စည်းကမ်းမလိုက်နာသည့် ပြည်ပအကျိုးဆောင်အေဂျင်စီများနှင့် တရားမဝင်အလုပ်သမားစုစောင်းသူများကို တရားစွဲဆို၊ ပိတ်သိမ်းခြင်းများ လုပ်ဆောင်

နေပြည်တော် ၉ ဇူလိုင်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ ကို အကျိုးဆောင်လိုင်စင်များ ထုတ်ပေးလျက်ရှိပြီး ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ခြင်းနှင့် ပတ်သက်၍ အေဂျင်စီများလိုက်နာရမည့် စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်သည့်အေဂျင်စီများကို အရေးယူခြင်းနှင့် တရားမဝင်အလုပ်သမားစုစောင်းသည့် ပွဲစားများအား ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့်အညီ တရားစွဲ ဆိုမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၂၅၆ ခုရှိနေပြီး ယင်းတို့အနက် အေဂျင်စီ ၁၆ ခုကို ပြစ်မှုအလိုက် ကာလကန့်သတ်ချက်ဖြင့် ပိတ်သိမ်းထားခဲ့ပြီး ၁၉၉၂ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ လေးခုနှင့် တရားမဝင် အလုပ်သမား စုစောင်းပြီး ငွေကြေး ကောက်ခံခဲ့သူ ၄၅ဦးအား တရားစွဲဆိုဆောင်ရွက်ထားကြောင်း ယနေ့ရက်စွဲဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

အေဂျင်စီများ၏ အကောင်အထည်ဖော်ဆောင်ရွက်ချက်များသည် မှန်ကန်သေချာပါက ဝန်ကြီးဌာနဘက်မှလည်း မလိုအပ်သည့် ကြပ်မတ်မှုများကို ဖြေလျော့ပေးသွားရန် ရည်ရွယ်ထားပြီး လုပ်ဆောင်ချက်များအားလုံးအပေါ် ပြန်လည်သုံးသပ်ကြခြင်းဖြင့် စိတ်ကောင်းစေတနာအပြည့်ဖြင့် ဆောင်ရွက်ကာ အလုပ်သမားများကို စောင့်ရှောက်ကာကွယ်ပေးကြရန်လိုအပ်ကြောင်းနှင့် ပြည်ပသို့ အလုပ်သမားများစေလွှတ်ရာတွင် ပြည်ပအလုပ်အကိုင်ဥပဒေ၊ နည်းဥပဒေ၊ ချမှတ်ထားသည့် စည်းမျဉ်းစည်း ကမ်းများနှင့် စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဇွန် ၂၆ရက်က မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ ချုပ်၏ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်ကလည်း ပြောကြားထားသည်။

လက်ရှိရွှေ့ပြောင်းသွားလာသည့် လုပ်ငန်းစဉ်များတွင် မြန်မာအလုပ်သမားများသည် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်းနှင့် အဓမ္မစေခိုင်းခြင်းများကို ကြုံတွေ့နေရကြောင်း၊ ယင်းကို ဥပဒေဖြင့် ပြဋ္ဌာန်းအကာအကွယ်ပေးပြီး ယင်းလုပ်ငန်းစဉ်များအောင်မြင်ရေးသည် အလုပ်သမားများ စုစောင်းစေလွှတ်သည့် အကျိုးဆောင် များအပေါ်တွင် များစွာမူတည်ကြောင်း၊ ကျင့်ဝတ်စံနှုန်းများနှင့်အညီ အလုပ်သမားစုစောင်းပို့ဆောင်ပေးကြမှသာ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် နိုင်ငံအတွက်ပါ များစွာ အကျိုးပြုစေမည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကလည်း ရှင်းပြသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကလည်း "ပြည်ပနိုင်ငံတွေကို အလုပ်သမားစေလွှတ်တာနဲ့စပ်လျဉ်းတဲ့ အေဂျင်စီတွေဟာ သတ်မှတ်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်။ အလုပ်သမားတွေအတွက် ဥပဒေပါရပိုင်ခွင့်တွေနဲ့ အကျိုးခံစားခွင့်တွေ ပြည့်ပြည့်ဝ၀ရရှိဖို့ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။မိသားစုလွှဲပို့ငွေတွေ စနစ်တကျပြန်လည်ပေးပို့နိုင်ဖို့အတွက်လည်း အေဂျင်စီတွေက အလေးထားပြီးဆောင်ရွက်ပေးရမှာ ဖြစ်သလို လိုအပ်တဲ့ ကာကွယ် စောင့်ရှောက်မှုတွေကိုလည်း အလုပ်သမားတွေအတွက်ပေးအပ်ကြဖို့လိုအပ်ပါတယ်။ပွဲစားတွေက တရားမဝင်လူစုစောင်းတာတွေ တွေ့ရှိတာနဲ့ အချိန်မဆိုင်း ဖော်ထုတ်မှာဖြစ်ပါတယ်"ဟု ပြောကြားသည်။

"ရွှေ့ပြောင်းလုပ်သားတွေနဲ့ အလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီအကြားချုပ်ဆိုရတဲ့ စာချုပ်မှာ မဖြစ်မနေပါဝင်ရမယ့် အချက်တွေ၊ အေဂျင်စီတွေနဲ့ အလုပ်သမားတွေ ငှားရမ်းတဲ့ အလုပ်ရှင်တွေအကြား သဘောတူညီမှုတွေ၊ အလုပ်ရှင်နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအကြား အလုပ်ခန့်ထားမှု ဆိုင်ရာ စာချုပ်တွေမှာ ချုပ်ပြီးပြီဆိုတာနဲ့ အပြောင်းအလဲ အမှားအယွင်းမရှိအောင် အေဂျင်စီတွေက တာဝန်ယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေ အများစုရှိတဲ့ ဒေသတွေမှာ လူမှုစီးပွားဖွံ့ဖြိုးစေတဲ့ စီမံကိန်းတွေ လုပ်ပေးတာ၊ ရွှေ့ပြောင်းလုပ်သားတွေကို သက်မွေးဝမ်း ကျောင်းဆိုင်ရာ ကျွမ်းကျင်မှုအလုပ်အကိုင် သင်တန်းတွေပေးတာ၊ မသန်စွမ်းသူနဲ့ အမျိုးသမီးတွေအတွက် အထူးသင်တန်းတွေ ပေးတာတို့ ၊ ထောက်ပံ့တာတို့ လုပ်ပေးတာတွေ ပါဝင်ရမှာပါ။ ရွှေ့ပြောင်းလုပ်သားတွေကိုယ်စား သူတို့ရဲ့ အချက်အလက်စာရွက်စာတမ်းတွေကို ပြည်ပအလုပ်ရှင်က ထိန်းသိမ်းတာ၊ အလုပ် ပြောင်းခွင့်မပေးတာစတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ အလုပ်ရှင်တွေ သက်ဆိုင်ရာ နိုင်ငံအစိုးရတွေကို လက်ခံဖို့ ထောက်ခံပေးရမှာမျိုး စတဲ့ လိုအပ်ချက် တွေ လုပ်ပေးဖို့ လိုအပ်တယ်"ဟု ဦးမျိုးအောင်က ဖြေကြားသည်။

မြန်မာနိုင်ငံတွင် လိုင်စင်ရ တရားဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီများစွာရှိသော်လည်း တရားမဝင် တင်ပို့နေသည့် ဖြစ်ရပ်များစွာ ကြုံတွေ့နေရဆဲဖြစ်သည်။ “လိုင်စင်ရှိမရှိ စစ်ဆေးဖို့လိုအပ်သလို လိုင်စင်ရှိနေပေမယ့် နာမည်ပျက်ရှိမရှိ ဆိုတာလည်း စုံစမ်းဖို့လိုပါတယ်။ အချို့ကတော့ အေဂျင်စီက အစစ်အမှန်ဖြစ်ပေမယ့် ကိုယ်စားလှယ်က အလိမ်အညာဖြစ်နေတတ်တယ်။ ပွဲစားတွေကတစ်ဆင့် အေဂျင်စီတွေကို ဆက်သွယ်ပေး မယ်ဆိုတိုင်းမယုံကြည်သင့်သလို အလုပ်ရှင်က စာချုပ်တွေမှာ အသက်လိမ်တာ၊ စာချုပ်မချုပ်ဘဲ ထားတာ တွေ ဖြစ်လာရင်တော့ မရိုးသားဘူးလို့ ယူဆရပါတယ်”ဟု အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ထို့ပြင် ကြိုတင်ငွေသွင်းရခြင်း၊ သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုတောင်းခံခြင်း၊ အလုပ်မစတင်မီ ကြိုတင် ငွေအဖြစ် အေဂျင်စီမှ ငွေကြေးပေးအပ်ခြင်းမျိုးများလည်း ရှိနိုင်ကြောင်း သိရှိရသည်။

သတင်း-ခင်ရတနာ၊ ဓာတ်ပုံ-အဲလက်စ်