စတုတ္ထစက်မှုတော်လှန်ရေး၏ အသွင်ကူးပြောင်းမှုနှင့်အတူ လိုက်ပါရာတွင်

၁၃ စက်တင်ဘာ

 

'စတုတ္ထစက်မှုတော်လှန်ရေး'' ဆိုသည့် အသုံးအနှုန်းက ၂ဝ၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ စတင်ထွက်ပေါ်လာခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝ ကျော်ကာလက စတင်ခဲ့သည့် စက်မှုတော်လှန်ရေးကို မျက်မှောက်ကာလအထိ တိုးတက်မှု အဆင့်အလိုက် ဆစ်ပိုင်းကာ စက်မှုတော်လှန်ရေး အဆင့်ဆင့်အဖြစ် ပုံဖော်ထားခြင်းလည်း ဖြစ်သည်။

ပထမစက်မှုတော်လှန်ရေးသည် ၁၈ ရာစုနှင့် ၁၉ ရာစုများတွင် ဥရောပနှင့် အမေရိကတို့မှ စတင်ပေါ်ပေါက် လာသည်။ ထိုခေတ်တွင် မူလက စိုက်ပျိုးရေးအခြေခံ ကျေးလက် လူ့အဖွဲ့အစည်းများက စက်မှု လုပ်ငန်းများနှင့် မြို့ပြ လူ့အဖွဲ့အစည်းများအဖြစ်သို့ ကူးပြောင်းသွားကြသည်။ ရေနွေးငွေ့ စွမ်းအင်သုံးစက်များ ပေါ်ပေါက်လာခြင်းသည် ပထမ စက်မှုတော်လှန်ရေး၏ လက္ခဏာဖြစ်ပြီး သံမဏိလုပ်ငန်းနှင့် အထည် အလိပ်လုပ်ငန်းများ ထွန်းကားလာခြင်းက ပထမစက်မှုတော်လှန်ရေး၏ ရလဒ်ဖြစ်သည်။

ဒုတိယစက်မှုတော်လှန်ရေးကို ၁၈၇ဝ ပြည့်နှစ်မှသည် ပထမကမ္ဘာစစ် စတင်သည့် ၁၉၁၄ ခုနှစ်အတွင်း သတ်မှတ်သည်။ လျှပ်စစ် ဓာတ်အားကို စွမ်းအင်အဖြစ် အသုံးပြုပြီး စက်ရုံများက ကုန်စည်များကို ထုနှင့်ထည်နှင့် လုပ်လာနိုင်သည်။ တယ်လီဖုန်း၊ လျှပ်စစ်မီးသီး၊ ဖိုနိုဂရပ်ခေါ် အသံဖမ်းယူပြန်ဖွင့်နိုင်သည့် ကိရိယာ၊ အတွင်းမီးအားအင်ဂျင်တို့သည် ထိုကာလ၏ နည်းပညာတိုးတက်မှုများ ဖြစ်သည်။

တတိယစက်မှုတော်လှန်ရေးကိုမူ ၁၉၈ဝ ပြည့်လွန်နှစ်များမှသည် လက်ရှိအချိန်ထိ ဆင်နွှဲနေဆဲဖြစ်သည်။ အနာလော့ဂ်အီလက်ထရွန်နစ်နှင့် စက်ပစ္စည်းများကို ဒစ်ဂျစ်တယ်နည်းပညာသို့ ကူးပြောင်းခြင်းသည် တတိယစက်မှုတော်လှန်ရေး၏ အဓိကလက္ခဏာဖြစ်သည်။ တစ်ကိုယ်ရည် သုံးကွန်ပျူတာ (PC)များ၊ အင်တာနက်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT)တို့ ဖွံ့ဖြိုးတိုးတက်လာမှုက တတိယ စက်မှုတော်လှန်ရေး၏ အသီးအပွင့်များ ဖြစ်သည်။

စတုတ္ထစက်မှုတော်လှန်ရေးက တတိယစက်မှုတော်လှန်ရေးခေါ် ဒစ်ဂျစ်တယ် တော်လှန်ရေးအပေါ်တွင် အခြေတည်ထားခြင်း ဖြစ်သည်။ ရူပဗေဒ၊ ဇီဝဗေဒ၊ ဒစ်ဂျစ်တယ်နယ်ပယ်တို့အပါအဝင် နည်းပညာများ တစ်ခုနှင့် တစ်ခု ပေါင်းစပ်ကာ ဉာဏ်ရည်တု(AI)၊ နာနိုနည်းပညာ၊ ဇီဝ နည်းပညာ၊ စက်ရုပ်နည်းပညာ၊ သုံးဖက်မြင် ပုံနှိပ်နည်းပညာအပါအဝင် အဆန်းတကြယ် နည်းပညာများသည် စတုတ္ထ စက်မှုတော်လှန်ရေး၏ ရလဒ်များ အဖြစ် ထွက်ပေါ်လာမည်ဖြစ်သည်။ က္ဘာလုံးချီ အသွင်ကူးပြောင်း နေသည့် စတုတ္ထ စက်မှုတော်လှန်ရေး ကာလတွင် မြန်မာနိုင်ငံသည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်နိုင်ပါမည်နည်း။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ''စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်း မှုကာလ၌ မြန်မာနိုင်ငံအနေဖြင့် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသော နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက် ရာတွင် ထိုးဖောက်ဆောင်ရွက်ရန် လိုအပ်ကြောင်း'' အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့ စီးပွားရေးဖိုရမ် ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။ ထို့အပြင် ''စက်မှု အသွင်ကူးပြောင်းရေးအတွက် ဆောင်ရွက်ရာ တွင် လက်တွေ့ကျသည့် အဓိက အရေးကြီးဆုံးအချက် တစ်ချက်မှာ လူသားတို့၏ အခန်းကဏ္ဍဖြစ်ကြောင်း၊ စတုတ္ထစက်မှု တော်လှန်ရေး အသွင်ကူးပြောင်းမှု ကာလသို့ ချဉ်းကပ်ကြိုးပမ်းရာတွင် မိမိတို့အနေဖြင့် တီထွင်နိုင်စွမ်းရှိမှု၊ မျှဝေခံစားမှု၊ ခေါင်းဆောင်မှုတို့ကို အခြေခံရမည်ဖြစ်ကြောင်း၊ စတုတ္ထ စက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုသို့ ကူးပြောင်းရာတွင် လူငယ်များနှင့် အဓိကသက်ဆိုင်သည်ဟု မကြာခဏ ပြောကြား နေကြသော်လည်း လူသားအားလုံးနှင့် သက်ဆိုင်နေ သည်ဟု ယူဆကြောင်း'' ဖြင့်လည်း ထောက်ပြခဲ့သည်။ ''မြန်မာနိုင်ငံတွင် လူငယ်များ တီထွင်မှုစွမ်းအားရှိကြောင်း၊ တီထွင်မှုအား လက်တွေ့ ဆောင်ရွက်မှုစွမ်းရည်နှင့် ချိတ်ဆက်ပြီး တီထွင်မှု၊ စွမ်းဆောင်မှု၊ ဈေးကွက် ယှဉ်ပြိုင်နိုင်မှုတို့အတွက် ချဉ်းကပ်ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း'' ထည့်သွင်းပြောကြားခဲ့သည်။

စတုတ္ထစက်မှုတော်လှန်ရေးတွင် နောက်မကျရန်မှာ လူသားအရင်း အမြစ်၏ စွမ်းဆောင်ရည်က အဓိက အကျဆုံးပင် ဖြစ်သည်။ လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပညာရေးဘက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် အတူ သုတေသနလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တီထွင်မှုများကို အားပေးမြှင့်တင်ရေးတို့ကိုပါ တစ်ပါတည်း ဆောင်ရွက်သွားကြရမည်ဟု ရှုမြင်ပါကြောင်း။ ။

(မြန်မာ့အလင်း)