စွမ်းဆောင်ရည် အသစ်တွေနဲ့ S9 စမတ်ဖုန်းကို ဆမ်ဆောင်းမိတ်ဆက်ပြသ

၂၆ ဖေဖော်ဝါရီ

 

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်ဖို့ ရည်ရွယ်တဲ့အနေနဲ့ ဆမ်ဆောင်း စမတ်ဖုန်း ကုမ္ပဏီဟာ စွမ်းဆောင်ရည်မြင့် S9 စမတ်ဖုန်းကို ဖေဖော်ဝါရီ ၂၅ ရက်က မိတ်ဆက်ပြသခဲ့ပါတယ်။ တောင်ကိုရီးယားကုမ္ပဏီဖြစ်တဲ့ ဆမ်ဆောင်းဟာ ကမ္ဘာ့စမတ်ဖုန်းလောကကို အကြိုမိတ်ဆက်တဲ့အနေနဲ့ ဘာစီလိုနာမှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး မကြာခင်မှာ ဈေကွက်အတွင်း စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဆမ်ဆောင်းအတွက် ယခုနှစ် နှစ်ပတ်လည်ပြပွဲမှာ အဆိုပါ စမတ်ဖုန်းအသစ်ကို မီးမောင်းထိုး ပြသဖို့ ဖြစ်သွားခဲ့ပါတယ်။

 

 

S9 ရဲ့ ဒီဇိုင်းပိုင်းမှာ ယခင်ထွက်ရှိထားတဲ့ S8 နဲ့ ထွေထွေထူးထူး ကွာခြားသွားတာ မရှိဘဲ မျက်နှာပြင်အပြည့် မှန်သားဖုံးအုပ်ထားတာဖြစ်ပြီး အသံပိုင်း ပိုကောင်းလာတာကို တွေ့ရပါတယ်။ စွမ်းဆောင်ရည်မြင့် Processor နဲ့ selfies ရိုက်ထားတဲ့ ပုံကို မျက်နှာပြောင် စတစ်ကာအဖြစ် ပြောင်းလဲပေးနိုင်တဲ့ ဆော့ဖ်ဝဲပါရှိပါတယ်။ Galaxy S သမိုင်းတစ်လျှောက်မှာ ထူးခြားမှုတစ်ခုအနေနဲ့ S9 မှာ ကင်မရာနှစ်လုံးကို ပထမဆုံးအကြိမ် ထည့်သွင်းလာတာဖြစ်ပါတယ်။ ဒါဟာ အလင်းရောင် အားနည်းတဲ့ နေရာတွေမှာ ဓါတ်ပုံကောင်းကောင်း ရိုက်ယူနိုင်ဖို့နဲ့ လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ အနှေးပြကွက် ဗီဒီယိုတွေ ရိုက်ကူးနိုင်ဖို့ အထောက်အကူပေးနိုင်မှာပါ။ ဉာဏ်ရည်တု နည်းပညာထည့်သွင်းထားတာမို့ ကင်မရာဖွင့်ပြီး ဓာတ်ပုံရိုက်ရုံနဲ့ အလိုအလျောက် ဘာသာပြန်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

S9 ရဲ့ ကင်မရာပိုင်းဟာ ယခင် စမတ်ဖုန်းတွေထက် အရည်အသွေးပိုင်းမှာ သိသိသာသာ ကွဲပြားလာတာ တွေ့ရပါတယ်။ ဒီဇိုင်းပိုင်းမှာ သိပ်ပြောင်းလဲမှုမရှိတဲ့ S9 အနေနဲ့ ဈေးကွက်မှာ ရပ်တည်နိုင်ဖို့ ကြိုးစားရဦးမှာဖြစ်ပြီး ဈေးနှုန်းမြင့်မားမှုကြောင့် ဝယ်ယူအသုံးပြုသူတွေအနေနဲ့ နှောင့်နှေးကြန့်ကြာနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 
S9 ကို ဒေါ်လာ ၁၀၅၅၊ မြန်မာငွေ ၁၄ သိန်းကျော်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ စမတ်ဖုန်း ဈေးကွက်မှာ ခရစ္စမတ်ကာလ ရောင်းအားထက် ၆ ဒသမ ၃ ရာခိုင်နှုန်းထိ ကျဆင်းလာကြောင်း အပြည်ပြည်ဆိုင်ရာ အချက်အလက်စုဆောင်းရေး (IDC) ရဲ့ လေ့လာချက်အရ  သိရပြီး ဆမ်ဆောင်းအနေနဲ့ ကမ္ဘာ့ရောင်းအားအကြီးဆုံး Apple စမတ်ဖုန်း ကုမ္ပဏီကို အမီလိုက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်တဲ့ Huawei နဲ့ Xiaomi လို တရုတ် စမတ်ဖုန်း ကုမ္ပဏီတွေနဲ့လည်း ယှဉ်ပြိုင်နေရတယ်လို့ အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရပါတယ်။
MDN