စဉ်ဆက်မပြတ် ဆေးပညာဟောပြောပွဲနှင့် ပြည်သူလူထု ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်   ၂၆  ဇူလိုင် 


မြန်မာနိုင်ငံ ဆရာဝန်အသင်း(ရန်ကုန်တိုင်းဒေသကြီး)က ကြီးမှူး၍ စဉ်ဆက်မပြတ် ဆေးပညာဟောပြောပွဲနှင့် ပြည်သူလူထုကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့  သြဘာလမ်းနှင့် ကျောက်ရေတွင်းလမ်းထောင့်ရှိ တာမွေ မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အုန်းတောခန်းမ၌ ကျင်းပသည်။


အဆိုပါ ဟောပြောပွဲတွင် ပါမောက္ခ ဒေါက်တာထင်အောင်စောက ရာသီတုပ်ကွေး ရောဂါအကြောင်း သိကောင်းစရာ၊ ပါမောက္ခ ဒေါက်တာဒေါ်မာမာကြည်က တီဘီနှင့် ဆေးယဉ်ပါး တီဘီရောဂါအကြောင်း သိကောင်းစရာ၊ ပါမောက္ခဒေါက်တာ ဒေါ်ယဉ်ယဉ်စိုး က သားဆက်ခြားသိမှတ် ဖွယ်ရာများ၊ ပါမောက္ခဒေါက်တာဦးဝင်းဇော်က သွေးချို၊ ဆီးချို ရောဂါကာကွယ်ပါ ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြသည်။


ယင်းဟောပြောပွဲတွင် ပါဝင်ဟောပြောသည့် မြန်မာနိုင်ငံဆရာဝန်အသင်း ရန်ကုန်တိုင်းဒေသကြီး  အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းဇော်က “ပြည်သူလူထုအတွင်း အဖြစ်အများဆုံးရောဂါ၊ ကူးစက်နိုင်တဲ့ရောဂါတွေဆိုရင် လွန်ခဲ့တဲ့နှစ်များက တီဘီ၊ ငှက်ဖျား၊ HIV၊ AIDS တို့က အဖြစ်များတယ်။ ဒီဘက်ခေတ်မှာတော့ နည်းနည်း လျော့လာတယ်။ အပြီးတော့ မပျောက်သေးဘူး။ အဲဒီလိုဖြစ်လာသလို မကူးစက်နိုင်တဲ့ ရောဂါတွေကလည်း ခေါင်းထောင်လာတယ်။ ဥပမာအားဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ ကင်ဆာ စသဖြင့် ဒီရောဂါတွေ များလာကြတယ်။ ဒီရောဂါတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို အသိပညာရစေချင်တယ်။ ဒီရောဂါတွေနဲ့ပတ်သက်ပြီး ပြည်သူလူထု မခံစားရအောင် ဆေးရုံ ဆေးခန်းတွေမှာ လျော့နည်းသွားစေချင်တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံဆရာဝန်အသင်းအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူ လူထုကို ကျန်းမာရေး ပညာပေး အစီအစဉ်တွေ ဆောင်ရွက်ခြင်းဖြစ်တယ်”ဟု ပြောသည်။


အဆိုပါဟောပြောပွဲများကို မြို့နယ်များတွင် ပြည်သူလူထုအတွက် ပညာပေးအစီ အစဉ်အဖြစ်လည်းကောင်း၊မြို့နယ်အတွင်းရှိ အထွေထွေရောဂါကုဆရာဝန်များနှင့် အထူးကုဆရာဝန်ကြီးများတွေ့ဆုံပြီး  စဉ်ဆက်မပြတ် ဆေးပညာ သင်ကြားရေး အစီအစဉ်အနေဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်လလျှင် တစ်မြို့ လှည့်လည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


ဒေါက်တာဝင်းဇော်က ဆီးချိုသမားများ ဆီးချိုမဖြစ်ခင်၊ ဆီးချိုအကြိုအဆင့်၊ ဆီးချို ဝေဒနာခံစားနေရမှု စသည့် အုပ်စု သုံးစုအတွက်  မည်သို့ နေထိုင်၊  စားသောက်ရမည်နှင့် လေ့ကျင့်ခန်းများအကြောင်းကို အသိပညာပေး ဟောပြောရာတွင်   “ လူတိုင်းက ဆီးချို ဖြစ်နိုင်တယ်၊ ဒါပေမယ့် ဆီးချိုရောဂါက ၅၀ ရာခိုင်နှုန်း ကာကွယ်လို့ရတယ်၊  သွေးဖောက်ဆေးစစ်တော့ ဆီးချို အကြိုအဆင့် တွေ့တယ် ဆိုရင် သူသည် သုံးနှစ်ကနေ ငါးနှစ်အတွင်း ဆီးချို ဝေဒနာပြောင်းသွားနိုင်တယ်။ ဒီလို မပြောင်းအောင် ဘယ်လိုနေထိုင် စားသောက်ရမယ်၊ ပညာပေးအစီအစဉ်နဲ့ နောက်တစ်ခု က ဆီးချိုရောဂါ လုံးဝ မဖြစ်သေးတဲ့သူတွေအတွက် ဘယ်လိုနေထိုင် စားသောက်ရ မယ်ဆိုတာတွေကို ဟောပြောမှာဖြစ်ပါတယ်။ ဆီးချိုကို ကုပြီဆိုရင်အပိုင်း သုံးပိုင်းရှိပါတယ်၊ အစားအသောက်၊ ဆေးဝါး၊ လေ့ကျင့်ခန်းဆိုတဲ့ သုံးပိုင်းမှာ အဓိက အစားအသောက်မှာ ထမင်းစားတဲ့ပုံစံက ပြောင်းသွားတယ်။ အရင်တုန်းက ဆန်၊ ထမင်း၊ ဂျုံ၊ ပြောင်း စတာတွေကို အများကြီးစားကြတယ်။ အခုက plate model  ခေါ်တဲ့ ထမင်းပန်းကန်ပြား တစ်ချပ်မှာဆိုရင် ဆန်၊ ထမင်း၊ ဂျုံ၊ ပြောင်းကရတဲ့ ကာဗွန်ဟိုက်ဒရိတ် ကစီဓာတ်ကို လေးပုံတစ်ပုံပြောင်းလိုက်တယ်။ ကျန်တဲ့ ထမင်းတစ်ပန်းကန်ရဲ့ တစ်ဝက်မှာ ကာဗွန်ဟိုက်ဒရိတ် မပါဝင်တဲ့ အသီးအရွက်နဲ့ ကျန်တဲ့တစ်ပုံမှာ အသားနဲ့ ငါး ပုံစံပြောင်း သွားတယ်။ ဆီးချိုသမားတွေအနေနဲ့ အခါးဓာတ် စားရတယ်ဆိုရာမှာ ကြက်ဟင်းခါးသီးက အသီးအရွက်အုပ်စုမှာပါတယ်။ သွေးအတွင်းမှာ ရှိတဲ့ သကြားဓာတ်ကို မတက်စေဘူး၊ ဒါ့ကြောင့် ဆီးချိုဖြစ်ရင် စောစောက အခါးဓာတ်ဆိုတဲ့ ကြက်ဟင်းခါးသီး စားမယ်ဆိုရင် စားလို့ရပါတယ်၊ များများစားပါ၊ အားပေးပါတယ်။ ဆီးချိုသမားတွေအနေနဲ့ ဆီးချိုကိုလည်း ထိန်းရမယ်၊ နောက်ဆက်တွဲ ရောဂါတွေကိုလည်း ထိန်းရမယ်”ဟု ၎င်းက ဆိုသည်။


ယနေ့ဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တာမွေ မဲဆန္ဒနယ် အမှတ်(၂)မှ ဦးသိန်းမြင့်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနှင်းလဲ့ရည် တို့က အမှာစကား ပြောကြားကြသည်။


ထို့နောက် ပညာပေးဟောပြောပွဲတွင် သက်ဆိုင်ရာဆရာဝန်များက ကဏ္ဍအလိုက် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပြည်သူများအား ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဟောပြောခဲ့သည်။


မြန်မာနိုင်ငံဆရာဝန်အသင်းမှ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များတွင် ပညာပေး အစီအစဉ်များကို သြဂုတ်လအတွင်း စတင်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။


သတင်း - ရတီ
ဓာတ်ပုံ - လှမိုး