စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ

အောက်တိုဘာ ၂၅

လူသားတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် မဖြစ်မနေ မှီခိုအားပြုရသော အစားအစာတို့သည် အာဟာရပြည့်ဝမှု ရှိရမည်သာမက ဘေးကင်းလုံခြုံမှုကို ဖြည့်ဆည်းပေးရမည် ဖြစ်ပါသည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agricultural Practices-GAP) အားကောင်း ရေးအတွက် ကမ္ဘာတစ်ဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဤသို့သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP)တို့ကိုသာ လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ပါက ကမ္ဘာ့လူသားတို့၏ အာဟာရ ပြည့်ဝရေးနှင့် ဘေးကင်းလုံခြုံမှုနှင့်အတူ သက်ဆိုင်ရာ နိုင်ငံတို့၏ ဝင်ငွေမြင့်မားရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ ကူညီပေးနိုင်မည် ဖြစ်ပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေး ကိစ္စရပ်များနှင့်အတူ တိုင်းပြည်၏ ကုန်သွယ်ရေး မြှင့်တင်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဦးတည်လျက် အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ဤနေရာ၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၏ ကောင်းကျိုးရလဒ် များကို အလေးအနက် သုံးသပ်ရှုမြင်သင့်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများသည် ပြည်သူ တို့အတွက် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးကို အဓိက ဦးတည်သော်လည်း ဤရည်မှန်းချက်နှင့်အတူ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သီးနှံတို့၏ အရည်အသွေးမြင့်မားရေး၊ ပြည်သူတို့၏ ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူမှုဘဝသာယာရေးတို့ကိုပါ ပံ့ပိုးဖြည့်ဆည်းပေးမည်ဖြစ်၍ နိုင်ငံတော်အတွင်း စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်သင့်သော ကိစ္စရပ်ဖြစ်ပါသည်။

 

တိုင်းပြည်အတွင်း စိုက်ပျိုးထုတ်လုပ်သော သစ်သီးဝလံ၊ သီးနှံ အားလုံးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများကို ဖော်ဆောင်နိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်သော်လည်း တိုင်းပြည်၏ အဓိက စိုက်ပျိုးသီးနှံဖြစ်သည့် စပါးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ဖော်ဆောင်ကျင့်သုံးနိုင်ပါက ပြည်သူတို့၏ ကျန်းမာရေးအန္တရာယ် ကင်းရှင်းရေးနှင့်အတူ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို အတိုင်းအတာ တစ်ခုအထိ ထိထိ ရောက်ရောက် ပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။

 

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၏ ကောင်းကျိုးရလဒ်ကို ဥပမာပေး၍ တင်ပြလိုပါသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်သော တချို့သော စပါးတို့၌ အာဆင်းနစ်ဓာတ် ပါဝင်ပါသည်။ ဤကဲ့သို့ အာဆင်းနစ်ဓာတ် ပါဝင်သော စပါးတို့ကို ပြည်ပနိုင်ငံများသို့ တင်ပို့၍မရပါ။ စပါးစိုက်ပျိုးရာ၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပါက စပါး၌ အာဆင်းနစ်ဓာတ် ပါဝင်မှုပြဿနာကို အပြီးတိုင်ဖယ်ရှားနိုင်မည် ဖြစ်ပါသည်။ တခြားသော နိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးသုံးစွဲမှုသည် နည်းပါးနေသေးသည်ဖြစ်၍ စနစ်တကျသာ အကောင်အထည်ဖော် ဆောင်ရွက်ပါက စပါးစိုက်ပျိုးရေး၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးခြင်းကို အလွယ်တကူ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော အနေအထားရှိပါသည်။

 

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အတွက် စိုက်ပျိုးရေး ဆိုင်ရာ သွင်းအားစုများကို အကြိမ်ကြိမ် ခွဲကျွေးရသည့်အတွက် ကုန်ကျစရိတ် တက်လာသော်လည်း ဈေးကွက်ကိုသာ စနစ်တကျ ချိတ်ဆက်နိုင်ပါက တောင်သူလယ်သမားတို့၏ အကျိုးအမြတ်ကို သိသိသာသာ တိုးပွားစေမည် ဖြစ်ပါသည်။ တစ်ပြိုင်တည်းမှာပင် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအားကောင်း မောင်းသန် ပံ့ပိုးဖော်ဆောင်ပေးမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တိုင်းပြည်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ ဖော်ဆောင်ခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။   ။
(မြန်မာ့အလင်း)