စလင်းချောင်းကူး နှစ်လမ်းသွား သံကူကွန်ကရစ် (နွယ်တမယ်)တံတား တည်ဆောက်နေ         

စလင်း ၂၇ ဧပြီ

           

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေး ၂၊ တံတားအထူးအဖွဲ့ ၅ (ဆိပ်ဖြူ)မှ မကွေးတိုင်းဒေကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မင်းဘူး-စလင်း-ဆင်ဖြူကျွန်း-တညောင်-ဆိပ်ဖြူ ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၄၅/၁ မိုင်နှင့် ၄၅/၃ မိုင်ကြား စလင်းချောင်းကိုဖြတ်၍  ဆင်ဖြူကျွန်းမြို့နှင့် နွယ်တမယ်ကျေးရွာကို ဆက်သွယ်ထားသော နွယ်တမယ်တံတားအား သံကူကွန်ကရစ် နှစ်လမ်းသွားတံတားအသစ်အဖြစ် တည်ဆောက်လျက်ရှိကြောင်း တံတားတည်ဆောက်ရေးတာဝန်ခံရုံးမှ သိရသည်။

           

လက်ရှိအသုံးပြုနေသော တံတားမှာ အရှည်ပေ ၁၀ဝ၀၊ ယာဉ်သွားလမ်းအကျယ် ၁၂ ပေခွဲ တစ်လမ်းသွား သံဘောင်သုံးခုပါ ဘေလီတံတားအမျိုးအစားဖြစ်၍ ၁၉၉၅ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့သော တံတားဖြစ်သည်။ ယာဉ်သွားလမ်းကျဉ်းမြောင်းပြီး အချက်ပြမီးစနစ်ဖြင့် တစ်စီးပြီးမှ တစ်စီးနေ့စဉ် ယာဉ်အစီးရေ ၅၀ဝ ကျော်ဖြတ်သန်း သွားလာနေသော အညာဒေသ လမ်းပမ်းဆက်သွယ်ရေး အချက် အချာကျ နေရာဖြစ်သောကြောင့် တံတားသစ်တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။

           

အဆိုပါတံတားသစ်ကို အရှည် ၁၄၂၀ ပေ၊ အကျယ် ၃၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း အကျယ် ၃ ပေနှစ်ဖက်ပါ၊ အောက်ခံအုတ်မြစ် 1.5m Bored Pile တံတားကိုယ်ထည် သံကူကွန်ကရစ် ကမ်းကပ်ခုံနှင့်ရေလည်တိုင်၊ တံတားအပေါ်ထည် 100’ PC Girder သံကူကွန်ကရစ် ကြမ်းခင်းနှင့် လက်ရန်းတို့ပါဝင်ကာ ခွင့်ပြုယာဉ်အလေးချိန် ခံနိုင်ဝန်အားတန်ချိန် ၆၀ ၊ တံတားခန်းဖွင့် ၁၀ဝ ပေ (၁၀) ခန်း၊ ၆၀ ပေ (၇) ခန်းဖြင့် တည်ဆောက်မည်ဖြစ်ပြီး လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ရရှိ ရန်ပုံငွေ သန်း ၃၀ဝ ဖြင့် ဆားဗေးတိုင်းတာခြင်း၊ မြေနေရာရှင်းလင်း စမ်းသပ်ခြင်းနှင့် အောက်ခံအုတ်မြစ် 1.5m Bored Pile  (၁၀) လုံးအား စတင်ဆောင်ရွက်လျက်ရှိကြောင်း တည်ဆောက်ရေးတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး (မြို့ပြ) အင်ဂျင်နီယာ ဦးညီညီဇော်မှ ပြောသည်။

 

တံတားသစ်တည်ဆောက်နေချိန်တွင် ချောင်းအောက်ဘက်၌ ယာယီလမ်းလွှဲ ဘေလီတံတားနှင့် မြေသားတာဘောင်ချဉ်းကပ်လမ်းတို့ဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရန် စီမံတည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ တံတားသစ်တည်ဆောက် ပြီးစီးပါက ဆင်ဖြူကျွန်းဒေသထွက် ကုန်များ၊ စလင်း -မင်းဘူး- မကွေး- ရန်ကုန်နှင့် ဆိပ်ဖြူ- ချောက်- မန္တလေး- မူဆယ်မြို့များသို့ ကုန်စည် စီးဆင်းမှုမြန်ဆန်လာပြီး လမ်းပမ်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

 

စိုးမိုးသူ (စလင်း) 

 

IMG_20190