စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ သတင်းသမားတွေ လွတ်လပ်အမှီအခိုကင်းပြီး အားကောင်းတဲ့ မီဒီယာဖြစ်လာအောင် လုပ်ပေးဖို့လို

နေပြည်တော်  ၂၂  ဖေဖော်ဝါရီ

ဒုတိယအကြိမ် မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မဏ္ဍိုင်လေးရပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မဏ္ဍိုင်သုံးရပ်နှင့် စတုတ္ထမဏ္ဍိုင်ဆွေးနွေးတွေ့ဆုံခဲ့မှု အခြေအနေများ၊ ထွက်ပေါ်လာသည့် သဘောထားရလဒ်များနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

 

ဦးသီဟစော (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ)

“အဓိက ကျွန်တော်တို့ ဖြစ်ချင်တာက သတင်းသမားတွေနဲ့ ကျန်တဲ့မဏ္ဍိုင်သုံးရပ်နဲ့ ဆက်ဆံရေး၊ ဆက်သွယ်ရေးတွေ အဆင်ပြေစေချင်တယ်။ ၂၀၁၆ ခုနှစ်က လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ သဘောတူညီချက် ၁၆ ချက်ဆိုတာ ရှိပါတယ်။ဒီ ၁၆ ချက်မှာ ဘယ်အချက်တွေက အလုပ်ဖြစ်ပြီလဲ၊ ဘယ်အချက်တွေက အလုပ်မဖြစ်သေးဘူးလဲ၊ ဘယ်အချက် တွေက ထပ်ဖြည့်ဖို့လိုမလဲဆိုတဲ့ အချက် တွေကို ဒီနေ့ ဆွေးနွေးကြမှာပါ။ တစ်ကြိမ်တည်းနဲ့တော့ လိုချင်တာတွေ အကုန်လုံးမရတာတော့ သေချာတယ်။ တစ်ဆင့်ပြီးတစ်ဆင့် တိုးပြီးလုပ်ရတာပါ။ ဖြစ်စေချင်တာက မဏ္ဍိုင် လေးရပ်မှာ စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ သတင်းသမားတွေက လွတ်လပ်ပြီး၊ အမှီအခိုကင်းပြီး အားကောင်းတဲ့ မီဒီယာ ဖြစ်လာအောင် လုပ်ပေးဖို့လိုတယ်။ ဒီအချက်ကို အစိုးရမဏ္ဍိုင်သုံးရပ်ကလည်း အသိအမှတ်ပြု ပေးဖို့လိုတယ်။”

 

 

ဒေါက်တာတင်ထွန်း (မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်) 

“သတင်းမီဒီယာ လွတ်လပ်ခွင့်ရလာတဲ့အချိန်မှာ ပြောစရာစကားတွေက အများကြီးပဲ။ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်း တွေဆိုရင် ကျွန်တော်တို့ သတင်းမီဒီယာ လောကအနေနဲ့ ဝေဖန်နိုင်တယ်၊ ပြောနိုင်ဆိုနိုင်တယ် ဆိုတဲ့ အခွင့်အရေး သည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး အထောက်အကူ ပြုပါတယ်။ အစိုးရက တိုင်းပြည်အုပ်ချုပ်တဲ့နေရာမှာ သူတို့လုပ်ရပ်တွေ မှားနေတယ်ဆိုရင် ပြည်သူလူထုက ပြောနိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့်မရှိဘူးဆိုရင် စတုတ္ထမဏ္ဍိုင်ဆိုတာ အမည်ခံပဲ ဖြစ်တယ်။ စတုတ္ထမဏ္ဍိုင်ဆိုတာ ပြည်သူလူထု အတွက်ကိုပြောတာ ဖြစ်ပါတယ်။ ပြည်သူလူထုက ဒါမကြိုက်ရင် မကြိုက်ကြောင်းကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနဲ့ ရုပ်သံမှာ အကုန် ကျွန်တော်တို့ပြောခွင့်ရှိရမယ်။ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲလည်း ကျွန်တော်တို့ တက်ခဲ့ပါတယ်။ ပထမအကြိမ်ကပြောတဲ့ အချက်အလက်တွေနဲ့ ဒုတိယအကြိမ်ပြောမယ့် ဆွေးနွေးချက်တွေဟာ သိပ်ပြီးကြီးကျယ် ခြားနားတဲ့ အချက်အလက်တော့ ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် တိတိကျကျ ပြောနိုင်တာက ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲကြားကာလမှာ အများကြီး ဖွံ့ဖြိုးတိုးတက်လာတယ် ဆိုတာတော့လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းသာစကားတော့ ပြောချင်ပါတယ်။” 

 

 

ဒေါက်တာသန်းဝင်း (အတွင်းရေးမှူး၊ ပြည်သှူလွှတ်တော် ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ)

“သတင်းမီဒီယာ သမားတွေနဲ့ မဏ္ဍိုင်သုံးရပ် အကြိမ်ကြိမ်တွေ့ဆုံဖို့၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဖို့ဆိုတဲ့ အချက်က အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ ဥပဒေတွေဆွဲတဲ့အခါမှာ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာန အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ဥပဒေတွေဆွဲမှသာ ပြည့်ပြည့်စုံစုံ အောင်အောင်မြင်မြင်ဖြစ်မှာ ဖြစ်ပါတယ်။ ပထမအကြိမ် ဆွေးနွေးပွဲမှာ သဘောတူညီချက် ၁၆ ချက်မှာ လက်တွေ့အသုံးချနိုင်တဲ့ အချက်တွေ အများကြီးပါတယ်။ ဆက်ပြီးတော့ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်တွေ ရဖို့အတွက် ကျွန်တော်တို့ ကော်မတီအနေနဲ့လည်း မဏ္ဍိုင်တွေနဲ့ ညှိနှိုင်းပြီးတော့ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ စတုတ္ထမဏ္ဍိုင် အားကောင်းမှ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီး သုံးရပ်အားကောင်းမှာ ဖြစ်ပါတယ်။”

MDN