CPU များအတွက် အာဂျင်ဒါ (၆)ချက်

၂၇  သြဂုတ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံတွင် အောင်မြင်မှုရရှိနိုင်ရန် အလွန်တရာခက်ခဲသည်ဟု ဝေဖန်သူများရှိပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့်မူ အလွန်ခက်ခဲသည်မှာ မှန်ပါသည်။ သို့သော် မဖြစ်နိုင်သောအလုပ်မဟုတ်သည့်အပြင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်မလုပ်လျှင် မဖြစ်တော့သည့် အလုပ်လည်း ဖြစ်နေသဖြင့်ကော်မရှင်အနေဖြင့် အောင်မြင်မှုရသည်အထိ မဖြစ်မနေ လုပ်သွားမည်ဟု သန္နိဋ္ဌာန်ချထားခဲ့ပြီး ဖြစ်ပေသည်။

ပိုမိုအားကိုးလာနိုင်ဖွယ်

အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် ဓလေ့စရိုက်သဖွယ် စွဲကပ်နေသော အကျင့်ဖောက်ပြန်မှုကို တိုက်ဖျက်ရခြင်း (တစ်နည်း) အကျင့်ကောင်းလာအောင် ပြုပြင်ပေးရခြင်းဖြစ်၍ အပြစ်ရှိသူတွေအားလုံးကို တရားစွဲနေခြင်းဖြင့် ရည်မှန်းချက်မအောင်မြင်နိုင်ပါ။ ပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေး တရားစွဲဆိုခြင်းတို့ကို သူ့နေရာနှင့်သူ ချိန်ဆသုံးစွဲနေပါသည်။ အထူးသဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများတွင် ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်သော အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့(CPU)များကို မကြာမီတွင် ပြည်သူလူထုက ပိုမိုအားကိုးလာနိုင်ဖွယ်ရှိနေပါသည်။

CPU စီမံချက်သည် တစ်ဖက်တွင် ဝန်ထမ်းများအတွင်း အဂတိကင်းရှင်းစေရန် ရည်ရွယ်ထားသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ဌာနဆိုင်ရာများနှင့် ပြည်သူလူထုအကြား အောက်ခြေအဆင့်တွင် ဖြစ်ပွားနေသော အသေးစား အဂတိလိုက်စားမှု (Petty Corruption)အများအပြားကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဟန်ချက်ညီညီ တိုက်ဖျက်ရာတွင် ထိရောက်မှုရှိစေရန်ဖြစ်ပြီး အကြီးစားအဂတိလိုက်စားမှုများ (Grand Corruption)၏ ပင်ရင်းဗဟိုချက်တစ်ခုဖြစ်သော နိုင်ငံတော်၏ ဝယ်ယူရေးလုပ်ငန်းများ အပါအဝင်ဖြစ်သည့် တင်ဒါလုပ်ငန်းစဉ်များတွင် အဂတိလိုက်စားမှုများ မဖြစ်ပွားစေရေးအတွက်လည်း ထိရောက်စွာ တားဆီးကာကွယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

CPU ၃၂ ဖွဲ့ ဖွဲ့စည်း

ယခုအခါ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန ၁၈ ခုတွင် CPU ၃၂ ဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် CPU များ ဖွဲ့စည်းရေးအလုပ်ရုံဆွေးနွေး ပွဲတွင် CPU များ၏ ရည်မှန်းချက်တာဝန် သုံးရပ်ကိုချမှတ်ခဲ့ပါသည်။

ယင်းတို့မှာ -

(က) ဌာနများတွင် အဂတိလိုက်စားမှုပြဿနာ များပေါ်ပေါက်နိုင်သော အခြေအနေကိုဖော်ထုတ်ရန်။

(To disclose the corrupt problems)

(ခ) ထိုပြဿနာများကို သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ကိုင်တွယ်ဖြေရှင်းရန်

(To solve the problems lawfully)

(ဂ) အဂတိလိုက်စားမှုဘေးအ္တရာယ်ဖြစ်နိုင်ခြေ ဆန်းစစ်ရန်နှင့် ဘေးအ္တရာယ် လျော့ကျ စေရန် ပြုပြင်ပြောင်းလဲပေးခြင်း။

(To perform Corruption Risk Assessment (CRA) and mitigate risks) တို့ဖြစ်ပါသည်။

HN 001

တညီတညွတ်တည်း

ပြီးခဲ့သည့် ခြောက်လတာကာလအတွင်း အဆိုပါရည်မှန်းချက်တာဝန် သုံးရပ်ဖြင့်ပင် CPU အချို့သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးကို အတော်အတန်ပြုလုပ်နိုင်ကြသည်ကို တွေ့ရပါသည်။ သို့သော် အချို CPU များသည် မိမိတို့၏ ရည်မှန်းချက်တာဝန်များအပေါ် လုပ်ရဲကိုင်ရဲသိပ်မရှိကြချေ။ တားဆီးကာကွယ်ရေး လုပ်ငန်းအပေါ် ယုံကြည်မှု နည်းနေခြင်းလည်း ဖြစ်နိုင်ပါသည်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိသုံးရက်တိုင်တိုင် ပြုလုပ်ခဲ့သော CUP များ၏ ဒုတိယအကြိမ် နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင်မူ CPU အားလုံး ရှေ့ဆက်လက်လုပ်ဆောင်သွားရမည့် လုပ်ငန်းအစီအစဉ် (အာဂျင်ဒါ) (၆)ချက်ကို တညီတညွတ်တည်း ချမှတ်နိုင်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးများ၊ အဖွဲ့အစည်းအကြီးအကဲများ၏ သဘောတူခွင့်ပြုချက်ဖြင့် CPU များသည် အောက်ပါလုပ်ငန်း အစီအစဉ် (အာဂျင်ဒါ)များအတိုင်း ဆက်လက်အကောင်အထည်ဖော်သွားကြတော့မည်ဖြစ်ပေသည်-

အာဂျင်ဒါ (၆)ချက်

(က) CPU တစ်ခုချင်းက မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်ဝတ္တရားများ (TOR) ကိုရေးဆွဲပြဋ္ဌာန်းသွားကြမည်။

(ခ) ဦးစီးဌာနလုပ်ငန်းဌာနအလိုက် တည်မြဲလုပ်ထုံးလုပ်နည်း (SOP)များ ရေးဆွဲပြီး ပြည်သူလူထုသိသင့်သည့်အပြင် ဝန်ဆောင်မှုရယူသော ပြည်သူများနှင့် တိုက်ရိုက်သက်ဆိုင်နေသော အချက်များကိုလက်အောက်ရုံးဌာနများတွင် ပွင့်လင်းမြင်သာ ချပြသွားကြမည်။

(ဂ) အဂတိလိုက်စားမှု ဘေးအန္တရာယ်ဖြစ်နိုင်ခြေရှိသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များ ပြုပြင်ပြောင်းလဲရေးအတွက် တင်ပြဆောင်ရွက်သွားကြမည်။

(ဃ) ဆက်စပ်စီးပွားရေး လုပ်ငန်းများသည် ကျင့်ဝတ်စောင့်ထိန်းမှုရှိ၊ မရှိ စိစစ်သွားမည်။

(င) ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများအကြား လွတ်လပ်၍ ပွင့်လင်းမြင်သာသော ဆွေးနွေးပွဲများ ပြုလုပ်သွားမည်။(လိုအပ်ပါက တတိယအဖွဲ့အစည်း ပါဝင်နိုင်သည်)

(စ) CPU များက အောက်ခြေရုံးများ၌ ဝန်ဆောင်မှုရယူသော ပြည်သူတစ်ဦးချင်းထံသို့ တယ်လီဖုန်းမှတစ်ဆင့် CPU Toolkit နည်းပညာအသုံးပြုဆက်သွယ်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည်။

HN 002

ပြည်သူက သိလိုကြမည်

CPU များ၏ အာဂျင်ဒါ (၆)ချက်ကို ပြည်သူလူထုက မျှော်လင့်ကြိုဆိုနေကြမည်ဖြစ်သည်။ ပြည်သူလူထုသိသင့်သည်များကို အသိပေးခြင်း၊ ပညာပေးခြင်းများ လိုအပ်ပေသည်။ ဝန်ကြီးဌာနအလိုက်၊ ရုံးအလိုက်၊ အဖွဲ့အစည်းအလိုက် လုပ်ငန်းတာဝန်များ၊ အချိန်ကာလ သတ်မှတ်ချက်၊ အခွန်အခ မည်သို့ရေးဆွဲချမှတ်ထားကြောင်း ပွင့်လင်းမြင်သာစွာ ပြည်သူလူထုက သိရှိလိုကြမည်ဖြစ်သည်။ သိသာထင်ရှားသောထုတ်ပြန်ချက်များ၊ ရေးဆွဲပြဋ္ဌာန်းချက်များကို အများပြည်သူသိရှိနားလည်စေခြင်းမှာ လုပ်ငန်းချောမွေ့အောင်မြင်ခြင်းပင် ဖြစ်ပေသည်။

ပွင့်လင်းမြင်သာမှု

အချို့ဌာနများက ပြည်သူလူထုသိရှိသင့်သည်များကို ချပြလေ့မရှိပါ။ တစ်နည်းအားဖြင့် ပွင့်လင်းမြင်သာမှုမရှိကြပါ။ လုပ်ငန်းတစ်ရပ်နှင့်စပ်လျဉ်း၍ ဌာနက ဘာလုပ်ပေးမည်။ ယင်းဌာနတာဝန်မှာ ငွေကြေးတန်ဖိုး တရားဝင် မည်မျှပေးချေရမည်။ ထမ်းဆောင်ချိန်ကာလ မည်မျှကြာမည်။ ဤလုပ်ငန်းအတွက် မည်သူ့ကိုမျှ လာဘ်ငွေပေးချေရန်မလို စသည့် အများပြည်သူသိရှိနားလည်စေသော ကြေညာချက်မျိုး ကြိုတင်ထုတ်ပြန်ပေးသင့်ပါသည်။ လုပ်ငန်းဆောင်ရွက်ခြင်းအပေါ် ရှင်းရှင်းလင်းလင်းဖြစ်စေပါသည်။ ထိုသို့ CPU များက ဆောင်ရွက်ခြင်းဖြင့် ပွင့်လင်းမြင်သာမှုရှိပြီး အဂတိကင်းစင်ကြောင်း လက်တွေ့ထုတ်ဖော်ပြသရာရောက်ပေသည်။ အစိုးရရုံး ဌာနများအပေါ် လူထု၏ယုံကြည်မှုလည်း တိုးလာပါမည်

အပြန်အလှန်ညှိနှိုင်းမှုများ

ဆက်စပ်စီးပွားရေးလုပ်ငန်းများနှင့် ကျင့်ဝတ်စောင့်ထိန်းမှုအခြေအနေကို စဉ်ဆက်မပြတ်စိစစ်ခြင်း၊ ညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်း၊ အဖြေရှာခြင်းအားဖြင့်လက်တွေ့ အခက်အခဲများ ပြေလည်စေမည်ဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲများသို့ လိုအပ်ပါလျှင် တတိယအဖွဲ့အစည်းများအား ဖိတ်ကြား၍ အကြံဉာဏ်ရယူနိုင်ပါမည်။ တစ်ဆက်တည်းပင် CPU များက အောက်ခြေရုံးများ၌ ပြည်သူတစ်ဦးချင်းထံသို့ တယ်လီဖုန်းမှတစ်ဆင့် CPU Toolkit နည်းပညာ အသုံးပြုဆက်သွယ်နိုင်မည်လည်း ဖြစ်ပါသည်။

ပြည်သူလူထုက မျှော်လင့်အားထားမှုများ

CPU များအတွက် အာဂျင်ဒါ (၆)ချက်ကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအားဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေး၏ အဓိကကျသောအင်္ဂါရပ်(၃)ရပ်ဖြစ်သည့် ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ယူမှုရှိခြင်း၊ တုံ့ပြန်ဖြေကြားမှုရှိခြင်း စသည့်အင်္ဂါရပ်များ ပြည့်မီသွားမည်ဖြစ်ပါသည်။ CPU များက ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ထွန်းလာစေရန် လမ်းခင်းပေးခြင်းလည်းဖြစ်ပါသည်။ CPU အဖွဲ့များ မဖွဲ့စည်းရသေးသည့် ဝန်ကြီးဌာနများအနေဖြင့်လည်း ဆောလျင်စွာ ဖွဲ့စည်းပါဝင်နိုင်ရေးအတွက် အားတက်ဖွယ်ဖြစ်စေပါသည်။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့်အစိုးရအဖွဲ့အသီးသီးတွင်လည်း CPU အဖွဲ့များ ဖွဲ့စည်းနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို မျှော်မှန်းနိုင်ပြီဖြစ်ပါသည်။ CPU လုပ်ငန်း၏ တိုးတက်အောင်မြင်မှုများ ဆောင်ရွက်နိုင်ရေး၊ ထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်ရေးတို့ကို အများပြည်သူက မျှော်လင့်အားထားမှုများ တိုးပွားလျက် ထိရောက်အောင်မြင်မှုများကို ကြိုဆိုစောင့်မျှော်လျက် ရှိနေကြပြီဖြစ်ပါသည်။

CPU များအတွက် အာဂျင်ဒါများကို လာမည့်၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း စတင် အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း တင်ပြအပ်ပါသည်။ ။

ဦးဟန်ညွန့် (ဥပဒေ)