စိုက်ပျိုးရေဖူလုံမှုမှသည် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဝိုင်းဝန်းဆောင်ရွက်

 

ဝင်းကို-ဆည်ရေ

 

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များသည် မြန်မာနိုင်ငံတွင်လည်း သက်ရောက်မှုများ ဖြစ်ပေါ် လျက်ရှိရာ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့် လိုက်လျောညီထွေရှိသည့် စိုက်ပျိုးရေးကဏ္ဍ ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်လျက်ရှိနေပါသည်။

မိုးခေါင်ခြင်း၊ မိုးရွာသွန်းမှု အပြောင်းအလဲများခြင်းစသည့် လွန်ကဲသော ရာသီဥတုဖြစ်ရပ်များကြောင့် စိုက်ပျိုးရေမလုံလောက်မှုပြဿနာနှင့် ရေကြီးရေလျှံမှုကြောင့်  စိုက်ပျိုးသီးနှံများ  ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ရမှုကို  ကျော်လွှားနိုင်ရန်၊ သီးနှံများအထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်ရေးအတွက်  အဓိကအရေးပါသည့်  အချက်တစ်ခုဖြစ်သော စိုက်ပျိုးရေ လုံလောက်စွာရရှိရန် စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  အောက်ရှိ  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့်  ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖြစ်စေရန် စိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ ရေဘေးကာကွယ်ရေး လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။        

 

စိုက်ပျိုးရေရရှိရေး ဆောင်ရွက်မှု

 

နိုင်ငံတစ်ဝန်းရှိ မြေပေါ်မြေအောက် ရေအရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ  အသုံးပြုနိုင်ရေးအတွက် ရေအားအဆောက်အအုံများကို တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရေလှောင်တမံပေါင်း ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခု၊ မြစ်ရေ တင်လုပ်ငန်း ၂၁၉ ခု စုစုပေါင်း ရေအားအဆောက်အအုံ ၈၈၀ ခုတို့အား တည်ဆောက်ထိန်းသိမ်းထားရှိပြီး ဆက်စပ်ဆည်ရေသောက်စနစ်များကိုလည်း ထည့်သွင်း တည်ဆောက်ကာ ဆည်ရေသောက် ဧရိယာ ဧက ၃၁ သိန်းကျော်အား စိုက်ပျိုးရေ ပေးဝေလျက် ရှိသကဲ့သို့ ဆည်ရေသောက်ဧရိယာအတွင်း မပါဝင်သည့်ဒေသများ၌ မြေအောက်ရေကို အသုံးပြု စိုက်ပျိုးနိုင်ရန် စက်ရေတွင်း ၂၅၅၄၄ တွင်း ကို တူးဖော်ထားရှိပြီး စိုက်ပျိုးမြေ ၂၅၄၁၀၅ ဧကကို စိုက်ပျိုးရေပေးဝေလျက်ရှိပါသည်။

ဆည်၊ ကန်၊ တမံများမှ သိုလှောင်ရေများဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေး စီမံဆောင်ရွက်လျက် ရှိသည့်အပြင် အခြားရေရရှိနိုင်မည့် နည်းလမ်းမျိုးစုံဖြင့်လည်း စိုက်ပျိုးရေဖူလုံမှုရှိစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ လတ်တလောအကျိုးပြုနိုင်မည့် လုပ်ငန်းများအနေဖြင့် မိုးတွင်းကာလ ရိုးငယ်၊ ချောင်းငယ်များမှ အလဟဿစီးဆင်းလျက်ရှိသည့် ရေများကို ယာယီချောင်းပိတ်တမံများ ပြုလုပ်၍ ရေကိုစုဆောင်းပြီး လျှပ်စစ်နှင့် ဆိုလာစနစ်များဖြင့် ရေတင်ပေးဝေကာ စိုက်ပျိုးမြေ ဧရိယာများ ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ နွေကာလ ရေရှားပါးချိန်တွင် နွေသီးနှံ စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် တစ်နိုင်ငံလုံး၌ ဆည်၊ တမံများမှ သိုလှောင်ရေများအပြင် အခြားရေ ရရှိနိုင်သည့်နေရာများ၌ ချောင်းပိတ်၊ မြောင်းပိတ် လုပ်ငန်းများ နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် တစ်နိုင်ငံလုံး၌ လုပ်ငန်းပေါင်း ၃၁၇ ခုကို ဆောင်ရွက်၍ နွေသီးနှံစိုက်ပျိုးဧရိယာ ၁၄၀၂၇၂ ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိပါသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် ရေချိုရရှိရေးအတွက် မြစ်ချောင်းများမှတစ်ဆင့် ရေချို သွင်းမြောင်းများအား နှစ်စဉ်တူးဖော်ခြင်း၊ ရေချို ထိန်း ရေတံခါးများတည်ဆောက်ခြင်းဖြင့် သီးထပ် သီးနှံစိုက်ပျိုးဧကတိုးချဲ့စိုက်ပျိုးနိုင်ပြီး ရေငန်ဝင်ရောက်မှုကို ကာကွယ်နိုင်ရန်အတွက် ရေငန်တား တာများနှင့် ရေတံခါးများ တည်ဆောက်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

(၂၀၂၀-၂၀၂၁) ခုနှစ်၌ စိုက်ပျိုးရေပေးဝေနိုင်ခဲ့မှုအနေဖြင့် ဧက ၂၃ ဒသမ ၈၉ သိန်း ပေးဝေခဲ့ ရာမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် စိုက်ပျိုးရေတိုးတက်ပေးဝေနိုင်ရေး စီမံ ဆောင်ရွက်ခဲ့မှုများအရ ယခု (၂၀၂၃-၂၀၂၄)ခုနှစ် နွေစပါးရာသီတွင် နွေစပါးနှင့် အခြားသီးနှံ စုစုပေါင်း ဧက ၃၈ ဒသမ ၄၇ သိန်းအထိ စိုက်ပျိုးရေတိုးတက် ပေးဝေလျက်ရှိပါသည်။

 

ရေအသုံးချသူများအဖွဲ့

 

တောင်သူများ စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိရေးအတွက် ဒေသမှ တည်ဆောက်ထိန်းသိမ်း ထားသည့် ကျေးလက်ဆည်ငယ်/ ကန်ငယ်များ ထိန်းသိမ်းပြုပြင်ရာတွင် လိုအပ်သည့် နည်းပညာနှင့် စက်ယန္တရားများဖြင့် ကူညီဆောင်ရွက်လျက်ရှိပါသည်။ ဆည်ရေသောက်စနစ်များတွင် ရေစီမံ ခန့်ခွဲမှုလုပ်ငန်းများ ထိရောက်မှုရှိစေရန်အတွက် ဆည်ရေသောက်တောင်သူများကို ရေအသုံးချသူ များအဖွဲ့ (Water Users Group)အဖြစ် ဖွဲ့စည်း၍ ရေပေးဝေမှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် စေလျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်ထိ နိုင်ငံတစ်ဝန်း၌ ရေအသုံးချသူများအဖွဲ့ (WUG) ပေါင်း ၈၉၈၂ ဖွဲ့ကို တောင်သူဦးရေ ၂၂၈၇၉၉ ဦးဖြင့် ဖွဲ့စည်းထားရှိပါသည်။ WUG အဖွဲ့များ ပိုမို အားကောင်းလာစေရန်နှင့် ရေပေးဝေမှုလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင် လာစေရန် ရေအသုံးချသူများအသင်း (Water Users Association) အဖြစ် တိုးချဲ့ဖွဲ့စည်းပေးခဲ့ရာ WUA ၁၀ သင်းအားဖွဲ့စည်းပြီးဖြစ်ပါသည်။

တောင်သူများအား အဆိုပါ WUG / WUA အသင်းအဖွဲ့များမှတစ်ဆင့် ရေစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများ ဖြန့်ဝေနိုင်ရန်အတွက် ရေစီမံခန့်ခွဲမှု သင်တန်းများပို့ချခြင်း၊ ခေတ်မီနည်းစနစ်များဖြင့် ရေပေးဝေမှုများအား သရုပ်ပြခြင်း၊ စံပြစိုက်ခင်းများ သို့ လေ့လာရေးအစီအစဉ်များ စီစဉ်ဆောင်ရွက် ပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်တက် ရောက်စေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

 

ရေဘေးကာကွယ်ရေး ဆောင်ရွက်မှု

 

မြစ်ချောင်းများအနီး မြစ်ဝှမ်းဒေသများနှင့် မြစ်ရေကြီးမှု ဖြစ်ပေါ်လေ့ရှိသော ဒေသများတွင် စိုက်ပျိုးမြေဧရိယာများအား ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် ရေဘေးကာကွယ်ရေးတာများကို တည်ဆောက်ထားရှိပါသည်။ ထို့ပြင် ပင်လယ်နှင့် ထိစပ်လျက်ရှိသော ဒေသများနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရေငန်တားတာများကို လည်း တည်ဆောက်ထားရှိပါသည်။ တစ်နိုင်ငံလုံးတွင် ရေဘေးကာကွယ်ရေးတာ ၁၀၂ ခု၊ အလျားမိုင် ၁၃၆၁ မိုင်ကိုလည်း တည်ဆောက်၍ စိုက်ပျိုးမြေ ဧရိယာဧက ၂၀ ဒသမ ၂၄ သိန်းကျော်ကို ရေကြီး နစ်မြုပ်မှုအန္တရာယ်မှ ကာကွယ်ထားရှိပြီး ရေငန်တားတာ ၁၂၉ ခု၊ အလျားမိုင် ၁၂၃၃ မိုင်ကို တည်ဆောက်၍ စိုက်ပျိုးမြေဧရိယာ ခုနစ်သိန်းကျော်ကို ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ်ထားရှိပါသည်။ ထို့ပြင် စိုက်ပျိုးမြေဧရိယာများတွင် ရေကြီးနစ်မြုပ်မှုမဖြစ်ပေါ်စေရန် ချောင်း/မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ချောင်းကော/ မြောင်းကောများ၊ ရိုးများနှင့် ရေနုတ်မြောင်းများအား နှစ်စဉ် တူးဖော်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

ပင်လယ်နှင့် ထိစပ်လျက်ရှိသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် နွေစပါးနှင့် နွေသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းထိခိုက်မှု မရှိစေရေးအတွက် ရေငန်ဝင်ရောက်မှုတိုင်းတာခြင်း လုပ်ငန်းများကို ပင်လယ်ရေငန်ဝင်ရောက်မှုနှုန်း အများဆုံးဖြစ်သည့် မတ်လနှင့် ဧပြီလများ၏ ရေထရက်များတွင် တိုင်းတာဆောင်ရွက်လျက်ရှိပါသည်။ တိုင်းတာရရှိသည့် အချက်အလက်များအရ ရေငန်ဝင်ရောက်မှု အခြေအနေများကို တောင်သူများ သိရှိစေရန်အတွက် ဆိုင်းဘုတ်များစိုက်ထူ၍ အသိပေးခြင်းနှင့် တောင်သူတွေ့ဆုံပွဲများတွင် အသိပေးပြောကြားခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။

 

စိုက်ပျိုးရေချွေတာသုံးစွဲ၍ စိုက်ဧကများ ပိုမိုတိုးတက်လာစေမည့် နည်းလမ်းများ

 

ယခုနောက်ပိုင်းကာလများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်များ ရှားပါးလာပြီး စိုက်ပျိုးရေမလုံလောက်မှုများနှင့်ကြုံတွေ့နိုင် ခြေရှိလာသဖြင့် စိုက်ပျိုးရေရယူသုံးစွဲမှုကို သမား ရိုးကျ နည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းထက် စိုက်ပျိုးရေလျော့နည်းသုံးစွဲနိုင်မည့် နည်းလမ်းများ အား ပြောင်းလဲဆောင်ရွက်ခြင်းဖြင့် စိုက်ဧကများ တိုးတက်လာစေရေး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

တောင်သူများအနေဖြင့် ရေရရှိနိုင်မှု အခြေအနေများအပေါ် မူတည်၍ စိုက်ပျိုးသည့်သီးနှံနှင့် စိုက်ပျိုးနည်းစနစ်ပုံစံများကို ပြောင်းလဲစိုက်ပျိုးကြရန် လိုအပ်မည်ဖြစ်ပါသည်။ စိုက်ပျိုးရေရယူ သုံးစွဲရာတွင် မိမိတို့စိုက်ပျိုးသည့် သီးနှံ၏အနည်းဆုံး ရေလိုအပ်ချက်ပမာဏကိုသာ ထိထိရောက်ရောက် ရယူသုံးစွဲခြင်း၊ ရေလေလွင့်ဆုံးရှုံးမှုကိုလျှော့ချ၍ အကျိုးရှိ ထိရောက်စွာ သုံးစွဲခြင်း၊ ရေလိုအပ်ချက်နည်းပါးသည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ဒေသအလိုက်၊ ရေသောက် ဧရိယာများအလိုက် သင့်တော် ထိရောက်သည့် ရေပေးဝေမှုစနစ်၊ ရေရယူအသုံးပြုမှုစနစ်များကို ရေပေးဝေသူများ၊ ရေအသုံးချသူတောင်သူများနှင့် စိုက်ပျိုးရေးပညာရှင်များအကြား ပူးပေါင်းညှိနှိုင်း၍ စိုက်ပျိုးရေလျော့နည်းသုံးစွဲနိုင်ရေး (Reduce) အတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

စိုက်ပျိုးရေရှားပါးသော ဒေသများတွင် ရေနုတ်မြောင်းမှရေကို အသုံးပြုခြင်း (Reuse)သည် ရေအရင်းအမြစ် ဖြည့်တင်းရေးအတွက် အရေးကြီး သော ဗျူဟာတစ်ရပ်ဖြစ်သည်။ ထို့ပြင် ပြန်လည် အသုံးပြုခြင်းသည် ရေနုတ်မြောင်းတွင်စီးဆင်းသည့် ရေပမာဏကို လျှော့ချခြင်းဖြင့် ရေနုတ်မြောင်း ပြဿနာများကို သက်သာစေနိုင်သည်။ ရေနုတ်မြောင်းများ၊ ရိုးချောင်းများတွင် မြေပြင်အနေအထားများအရ နွေရာသီရေရှားပါးကာလတွင် တစ်ဖက်ပိတ်ဆည်ငယ်များ ပြုလုပ်ခြင်း၊ ယာယီမြေသားတမံများ ပြုလုပ်ခြင်းတို့ဖြင့် ပိုလျှံရေများကို ပြန်လည် စုဆောင်း ရယူခြင်း၊ စုဆောင်းရရှိသည့်ရေများကို ရေစုပ်တင်၍ ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက် ကြရမည်ဖြစ်ပါသည်။

တူးမြောင်းများနှင့် ရေအားအဆောက်အအုံများ၊ ရေနုတ်မြောင်းများနှင့် ရေယူပေါက်၊ ရေထွက် ပေါက်များအား စနစ်တကျ ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ပြုပြင်ခြင်း (Renovation) တို့ကို ပုံမှန်ဆောင်ရွက်ခြင်းဖြင့်လည်း စိုက်ပျိုးရေလေလွင့် ဆုံးရှုံးမှုမှ လျော့နည်းသက်သာစေမည် ဖြစ်ပါသည်။

စိုက်ပျိုးရေမလုံလောက်မှု ပြဿနာကိုကြိုတင်မှန်းဆ၍ ဖြေရှင်းဆောင်ရွက်ကြရာတွင် နိုင်ငံတော်အပိုင်းမှ ကျခံဆောင်ရွက်ရသည့် လုပ်ငန်းများရှိသကဲ့သို့ ရေသုံးစွဲသူ တောင်သူများ အနေဖြင့်လည်း ရေပေးမြောင်းနှင့် ရေယူအဆောက်အအုံများကို ဌာနဆိုင်ရာများနှင့်အတူ အချိန်မီပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ရေပေးဝေမှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရေသုံးစွဲသူတောင်သူ အစုအဖွဲ့များဖြင့် စိုက်ပျိုးရေကို စနစ်တကျ ရယူသုံးစွဲခြင်းတို့ကိုဆောင်ရွက် ကြရမည်ဖြစ်ပါသည်။

ထိုသို့ တောင်သူအစုအဖွဲ့များအဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စုပေါင်းဆောင်ရွက်သည့် အလေ့အထကောင်းများ ရရှိလာမည့်အပြင် စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်လာစေရန်အတွက် စီးပွားရေးတွက်ခြေကိုက်မည့် သီးနှံပုံစံများ ရွေးချယ်စိုက်ပျိုးလာနိုင်ခြင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များကိုလည်း တောင်သူအသင်းအစုအဖွဲ့များအနေဖြင့် ဈေးကွက်ရှာဖွေ ရောင်းချနိုင်ခြင်းတို့ကို ဆောင်ရွက် လာနိုင်မည်ဖြစ်ပါသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် လယ်/ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွား သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်မှုများ ဖြစ်ထွန်းနိုင်စေရေးအတွက် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ အပြင် တောင်သူများ၏ စိုက်ပျိုးထုတ်ကုန်များ မြင့်မားတိုးတက်ရေး အတွက်လည်း ဘက်ပေါင်းစုံမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ်သမားနေ့အား ဂုဏ်ပြုသောအားဖြင့် တင်ပြလိုက်ရပါသည်။