စံပြရပ်ကွက်မှသည် မြို့နယ်၊ မြို့နယ်မှသည် ခရိုင်၊ ခရိုင်မှသည် တိုင်းဒေသကြီးတစ်ခုလုံးအထိ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ရန်ကုန်မြို့တော်ဝန် တိုက်တွန်းမှာကြား

ရန်ကုန် ဇန်နဝါရီ ၁၄

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ နာနတ်တော စည်ပင်သာယာ ရဲတပ်ဖွဲ့လိုင်းခန်းသို့ရောက်ရှိပြီး ရွေ့လျားဈေးကားဖြင့် ဈေးရောင်းချပေးနေမှုများကို ကြည့်ရှုစစ်ဆေးကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ရန် မှာကြားသည်။

 

ဆက်လက်၍ လိုင်းခန်းအတွင်း အသုံးမပြုတော့သည့် (၁၂)ပေအကျယ် စိမ့်ဖြာရေစုတွင်းကျယ်နှင့် လက်ရှိ အသုံးပြုနေသည့် (၈)လက်မ အဝီစိတွင်း(၃)တွင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေစုတွင်းကျယ်ကို ပြန်လည် သန့်စင်အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်သည် ကမာရွတ်မြို့နယ် (၃)ရပ်ကွက်ရှိ  မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိပြီး မြို့နယ်နေပြည်သူများအတွက် စည်ပင်သာယာဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စုဖွဲ့ ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးက မြို့နယ်ဆိုင်ရာ အချက်အလက်များ တင်ပြမှုအပေါ် မြို့တော်ဝန်က ရပ်ကွက်တစ်ခုကို စံပြရပ်ကွက်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပတ်သက်၍  (၁၀) ရပ်ကွက်အား စတင်အကောင်အထည်ဖော်ရန် အတည်ပြုရွေးချယ်ပေးပြီး စံပြရပ်ကွက်မှ သည်မြို့နယ်၊ မြို့နယ်မှသည်ခရိုင်၊ ထိုမှတစ်ဆင့် တိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်၊ စံပြရပ်ကွက်တစ်ခု၏ အင်္ဂါရပ်နှင့်အညီ ရပ်ကွက်နေပြည်သူများ၏ လူမှုစီးပွား‌ရေး ကောင်းမွန်စေရေးနှင့် အခြေခံ အဆောက်အအုံများ ပြည်စုံစေရေးဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးသည်။

 

ထို့နောက် မြို့တော်ဝန်သည် မြို့တွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကောင်းမွန်စေ ရေးအတွက် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၌ ယာဉ်ထိန်းရဲကင်းရုံ တည်ဆောက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)