စည်ပင် ဒဏ်ကြေးငွေသက်သာအောင်ဆောင်ရွက်ပေးမည်ဆိုပြီး ငွေကြေးလိမ်လည်သည့် စည်ပင်မြေတိုင်းစာရေးအား တရားစွဲဆို

မန္တလေး ၂၇ မေ

 


အိမ်ဆောက်မိန့်မကျမီ ကြိုတင်ဆောက်သည့်အတွက် ဒဏ်ကြေးငွေ သက်သာအောင်ဆောင်ရွက် ပေးမည်ဆိုပြီး ငွေကြေးလိမ်လည်ပြီးယူသည့်  မြေတိုင်းစာရေးအား ဝန်ထမ်းအဖြစ်မှ ရပ်ဆိုင်းပြီး အမှုဖွင့်ထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။ 

 


မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြေတိုင်းစာရေးတစ်ဦးသည် အိမ်ဆောက်မိန့်မကျမီ ကြိုတင်ဆောက်လုပ်သည့်အတွက် ဒဏ်ကြေးငွေကို စာရွက်စာတမ်းအတု ပြုလုပ်ပြီး ငွေကျပ် သိန်း ၈၀ ကျော်ကို လိမ်လည်မှု ဖြစ်ပွားခဲ့သည်။ 

 


"ပိုက်ဆံတွေယူတယ် ယူပြီးတော့ တကယ်တန်း သက်ဆိုင်တဲ့ အဆောက်အအုံဌာနကို ငွေကြေးတွေသွင်းပေးတာ မလုပ်ပဲနဲ့ သူကငွေလက်ခံရရှိကြောင်းပြေစာ အတုတွေလုပ်တယ်။  နောက် ဘဏ်သုံးတဲ့ ချလံ အတုတွေလုပ်ပြီးတော့မှ ပေးထားတယ်။ ဒါကြောင့်မသမာတာလုပ်တဲ့ မြေတိုင်းစာရေးဝန်ထမ်းကို ဝန်ထမ်းအဖြစ်ကနေထုတ်ပယ်လိုက်တယ်'' ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် ကပြောသည်။ 

 


ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ ၅၈လမ်းနဲ့ အောင်ဇေယျာလမ်းထောင့်မှာ မြေကွက်တစ်ကွက်ပေါ်တွင်  လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ အဆောက်အဦးဆောက်သည့်သူသည် ခွင့်ပြုချက်မလျှောက်ထားဘဲနဲ့ ကြိုတင်ပြီးဆောက်တဲ့ အတွက်ကြောင့် သူ့ကို ကြိုတင်ဒဏ်ကြေးငွေ  ကိုးဆယ့်ငါးသိန်းခန့် မန္တလေးစည်ပင် ကိုပေးဆောင်ရမည်ဖြစ်သည်။ အဆိုပါ ဒဏ်ငွေဆောင်ရသူအား မန္တလေးစည်ပင်ရှိ မြေတိုင်းစာရေးတစ်ဦးက ဒဏ်ကြေးငွေ သက်သာအောင်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ မုန်ဖိုးကျပ် တစ်သိန်းသာပေးရန် ပြောခဲ့ကြောင်း သိရသည်။

 


"သူ့ကို ဘာလို့အမှုဖွင့်တရားစွဲရတာလဲ ဆိုတော့ ရုံးဌာနတွေမှာ အလုပ်လုပ်နေတဲ့ သူတွေက ရုံးဌာနတွေ ရဲ့ စာရွက်စာတမ်းတွေကိုသိတယ် ပုံစံစာရွက်တွေကလဲ အလွယ်တကူ ယူမယ်ဆိုလဲ ယူလို့ရနိုင်တယ်၊  မသိတဲ့သူတွေအတွက်ကျတော့ ဒါတွေကို အစစ်အမှန်လို့ ထင်ပြီးတော့ သူတို့က အကြံအဖန်တွေ လုပ်လို့ရတယ်။ ဒီလိုမျိုး နောက်မလုပ်ရဲအောင်ပေါ့ တရားစွဲတာလဲဖြစ်တယ်'' ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် ကပြောသည်။ 

 


အိမို့မို့ခိုင်