ပြီးနားလည်အောင်၊ လွယ်ကူအောင်၊ စွယ်စုံကျမ်းသည် လူတိုင်း နားလည်တဲ့ အဆင့်အထိဖြစ်အောင် ရေးရပါတယ်။

အမြီးအရှည်ကြီးထဲမှာ နောက်ထပ် လူအုပ်စု တစ်ခုကလည်း ရှိဦးမှာဖြစ်ပါတယ်။ ဘာလုပ်လဲ ဆိုတော့ အခု Facebook မှာ အတိုလေးတွေ ရေးကြပါတယ်။ ဆောင်းပါးတွေ ရေးကြတယ်။ ဝတ္တုတွေ ရေးကြတယ်။ ဒါပေမယ့် Facebook က ဒီလိုရေးဖို့ရည်ရွယ်ထားတဲ့ စနစ်တစ်ခု မဟုတ်ပါဘူး။ ဒုတိယပြောချင်တာက Wattpad ပါ။ ဘာလဲဆိုတော့ စာရေးချင်တဲ့သူတွေ သို့မဟုတ် စာဖတ်ချင် တဲ့သူတွေကို စနစ်တစ်ခု ပေးလိုက်ပါတယ်။ ဒီလိုမျိုး လူအုပ်စုလည်း ရှိပါတယ်။ သူတို့အတွက်ကို စနစ်ပေးရမယ်ဆိုပြီးဆိုတာ ပေါ်လာတယ်။

ဝီကီပီဒီးယား Wikipedia မှာလို အလွန်လွယ်ကူအောင် လုပ်ပေးရပါတယ်။ ခက်ခဲသွားရင် လူတွေက သုံးမှာမဟုတ်ဘူး စတဲ့နည်းစနစ်ကို သုံးထားပါတယ်။ ဉပမာ - လူတွေက ဒီအရာကို စုပေါင်းစနစ်လို့ တွေးချင်မှ တွေးမယ်။ ဒါသည် Uber, Grab, GoJek တို့လို တက္ကစီခေါ်ယူတဲ့စနစ်၊ စုပေါင်းဆောင်ရွက်တဲ့စနစ် တစ်ခုဖြစ်ပါတယ်။

ဘာကြောင့်စုပေါင်းဆောင်ရွက်တဲ့စနစ်လို့ ပြောသလဲဆိုတော့ တက္ကစီငှားချင်တဲ့သူတွေက အများကြီးရှိတယ်။ တက္ကစီအငှားရှာနေတဲ့သူတွေကလည်း အများကြီးရှိတယ်။ ဒီစနစ်အပေါ်မှာ တက္ကစီငှားချင်တဲ့သူနဲ့ တက္ကစီအငှားရှာနေတဲ့သူတွေက တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်း ဆိုင်မတွေ့ဘဲ ခရီးသည်ရသွားပါတယ်။ ဒါက တက္ကစီငှားချင်တဲ့သူတွေနဲ့ တက္ကစီတွေကို စုပေါင်းပြီး တင်ထားနိုင်လို့ ဖြစ်လာတဲ့စနစ် တစ်ခုပါ။ တက္ကစီနည်းနေရင် မအောင်မြင်ပါဘူး၊ ငှားတဲ့လူ နည်းရင် လည်း  မအောင်မြင်ပါဘူး။ အများကြီးကို စုပေးထားနိုင်မှ အောင်မြင်တာပါ။​ Uber , Grab, GoJek တို့တွေက စုပေါင်းဆောင်ရွက်ခြင်းစနစ် တစ်ခုပါ။

အစီအစဉ်မှူး။              ဒီလိုစနစ်တွေကို တစ်နိုင်တစ်ပိုင်ဖြစ်ဖြစ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြစ်ဖြစ် စတင်လုပ်ကိုင်မယ်ဆိုရင် အသုံးပြုနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတွေကို ပြောပြပေးပါဦး။

ဦးရာဝီ                       ခုနပြောသွားသလို ကုမ္ပဏီအကြီးတွေမှာ သူတို့လုပ်ထားတဲ့ ပလက်ဖောင်းတွေ ရှိမယ်။ ကိုယ်လိုချင်တဲ့ပလက်ဖောင်းမျိုးက ဒီမှာ မရှိဘူး သို့မဟုတ် ရှိတယ်။ လူတွေကလည်း မများသေးဘူးဆိုရင် လွယ်လွယ်ကူကူ ဘယ်လိုလုပ်လို့ရမလဲဆိုတာ တွေးလို့ရပါတယ်။ ဒါက မိမိ အနေနဲ့ ဉာဏ်ရှိရင်ရှိသလို တွေးပြီးသုံးရမယ်။ ဒါပေမယ့် အဓိက မမေ့ရမယ့်အရာက စုပေါင်းစနစ် စစ်စစ် မဟုတ်သော်လည်း Facebook မှာ စုပေါင်းစနစ်ရဲ့ တချို့အစိတ်အပိုင်းတွေ သူ့မှာရှိတယ်။ လူတွေအများကြီးရှိတယ်။

လူတွေအများကြီးမှာ ရည်ရွယ်ချက်တူတဲ့ သူချင်းစုရတာ သိပ်မခက်ပါဘူး။ ဝါးဝါသနာရှင် တွေ၊ ဝါးဝယ်ယူသူတွေရှိသလားဆိုပြီး ရှာကြည့်လိုက်တော့ မရှိပါဘူး။ မရှိရင် တည်ထောင်နိုင်ပါတယ်။ ဒါဆို စုစည်းပြီးသား ဖြစ်သွားတယ်။ စုစည်းပြီးသားဖြစ်သွားပြီဆိုရင် ဒီအပေါ်မှာ ကိုယ်လုပ်ချင်တာ လုပ်လို့ရသွားပြီ။ ဉပမာ - အရောင်းအဝယ်ပို့စ်တွေ၊ အရောင်းအဝယ်အုပ်စုတွေမှာ ဒါဝယ်ချင်ပါ တယ်ဆိုပြီး သူက တင်လိုက်တယ်။

လူတွေ အများကြီးထဲက သူအနေနဲ့ ဒါကို ဝယ်ချင်တယ်။ ဟိုက ရောင်းချင်တယ်။  အုပ်စုကလည်း တူနေပြီ၊ သူ့မှာရောင်းချင်တာ မရှိရင်တောင်မှ သူ့မိတ်ဆွေမှာ တင်ထားတာရှိရင် အရောင်း ပို့စ်အောက်မှာ ဒါတွေရှိတယ်ဆိုပြီး တန်းစီပြီး အများကြီးတွေ့ရမယ်။ သူသည် စနစ်အမှန် မဟုတ်ဘူး၊ ကွပ်ကဲမှု မရှိဘူး။ ကွပ်ကဲမှုက ဘာလဲဆိုတော့ ဒီအရောင်းအဝယ်ပို့စ်ဆိုပြီး တင်လိုက်တယ်။ လိမ်လည်မှုတွေဖြစ်သွားတယ်။ ခံလိုက်ရတယ်။ 

မခံရအောင် ကွပ်ကဲမှုစနစ်တွေ လိုပါတယ်။ ဒါတွေ မရှိခင်စပ်ကြားမှာ ဒီလိုစနစ်တွေနဲ့ ခဏ ကျားကန်ပြီး လွယ်လွယ်ကူကူ လုပ်လို့ရပါတယ်။ ဉပမာ - ကျွန်တော်တို့ဆီမှာ စာရေးဆရာ တစ်ယောက် ရှိပါတယ်။ နည်းပညာသမားလည်း ဖြစ်တယ်။ စာအုပ်ရေးတာလည်း ဝါသနာပါတယ်။ ကိုဗစ်ရောဂါဝင်လာတဲ့အခါ နည်းပညာအလုပ်တွေ အများကြီး မလုပ်တော့ဘဲ သင်တန်းကျောင်းကို ခဏရပ်ထားပြီး စာအုပ်တွေ စရေးပါတယ်။

စာရေးဆရာတစ်ယောက်မှာ အခက်အခဲအကြီးဆုံး တစ်ခုရှိပါတယ်။ ဒါက သူရေးထားတဲ့ စာအုပ်တွေကို ဘယ်နှယောက်က စိတ်ဝင်စားတာလဲ၊  ဘယ်နှယောက်က ဝယ်မှာလဲ၊ ဘယ်သူတွေက  ဝယ်မှာလဲ၊ ဘယ်နှအုပ်ရိုက်ရမှာလဲဆိုပြီး သိဖို့လိုပါတယ်။ ဒီအပေါ်မှာမူတည်ပြီး ကြိုတင်ပုံနှိပ်ရပါမယ်။ အလွယ်ကူဆုံး ဘာလုပ်လို့ရလဲဆိုတော့ ဖောင်ပုံစံတစ်ခု လုပ်လိုက်တယ်။ မေးခွန်းလည်း အနည်းဆုံး မေးရမယ်။

ခက်ခဲသွားရင် ဘယ်သူမှ မလုပ်ဘူး။ စာအုပ်မှာမယ်ဆိုရင် ဘယ်သူမှာတာလဲ၊ နာမည်တော့ သိဖို့လိုတယ်။ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ PDF အနေနဲ့ အီးမေးလ်ပို့မှာ ဖြစ်တဲ့အတွက် အီးမေးလ် လိပ်စာတောင်းရမယ်။ စာအုပ်ကို အိမ်တိုင်ရာရောက်ပို့ရမှာ ဖြစ်တဲ့အတွက် လိပ်စာတောင်းမယ်။ ဒီလောက်တောင်းလိုက်ရင် သူလိုချင်တယ်ဆိုတာကို သိသွားပြီ။ ဒါက ကြိုတင်မှာတဲ့စနစ် ဖြစ်ပါတယ်။

ပိုက်ဆံတောင်းမလား၊ မတောင်းဘူးလားဆိုတာလည်း ရှိပါတယ်။ ငွေပေးစနစ် ကောင်းကောင်းမရှိတဲ့အချိန်မှာ မတောင်းသေးဘူး ထားလိုက်တယ်။ စာအုပ်တကယ်ထွက်ပြီဆိုရင် ပိုက်ဆံ ပေးမှ ပို့ပေးမယ်။ ဒီအတွက် နောက်ထပ် စာမျက်နှာထားပြီး ဘဏ်အကောင့် ပေးလိုက်တယ်။ သူ့ဆီကို ပိုက်ဆံလွှဲပြီးပြီဆိုရင် Screen Shot ရိုက်ပြီး အီးမေးလ်ပို့လိုက်ရင် စာအုပ်နဲ့ PDF ကို တန်းပြီး ပို့ပေးလို့ရပါပြီ။

ဒီလို စုပေါင်းဆောင်ရွက်ခြင်းစနစ်တွေက တတ်နိုင်သမျှ ရိုးရှင်းရမယ်။ စိတ်ဝင်စားမှုလည်းရှိ ရမယ်ဆိုတော့ စာရေးဆရာက ဘာလုပ်သလဲဆိုတော့ တစ်ယောက် မှာလိုက်တိုင်း ဒီစာအုပ်ကို ဘယ်နှယောက်မှာသွားပြီဆိုတဲ့ အရေအတွက် တိုးတိုးသွားတယ်။ ဒါမျိုးလေးတွေကအစ စဉ်းစားပြီး ကောင်းအောင်လုပ်ထားမယ်ဆိုရင် ကျွန်တော်တို့က လုပ်လို့ရပါပြီ။ ဘာလိုသလဲဆိုတော့ နှစ်ခုပဲ လိုတယ်။ Facebook စာမျက်နှာတစ်ခုနဲ့ Form ဖောင်တစ်ခု တည်ဆောက်ရမယ်။ Google Form ကို သွားရင် အဆင်သင့်လုပ်ပြီးသား ဖောင်တွေထဲက ကိုယ်နဲ့ အသင့်တော်ဆုံး ဖောင်တစ်ခုကိုယူပြီး ဖန်တီးလိုက်ပါ။

ကျွန်တော် ဒါလုပ်ချင်တယ်။ ဘယ်သူတွေ စိတ်ဝင်စားသလဲ စာရင်းပေးပါဆိုပြီး ဒီဖောင်ကို Facebook မှာတင်လိုက်ပါ။ ဒါကစုပေါင်းဆောင်ရွက်ခြင်းစနစ် မဟုတ်ပေမယ့် ဒီအထဲက အစိတ် အပိုင်း တချို့ကိုအသုံးပြုပြီး လုပ်ထားတာဖြစ်ပါတယ်။ တကယ်တမ်း ဒီလိုမျိုးတွေက အတော်စနစ် ကျအောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါတွေကလည်း အချိန်အတိုင်းအတာ တစ်ခုကျရင် ဖြစ်လာမှာပါ။

အစီအစဉ်မှူး။   ။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မိမိရဲ့ ထုတ်ကုန်တွေ၊ အဖွဲ့အစည်းတွေနဲ့ မိမိရဲ့ပရောဂျက်တွေကို စုပေါင်းဆောင်ရွက်ခြင်းစနစ်နဲ့ ဘယ်လိုချဉ်းကပ်လို့ ရနိုင်သလဲဆိုတာ ရှင်းပြပေးပါဦး။

ဦးသက်နိုင်စိုး။  ။           ကျွန်တော်တို့အနေနဲ့ မိမိရဲ့ထုတ်ကုန်တွေ ရှိမယ်။ ပရောဂျက်တွေ ရှိမယ်။ မိမိက ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုအနေနဲ့ မိမိရဲ့ထုတ်ကုန်တွေ၊ ပရောဂျက်တွေကို ချပြမယ်၊ စုပေါင်းဆောင်ရွက်ခြင်းစနစ်တစ်ခုနဲ့ ချဉ်းကပ်မယ် ဆိုရင် လွယ်လင့်တကူဖြစ်တာရှိမယ်။ မိမိကို အကူအညီပေးနိုင်တဲ့ အခန်းကဏ္ဍတွေ အများကြီး ရှိပါ တယ်။

ဒီအထဲမှာ ရွေးချယ်တင်ပြချင်တာက Kickstarter ဆိုတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့က www.kickstarter.com ကို သွားလိုက်မယ်ဆိုရင် သူ့ရဲ့ကူညီစီစဉ်ပေးတဲ့နည်း၊ Operation နဲ့ ချဉ်းကပ်ရမယ်၊ လည်ပတ်ရမယ်ဆိုတဲ့ကိစ္စတွေကို သူတို့ရဲ့ ပင်မစာမျက်နှာမှာ အရင်တွေ့ရပါမယ်။ Crowdsourcing, Crowdfunding အစရှိတဲ့ စုပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်း သဘောတရားမှာ ပါဝင်ပတ်သက်တဲ့ လူတွေက သူတို့စိတ်ဝင်စားတဲ့ ကဏ္ဍတွေ ရှိပါတယ်။

အနုပညာကဏ္ဍမှာ တချို့က စာအုပ်စာပေကို စိတ်ဝင်စားတယ်။ ကျွန်တော်တို့ဆိုရင် နည်းပညာနဲ့ ဒီဇိုင်းကို ခုံမင်တယ်။ အစားအသောက်၊ ကွန်ပျူတာ ဗီဒီယိုဂိမ်းအစရှိတဲ့ အခန်းကဏ္ဍတွေလည်း ပါဝင်လို့ရပါတယ်။ ခြုံငုံသုံးသပ်သင့်တာက Supply and Demand ဖြစ်ပါတယ်။ Supply ဆိုတာက ပုဂ္ဂလိကလုပ်ငန်းရှင်ဖြစ်ဖြစ်၊ အဖွဲ့အစည်းဖြစ်ဖြစ် ဘာတွေကိုချပြနိုင်သလဲ၊ ဘာတွေကို ပံ့ပိုးပေးနိုင်သလဲ၊ ဖြည့်ဆည်းပေးနိုင်သလဲပါ။

ပြီးရင် ပရိသတ်၊ စားသုံးသူအနေနဲ့ ဘာတွေကို စိတ်ဝင်စားတယ်၊ လိုအပ်တယ်ဆိုတဲ့ Supply and Demand ကို ဘယ်လိုချင့်ချိန်မယ်ဆိုတာကို Kickstarter ဝက်ဘ်ဆိုက်မှာ ချိန်ခွင်လျှာ ညှိလို့၊ ချင့်ချိန်လို့ ရပါတယ်။ သုံးစွဲမယ့်သူ နှစ်မျိုးကို သေသေချာချာကဏ္ဍ ခွဲထားဖို့ လိုပါတယ်။

တစ်နည်းအားဖြင့် ဖန်တီးသူ သို့မဟုတ် Creator က ကိုယ့်ရဲ့ အချက်အလက်တွေကို အကောင် အထည်ဖော်မယ်၊ ရုပ်လုံးဖော်မယ်။ ပြီးရင် ကိုယ့်ကိုအားပေးမယ့် စားသုံးသူတွေ၊ ပရိသတ်တွေကို ချပြမယ်။ Kickstarter ဝက်ဘ်ဆိုက်မှာ Backer လို့ခေါ်ပါတယ်။ Support လုပ်တာ၊ အားပေးမယ့် သူအနေနဲ့ ရှိတာဖြစ်ပါတယ်။

သဘောတရားက ကိုယ်က ဖန်တီးရတယ်။ အရင်က မရှိသေးဘူး။ ကိုယ်က ဖန်တီးလိုက်တယ် ဆိုရင် ဒါက ရုပ်လုံးပေါ်လာပြီ၊ အကောင်အထည်ပေါ်လာပြီ။ ဒါပေမယ့် ခက်တာက ဒါတွေက အလကား မရဘူး။ ဒီတော့ လုပ်ငန်းရဲ့သဘောတရားအရ ရင်းနှီးမြှုပ်နှံမှုတွေ ပါလာတယ်။ ဒီအတွက် လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှု ရှာဖွေချင်တာကို Crowdsourcing, Crowdfunding ဆိုတဲ့ စုပေါင်းဆောင် ရွက်တဲ့စနစ်ကို အသုံးချချင်တာ ဖြစ်ပါတယ်။

ကိုယ့်ကို အားပေးထောက်ခံမယ့် တစ်ယောက်ယောက်က ကိုယ်လိုအပ်တဲ့ ငွေကြေး သိန်းတစ်ရာဖြစ်စေ၊ သိန်းတစ်ထောင်ဖြစ်စေ ထောက်ပံ့နိုင်ဖို့က အခက်အခဲရှိနိုင်တယ်။ Long Tail သဘောတရားအရ ငွေကြေးပမာဏများရင် လူနည်းစုလောက်ပဲ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ကို ရင်းနှီးမြှုပ်နှံမှုနဲ့ ထောက်ခံအားပေးချင်တဲ့ ပရိသတ် Kickstarter User တွေအနေနဲ့ ၅၀၀၀၀၊ တစ်သိန်း စတဲ့ ငွေပမာဏအနည်းငယ်ကို လူများများက ထည့်သွင်းပြီး ပါဝင်နိုင်တယ်ဆိုတဲ့ စုပေါင်းဆောင်ရွက်ခြင်း သဘောတရားကို တည်ဆောက်ချင်တာဖြစ်ပါတယ်။

ဒါမျိုးကို Kickstarter လို ဝက်ဘ်ဆိုက်မှာ တော်တော်အံဝင်ခွင်ကျဖြစ်တယ်လို့ တင်ပြချင်ပါ တယ်။ ဒီကိစ္စခက်ခဲရင် လူတွေက မလုပ်ချင်ဘူး။ ဒါကို အပေါ့ပါးဆုံးနဲ့ ပုဂ္ဂလိကဖြစ်ဖြစ်၊ စီးပွားရေး အဖွဲ့အစည်းဖြစ်ဖြစ် Creator တွေက ကိုယ့်ရဲ့ဖန်တီးမှု၊ အိုင်ဒီယာကို  ပရောဂျက်တစ်ခုအနေနဲ့ စဖို့  www.kickstarter.com ကို သွားမယ်ဆိုရင် သူတို့က Creator ထုတ်လုပ်မယ့်သူကို လင့်ခ် ပေးထားမယ်။

ဒီ Page မှာ မိမိပရောဂျက်ကို အစပြုဖို့ ခလုတ်ကို နှိပ်လိုက်ပြီဆိုရင် စပြီးအကောင်အထည် ဖော်လို့ရပါပြီ။ နောက်တစ်ခုက ဒီပရောဂျက်ကို ဘယ်ကဏ္ဍမှာ အကောင်အထည်ဖော်ချင်တာလဲ ဆိုရင် နည်းပညာနဲ့ ဒီဇိုင်းလား၊ ဒါမှမဟုတ် အနုပညာပိုင်းလား၊ အစားအသောက်ပိုင်းလား စသဖြင့် ကဏ္ဍတစ်ခု ကိုယ်က ရွေးပေးရပါမယ်။

သဘောတရားအနေနဲ့ မိမိလုပ်ချင်တဲ့ ဖန်တီးမှုတွေကို ကိုယ့်ခေါင်းထဲမှာက အလွန်ရိုးရှင်းပြီး အဓိပ္ပာယ်ရှိပါတယ်။ သူများကို ချပြလိုက်တဲ့အခါ ထင်သလောက် သူများနားမလည်တာ ဖြစ်တတ် ပါတယ်။ ဒီတော့ မိမိရဲ့ဖန်တီးမှုတွေ၊ အိုင်ဒီယာတွေကို သူများနားလည်လွယ်မယ့် လိုအပ်တဲ့အချက် အလက်တွေ မလွတ်ရအောင် လိုတိုရှင်းတင်ပြဖို့ အရေးကြီးပါတယ်။ မိမိဖန်တီးမှုရဲ့ အကျဉ်းချုပ်ကို တင်ပြပြီးပြီဆိုရင် ကိုယ်ရေးအချက်အလက်တွေက အရေးကြီးပါတယ်။

ဒီနေရာမှာ သတိထားရမှာက Wikipedia မှာဆိုရင် Edit လုပ်ဖို့၊ ပြုပြင်ဖို့၊ Account Creation မလိုအောင်၊ အခက်အခဲအနည်းဆုံးရှိအောင် စီစဉ်ပေးထားတယ်ဆိုပေမယ့် Kickstarter ဝက်ဘ်ဆိုက် မျိုးမှာ မိမိရဲ့ Information ကို အချက်အလက် အပြည့်အစုံတင်ပြဖို့ လိုပါတယ်။ Kickstarter ဝက်ဘ်ဆိုက်မှာ အကောင့်မရှိသေးဘူးဆိုရင် ကိုယ့်အတွက် အကောင့်အသစ် တစ်ခုပြုလုပ်ရပါမယ်။

မိမိရဲ့ ပရောဂျက်၊ ဖန်တီးမှုကို အသေးစိတ်ရှင်းပြရမှာ ဖြစ်တဲ့အတွက် ခေါင်းစဉ်တွေက နည်းနည်းများတယ်။ ၇ ခုလောက်ရှိလိမ့်မယ်။ အခြေခံအချက်အလက်တွေက မပါမဖြစ် စီစဉ်ပေးရမယ်။ ဘယ်လိုခေါင်းစဉ်မျိုးလဲ၊ ဘယ်လိုဖန်တီးမှုအကျဉ်းချုပ်လဲ ဆိုတာတွေပါမယ်။

ပြီးရင် မိမိအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုပါ၊ ကိုယ်က ရည်မှန်းထားတာ ဘယ်လောက်လဲ၊ အကယ်၍ ကိုယ့်ရဲ့ဖန်တီးမှုကို စိတ်ဝင်စားတဲ့ ပရိသတ်တွေ၊ ထောက်ပံ့ပေးမယ့်သူတွေ၊ အားပေးမယ့်သူတွေ အပြည့်အဝရခဲ့မယ်။ ရည်မှန်းချက်ပမာဏကို ကျော်လွန်မယ်၊ ပြည့်ဝမယ်ဆိုရင် ဘယ်လို အကျိုးခံစားခွင့်တွေကို စီစဉ်ပေးမှာလဲ။ အစီအစဉ်တွေကိုလည်း အမျိုးအစားခွဲခြားပြီး စီစဉ်ပေးနိုင် တယ်။ တစ်မျိုးမက စီစဉ်ပေးနိုင်ပါတယ်။

သူ့မှာ Story ဆိုတဲ့ကဏ္ဍ ပါပါတယ်။ ဒီကဏ္ဍကို အထူးရှင်းပြချင်ပါတယ်။ ဘာလဲဆိုတော့ မိမိရဲ့ ဖန်တီးမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စာအပြင်၊ ရုပ်သံ၊ ဗီဒီယိုတွေ ပါတွဲဖက်ပြီး တင်ပြနိုင်မယ်ဆိုရင် အားသာချက်ကို မိမိဖက်မှာရှိအောင် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ နောက် တစ်ပိုင်းက မိမိရဲ့ဖန်တီးမှုက ဘယ်သူတွေအတွက်လဲဆိုတော့ User ပါ။ ပြီးရင် ရင်းနှီးမြှုပ်နှံမှု၊ ငွေရေးကြေးရေးကိစ္စတွေ ပါလာတဲ့အတွက် ဘဏ်နဲ့ပတ်သက်တဲ့ အချက်အလက်ကို စနစ်တကျ စီစဉ် ပေးဖို့ လိုအပ်ပါတယ်။

ပုဂ္ဂလိကအနေနဲ့ လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုကို လက်ခံဖို့ ဘဏ်အချက်အလက်တွေ ကိုယ်က စီစဉ်ပေးရသလို ကိုယ့်ကို ထောက်ခံအားပေးမယ့်သူတွေ အသုံးပြုနိုင်တဲ့ ဘဏ်အချက်အလက် တွေကိုလည်း သတ်မှတ်ပေးရပါတယ်။ ကိုယ့်ကို လူဘယ်နှစ်ယောက်သိမှ ဘယ်နှစ်ယောက်က အားပေးမယ်ဆိုတဲ့ ဈေးကွက်သဘောတရားကိုလည်း အခြေခံထားတဲ့အတွက် ပရိုမိုးရှင်း ကြော်ငြာအစီအစဉ် က ထည့်သွင်းစီစဉ်ပေးရပါတယ်။

ဒါက ကိုယ့်ဖက်က စီစဉ်တာပါ။ သူတို့ဖက်က ကဏ္ဍတွေလည်း ပါပါတယ်။ ဖန်တီးသူနဲ့ အားပေးသူ ကြားထဲမှာ အလွှာတွေရှိပါတယ်။ ဒီမှာအလွယ်တကူပဲ Review Process တစ်ခုထားတယ်။ ဒါကို သူတို့က ဆန်းစစ်မယ်၊ သုံးသပ်မယ်။ ဒါက သူတို့ရဲ့ Guideline တွေနဲ့ ကိုက်ညီရဲ့လား။ ကိုယ်ရဲ့ ဖန်တီးမှုသဘောတရားနဲ့ ကိုယ့်ရဲ့အကြောင်းအရာ အချက်အလက်တွေအပေါ်မှာ မူတည်ပါ တယ်။

သူတို့ရဲ့ ဆန်းစစ်တဲ့ လုပ်ငန်းစဉ်ပြီးမြောက် အောင်မြင်ပြီဆိုရင် ကျွန်တော်တို့က စပြီးဖြန့်ချိလို့ ရပါပြီ။ ဒါကို ပရိသတ်ကို စတင်ချပြတော့မယ်။ ကိုယ့်ရဲ့ဖန်တီးမှုတွေအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံ မှုရရှိအောင် အားပေးထောက်ခံသူတွေကို တင်ပြမယ်ဆိုရင် Kickstarter မှာ အရေးကြီတဲ့အချက် တစ်ချက်ရှိပါတယ်။

ဒါက All – or - Nothing ဆိုတဲ့ သဘောတရားပါ။ ဒါက ကိုယ်လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုကို ကိုယ်က သတ်မှတ်ထားတယ်။ သတ်မှတ်ထားတဲ့ ပမာဏလည်းရှိမယ်။ သတ်မှတ်ထားတဲ့ကာလ လည်း ရှိမယ်။ ဒီအတွင်းမှာ မရရှိဘူးဆိုရင် ကိုယ့်အနေနဲ့ ဒီလုပ်ငန်းကို စတင်ဖို့ အာမခံစရာ မလိုဘူးဆိုတဲ့ သဘောတရားဖြစ်ပါတယ်။

ဒီတော့ သတ်မှတ်ပမာဏကို သတ်မှတ်ကာလအတွင်း ရပြီဆိုမှ စတင်လို့ အဆင်ပြေတယ် ဆိုတဲ့ သဘောတရားကို Kickstarter ဝက်ဘ်ဆိုက်အနေနဲ့ လက်ခံပေးတယ်။ ကူညီပေးတယ်။ အချက်အလက်တွေနဲ့ တည်ဆောက်ပေးတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြန်ပြီးသုံးသပ်သင့်တာက လူ အများစုနဲ့ ကိုယ့်ရဲ့ ဖန်တီးမှု၊ Idea တွေကို ချပြမယ်ဆိုရင် ကိုယ်က အကူအညီရနိုင်တယ်ဆိုတာ ကျွန်တော်တို့အတွက်ထင်သာမြင်သာရှိသွားပါတယ်။

အစီအစဉ်မှူး။   ။           အနုပညာရှင်၊ အတတ်ပညာရှင်၊ Digital Creative အနေနဲ့ မိမိရဲ့ တစ်ပိုင်တစ်နိုင် လုပ်ငန်းစဉ်တွေကို စုပေါင်းဆောင်ရွက်ခြင်းစနစ်နဲ့ အခြားချဉ်းကပ်နည်းတွေ ရှိနေသလားဆိုတာကိုလည်း ဆွေးနွေးပေးပါဦး။

ဦးသက်နိုင်စိုး။  ။           နောက်တစ်ခုက Patreon ဆိုတဲ့ ဝက်ဘ်ဆိုက်ပါ။ သူတို့ရဲ့ ဝက်ဘ်ဆိုက် မှာ Creator တွေ နှစ်သိန်းကျော်ရှိတယ်ဆိုတာကို မြင်ရပါတယ်။ ကိုယ်က ဒီဝက်ဘ်ဆိုက်မှာ ပါဝင် ချင်တယ်။ ကိုယ့်ဖန်တီးမှုတွေကို အများကို ချပြချင်တယ်။ ပရိသတ်က ကိုယ့်ကို ထောက်ခံ အားပေး စေချင်တယ်ဆိုရင် www.patreon.com ဝက်ဘ်ဆိုက်မှာလာပြီး Sign up လုပ်မယ်။ အကောင့်ဖွင့်ပြီးတာနဲ့ ကိုယ့်ကို Subscribe လုပ်တယ်။ အားပေးလို့ရပါပြီ။ 

ဒီမှာအရေးကြီးတဲ့အချက်က Kickstarter မှာ Onetime တစ်ကြိမ်ပဲဆိုတဲ့ သဘောတရားကို သူတို့က အကောင်အထည်ဖော်တယ်။ ကျွန်တော်တို့က ပရောဂျက်တစ်ခုရှိတယ်ဆိုရင် ဒီပရောဂျက် ကို Campaign တစ်ခုအနေနဲ့ တည်ဆောက်လိုက်မယ်။ နောက်ဖန်တီးမှုတစ်ခု၊ နောက်ပရောဂျက် တစ်ခုရှိမယ်ဆိုရင်လည်း နောက် Campaign တစ်ခုအနေနဲ့ ကျွန်တော်တို့က ချဉ်းကပ်လိုက်လို့ ရပါတယ်။

Patreon ကျတော့ ဘယ်လိုသဘောတရားကို ကူညီပေးချင်တာလဲဆိုတော့ လစဉ်၊ လစဉ် အားပေးသွားချင်တယ်ဆိုတဲ့ သဘောမျိုးပါ။ ဉပမာ - သတင်းစာတွေ၊ မဂ္ဂဇင်းတွေ ကိုယ်က တစ်ခါ ဝယ်ဖတ်လို့ ရတယ်။ ဒါမှမဟုတ် အပတ်စဉ်၊ လစဉ်အားပေးချင်တယ်ဆိုတဲ့ သဘောတရားနဲ့ ဆင်တူယိုးမှားရှိပါတယ်။ ကိုယ့်ရဲ့ Fan တွေ၊ ထောက်ခံအားပေးသူတွေ၊ မိသားစုဝင်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ ပရိသတ်တွေက ကိုယ့်ကိုအားပေးချင်တဲ့ ကာလတစ်လျှောက်လုံး ပုံမှန်အားပေးနိုင်တယ် ဆိုတဲ့ သဘောတရားနဲ့ တည်ဆောက်ထားပါတယ်။

သဘောတရားက ရှင်းပါတယ်။ ကိုယ့်ကို ပုံမှန်အားပေးတဲ့သူကို အများနဲ့မတူ တမူထူးခြားတဲ့ စီစဉ်မှုတွေကို ချပြချင်တာဖြစ်ပါတယ်။ ပုံမှန်အားပေးနေတဲ့ ပရိသတ်ဆိုရင် Public Social Media Platform တွေမှာချပြတဲ့ ရုပ်သံဗီဒီယိုတွေဆိုရင် ပုံမှန်တစ်ပတ်တစ်ခါ၊ တစ်ပတ်နှစ်ခါချပြရင် ကိုယ်ချ ပြတဲ့အချိန်မှာ ကိုယ့်ရဲ့ ပရိသတ်က ပုံမှန်အားပေးလို့ရပါတယ်။

ဉပမာ - တစ်လကို ငါးဒေါ်လာသော်လည်းကောင်း၊ မြန်မာကျပ်ငွေ ခုနစ်ထောင် ပတ်ဝန်းကျင် လောက်ဖြင့် Patreon မှာ ကိုယ့်ရဲ့ Package ကို ယူထားတဲ့ ပရိသတ်က ရုပ်သံဗီဒီယိုတွေကို စောပြီး ကြည့်ရှုနိုင်တယ်။ ဒါကိုလည်း Limited Access အနေနဲ့ထားတာဖြစ်ပါတယ်။ ဉပမာ -မြန်မာကျပ်ငွေ တစ်သောင်းလောက်နဲ့ လစဉ်အားပေးရတယ်ဆိုရင် Special Content လို့ခေါ်တဲ့ အထူးရုပ်သံဗီဒီယို တွေကို Package ယူထားတဲ့ပရိသတ်တွေကပဲ ကြည့်ရှုနိုင်တယ်ဆိုတဲ့ သဘောတရားကို တည် ဆောက်ထားတယ်။

မြန်မာကျပ်ငွေ တစ်သောင်းခွဲ၊ နှစ်သောင်း သတ်မှတ်ထားတဲ့ ဈေးအကြီးဆုံး Package ကို ယူထားတဲ့သူတွေကပဲ Digital Creative တွေနဲ့ တိုက်ရိုက်ကို ပြောဆိုနိုင်မယ်။ ဒီအားပေးသူ အရေအတွက်ကလည်း အလွန်ကိုနည်းနိုင်ပါတယ်။ Special Access သီးသန့်ဆိုတဲ့ သဘောတရားကို ဆောင်ပါတယ်။

Facebook, YouTube, twitter , Instagram တို့မှာ  ဒီလိုစုပေါင်းစပ်ပေါင်း Crowd Sourcing ဆိုတဲ့ သဘောတရားတွေ ပါတယ်ဆိုပေမယ့် တစ်နေရာတည်းမှာ၊ ဝက်ဘ်ဆိုက်တစ်ခုတည်းမှာ ဒီအင်္ဂါရပ်တွေကို အပြည့်အစုံနဲ့ စီစဉ်ပေးထားတယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဖန်တီးသူတွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေပဲဖြစ်ဖြစ်၊ တစ်နိုင်တစ်ပိုင် တင်ပြချင်တဲ့ အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေ၊ အနုပညာရှင်ဖြစ်ဖြစ် ဒါမှမဟုတ် အဖွဲ့အစည်းတွေ ကိုယ်တိုင်က ဒါတွေကိုအသုံးပြုပြီး ကိုယ့်ရဲ့ တီထွင်မှုတွေ၊ ဖန်တီးမှုတွေ၊ ကိုယ့်ရဲ့ ထုတ်ကုန်တွေ၊ Idea တွေကို အများသူငါထံ ချပြတဲ့အခါမှာ ကိုယ့်ဖက်က ပရိသတ်နဲ့ အနေနီးအောင် အလွယ်တကူ ကြိုးစားလို့ရပါတယ်။

ဒီသဘောတရားက ဘာလဲဆိုတော့ Kickstarter, Patreon အစရှိတဲ့ ဝက်ဘ်ဆိုက်တွေက ဒီစနစ်တွေကို စီစဉ်ပေးတဲ့အတွက် ကိုယ့်အနေနဲ့ ကိုယ့်ရဲ့ကျွမ်းကျင်မှု profession ကို Focus ထားလို့ ရပါတယ်။ အကယ်၍ ကျွန်တော် အနုပညာရှင်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် နည်းပညာကို ကိုယ်တိုင် အနေဝေးတယ်ထားဦး၊ ဒီလိုဝက်ဘ်ဆိုက်တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ ပရိသတ်တွေ၊  ထောက်ခံအား ပေးသူတွေနဲ့ အနေနီးအောင် နေလို့ရပါတယ်။ ကိုယ့်ရဲ့ဖန်တီးမှုတွေကို အလွယ်တကူ ချပြလို့ရတယ်။ ရေရှည်တည်တံ့တဲ့ စီးပွားရေးစနစ်တစ်ခုကို တည်ဆောက်လို့ရတယ်ဆိုတဲ့ သဘောတရားရှိတဲ့အတွက် ဒီဝက်ဘ်ဆိုက်တွေကို သုံးသင့်တယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ထက်လျှံ