CMP စက်ရုံများ၌ လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အလေးထား ဆောင်ရွက်

ရန်ကုန် ဩဂုတ် ၁၂

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ ဌာနများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်ဥက္ကဋ္ဌနှင့် ဩဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် ရွှေလင်ပန်းစက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများဖြစ်သည့် Shengjie (Myanmar) Co., Ltd ၊ Zhehiang Tongli Clothing Co., Ltd၊  Gold Emperor (Myanmar) Co., Ltd  စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးမှုများနှင့် စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို စက်ရုံ၊ အလုပ်ရုံများမှ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုအားပေးသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ကုန်ထုတ်စွမ်းအား မြင့်မားစေရေးအတွက် ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်နိုင်သည်နှင့်အမျှ ထုတ်ကုန်များကို အရည်အသွေးမီ၊ အချိန်မီ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် နေပြည်တော်၌ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ၍ စက်မှုဇုန်အလိုက်  Assessment Center များ တိုးချဲ့တည်ထောင်ရေး၊ Chief Assessor၊ Assessor ၊ Inspector များ ပိုမိုမွေးထုတ်ပေးရန်  Assessor Methology Training များကို စက်မှုဇုန်အလိုက် ဖွင့်လှစ်ပေးရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြောင်း။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အထည်ချုပ် အလုပ်အကိုင်ကို အဓိက ဦးစားပေး၍ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ရာ ၂၀၁၄ ခုနှစ်မှ ယခုအချိန်ထိ အလုပ်အကိုင် အမျိုး ၃၀ မှ အရည်အသွေး ပြည့်မီသူ ၁၈၀၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အထည်ချုပ်အလုပ်အကိုင်အတွက် ကျွမ်းကျင်လုပ်သား ၅၈၀၀ ခန့်သာ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း။

လှိုင်သာယာစက်မှုဇုန်နှင့် ရွှေလင်ပန်းစက်မှုဇုန်တို့တွင်  သင်တန်းများ ဖွင့်လှစ်နေပြီဖြစ်၍ သင်တန်းဆင်းများအနေဖြင့် ဦးစီးဌာန၏ကြီးကြပ်မှုဖြင့် စက်ရုံရှိ သတ်မှတ်အဆင့်မီသူများကို  ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ရယူနိုင်ရေး စစ်ဆေးအကဲဖြတ်မှု ခံယူနိုင်မည်ဖြစ်ရာ လုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် နိုင်ငံတော်အတွက် များစွာအထောက်အကူ ရရှိမည်ဖြစ်ကြောင်း။ 

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ရရှိခံစားမှု လျော့နည်းကျဆင်းစေရေး ဦးစီးဌာန၏ အမိန့်နှင့် ညွှန်ကြားချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို ကောင်းစွာသိရှိလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေရေး အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)နှင့် အလုပ်သမား အဖွဲ့အစည်းများသည် အလုပ်ရှင်များနှင့်  စဉ်ဆက်မပြတ် ထိတွေ့ပြီး မျှတသည့် အလုပ်သမားရေးရာ ဆက်ဆံမှု ရှိရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြား၍ အလုပ်သမား ကိုယ်စားလှယ်များ၏ တင်ပြချက်များကို စက်ရုံ၊ အလုပ်ရုံ တာဝန်ခံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ 

 သတင်းစဉ်