စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံ့ဝန်ထမ်း သားသမီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့

 

နေပြည်တော်၊ မေ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နေပြည်တော်ကောင်စီ နယ်မြေမှ နိုင်ငံ့ဝန်ထမ်း သားသမီးများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းသားသမီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်း သား သမီးများကို ပညာသင် ထောက်ပံ့မှုအဖြစ် ယခင်နှစ်များနည်းတူ ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများကို ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်မှစ၍ အခြေခံပညာ အထက်တန်း Grade-10 တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုဘာသာရပ်များကို လေ့လာ သင်ကြားနိုင်စေရန် စီစဉ်ထားပြီးဖြစ်၍ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့စိတ်ပါဝင်စားသည့် ဘာသာရပ်ကို လေ့လာနိုင်ကြမည်ဖြစ်ကြောင်း၊ ထူးချွန်မှုအလိုက် စိုက်ပျိုးရေးသိပ္ပံကျောင်းများနှင့် မွေးမြူရေး ဒီပလိုမာသင်တန်းများ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်များတွင် ဆက်လက်သင်ကြားခွင့် ရရှိကြမည်ဖြစ်၍ အလေးထား စဉ်းစားဆောင်ရွက်ကြရန်နှင့် မှန်ကန်စွာဝေဖန် ပိုင်းခြားတတ်သည့် ပညာတတ်လူငယ်များအဖြစ် နိုင်ငံတော်၏ အနာဂတ်ကို ကောင်းသည်ထက်ကောင်းအောင် ပုံဖော်နိုင်ကြစေရေး အားထုတ်ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ယူကြမည့် မူလတန်းအဆင့် ( ၁၃၇၂ ) ဦး၊ အလယ်တန်းအဆင့် (၆၉၇ ) ဦး၊ အထက်တန်းအဆင့် (၇၄၇) ဦး စုစုပေါင်း ( ၂၈၁၆ ) ဦးတို့အတွက် ပညာသင် ထောက်ပံ့မှုအဖြစ် တစ်ဦးလျှင် ကျောင်းဝတ်စုံ တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ၊ ဘောပင် တစ်ဒါဇင်ကို ထောက်ပံ့ပေးအပ်ကြရာ ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များက လက်ခံ ရယူခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်