စည်းလုံးမှုဖြင့် ရင်ဆိုင်

၁၂ စက်တင်ဘာ

 

လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများနှင့် စစ်ဘက်ဆိုင်ရာ ပြစ်မှုများကို လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် စုံစမ်းစစ်ဆေးရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့သည်ဆိုသော ၁၆ နှစ်သက်တမ်းရှိ နိုင်ငံတကာပြစ်မှုဆိုင်ရာ ခုံရုံးကို တရားမဝင်သည့်ခုံရုံး၊ တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် အဖွဲ့အစည်း၊ မိမိတို့၏ အချုပ်အခြာအာဏာကိုခြိမ်းခြောက်နေသည့် အဖွဲ့အစည်း စသည့် အသုံးအနှုန်းများဖြင့် ပြစ်တင်ရှုတ်ချကာ အိုင်စီစီရှေ့နေ၏ တောင်းဆိုချက်ကို ကမ္ဘာ့နံပါတ် (၁) အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုက ဒေါသတကြီး ပယ်ချလိုက်သည်။

 

စစ်ဘက်ဆိုင်ရာ ပြစ်မှုကျူးလွန်မှု တစ်နည်းအားဖြင့် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှု စသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ အိုင်စီစီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ ရှင်းရှင်းလင်းလင်းမရှိဘဲ အဓိပ္ပာယ်အမျိုးမျိုး ကောက်ယူနိုင်သည်ဟူ၍လည်း အမေရိကန်ပြည်ထောင်စု၏ လုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်က ပြောကြားခဲ့ပြီး အမေရိကန်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပါက လက်တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရမည်ဟုလည်း ကြုံးဝါးခဲ့ပြန်သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် ၂၀ဝ၃ ခုနှစ်နှင့် ၂၀ဝ၄ ခုနှစ် ကာလများအတွင်း အမေရိကန်တပ်ဖွဲ့များနှင့် အမေရိကန် ထောက်လှမ်းရေးအဖွဲ့တို့က ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်များအပေါ် နိုင်ငံတကာပြစ်မှုဆိုင်ရာခုံရုံး (အိုင်စီစီ)က စုံစမ်းစစ်ဆေးရန်ဟုဆိုကာ အိုင်စီစီ၏ရှေ့နေ ဖာတိုအူဘန်ဆူဒါက တောင်းဆိုရာမှ အိုင်စီစီနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား တင်းမာမှုများ ယခုကဲ့သို့ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုက အိုင်စီစီအပေါ် တုံ့ပြန်ကြုံးဝါးခဲ့ပြီးနောက် အိုင်စီစီက မိမိတို့လုပ်စရာရှိသည်တို့ကို ဆက်လုပ်သွားမည်ဟူ၍သာ ဆိုခဲ့ပြီး နိုင်ငံတကာမှ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသံကို မကြားရသေး။

 

နိုင်ငံတကာပြစ်မှုဆိုင်ရာခုံရုံး (အိုင်စီစီ)သည် ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးတွင် အိုင်စီစီအဖွဲ့အစည်းဝင်မဟုတ်သော မြန်မာနိုင်ငံကိုလည်း တရားစီရင်ပိုင်ခွင့်ရှိသည်ဟုဆိုကာ ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်က ဆုံးဖြတ်ခဲ့ရာ မြန်မာနိုင်ငံအစိုးရ၏ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်ပြီး ပြတ်ပြတ်သားသား ပယ်ချခဲ့ပြီးဖြစ်သည်။ အိုင်စီစီ၏ အခြေခံဖွဲ့စည်းပုံဖြစ်သော ရောမသဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသော မြန်မာနိုင်ငံကို လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုဖြင့် တရားစီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ယင်းအဆုံးအဖြတ်သည် ဆိုးရွားစွာ ယုံကြည်ထားမှု၊ လုပ်ငန်းစဉ်များ စည်းစနစ်မကျန မမှန်ကန်မှု၊ ပွင့်လင်းမြင်သာခြင်း ကင်းမဲ့မှုတို့မှ ထွက်ပေါ်လာသည့် ရလဒ်အဖြစ်ဖော်ပြကာ ပြတ်ပြတ်သားသား ပယ်ချခဲ့ခြင်းဖြစ်သည်။

 

ဒီမိုကရေစီခရီးလမ်းပေါ် လျှောက်လှမ်းခါစ နုနယ်သေးသည့် မိမိတို့နိုင်ငံမှာ စိန်ခေါ်မှုများစွာတို့ကို ရင်ဆိုင်ကျော်လွှားနေရသည့် အခြေအနေဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် အင်အားကြီးသူတို့အနေဖြင့် ပါဝါကိုကိုင်ကာ အလိုရှိရာဇာတ်ညွှန်းကို ရေးဆွဲနေကြသည့် အခြေအနေမျိုးတွင် မိမိတို့နိုင်ငံ၏ အဓိကအကျဆုံး လိုအပ်ချက်မှာ စည်းလုံးညီညွတ်မှုပင်ဖြစ်သည်။ တစ်ခဲနက်စည်းလုံးညီညွတ်မှုမှ ထွက်ပေါ်လာသည့် အင်အားဖြင့်သာလျှင် စိန်ခေါ်လာသမျှတို့ကို ရင်ဆိုင်ကြရမည်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။

 

မြန်မာ့အလင်း