စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ “သုတေသနလုပ်ငန်းနှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေး”ကျင်းပ

နေပြည်တော် ဇွန် ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ “သုတေသနလုပ်ငန်းနှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေး” ကို ယနေ့တွင် နေပြည်တော်  ဇေယျာသီရိ မြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန  နဝရတ်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ်၊ အရာထမ်း၊အမှုထမ်းများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး မိုခါမုန်တိုင်း သင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ရန် ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသော ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က အွန်လိုင်းမှ တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းသည်  အခြေခံအချက်တစ်ချက်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေဖြင့် ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံကိန်းများ ရေးဆွဲလျက် တောင်သူလယ်သမားများ အတွက် သီးနှံမျိုးသစ်များ မွေးမြူထုတ်လုပ်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပွားများ ပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ဖော်ထုတ်ပေးခြင်း၊ တောင်သူများ ရင်ဆိုင်ကြုံတွေ့ နေရသည့် စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲ၊ ပြဿနာများ ဖြေရှင်းပေးခြင်းအစရှိသည့် သုတေသန ပညာရပ်ဖြင့် လယ်ယာကဏ္ဍ ပြောင်းလဲတိုးတက်လာရေးကို ယခုထက် ပိုမိုအားထုတ်ကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က သုတေသနရလဒ်များနှင့် တွေ့ရှိချက်များကို တောင်သူ့နယ်ပယ်၌ လက်တွေ့အသုံးချနိုင်ရေး၊ တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် သုတေသနများဖြစ်ရေး၊ တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်မှုနှင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်အောင်မြင်စေရန် လယ်ယာထုတ်ကုန်များ ဈေးကွက်ဝင် စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး ၊ အရည်အသွေးမြင့်မားသည့် တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်တင်ပို့နိုင်ရေး၊ သုတေသနရလဒ်များကိုအခြေခံသည့် စိုက်ပျိုး ထုတ်လုပ်မှုနည်းပညာများကို တောင်သူများထံ အရောက်ပေးပို့နိုင်ရေးနှင့် တောင်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များကို သုတေသနလုပ်ငန်းများက ဖြေရှင်းပေးနိုင်ရန် တောင်သူများနှင့် သုတေသနပညာရှင်များအကြား စိုက်ပျိုးရေးဦးစီးဌာနက ပေါင်းကူးဆက်စပ်ဝန်ဆောင်မှုပေးရေးတို့နှင့် စပ်လျဉ်း၍ ပြောကြားသည်။

ထို့နောက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များက စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဒေသအလိုက် လုပ်ငန်း ကွင်းဆက်အလိုက် ဆက်လက်ဆောင်ရွက်သွားမည့် သုတေသနနှင့် လက်တွေ့အသုံးချ သုတေသန လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန သုတေသနပညာရှင်များ၊ စိုက်ပျိုးရေးအထူးပြုကုမ္ပဏီများမှ ကိုယ်စားလှယ်များ က သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြသူများသည် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။

သတင်းစဉ်