စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြစိမ်းရောင်ချေးငွေများ ပြန်လည်ထုတ်ချေးပေး

အုတ်တွင်း၊ မေ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျလာစေရန် ရည်ရွယ်၍ ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေများပြန် လည်ထုတ်ချေးပေးခြင်းကို ဝဲဒေါင့်ကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာရှိ စာသင်ကျောင်း၌ ယနေ့ နံနက် ၈ နာရီခွဲက ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြောင်း သိရသည်။

ဦးစွာ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်မှ ချေးငွေများ ပြန်လည်ထုတ်ချေးပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အသင်းသူ အသင်းသားများအနေဖြင့် အရင်းအတိုးငွေများကို သတ်မှတ်ကာလအတွင်း အပြေအကြေပေးဆပ်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေများနှင့် စီမံအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အုတ်တွင်းမြို့နယ် ဇီးကုန်းကျေးရွာ မြစိမ်းရောင်လုပ်ငန်းအဖွဲ့များက စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ချေးငွေကျပ် ၃၁ ဒသမ ၀၅ သန်းကို အသင်းသူအသင်းသား (၉၇)ဦးထံ လက်ဝယ်အရောက်  ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကိုညို(ကျေးလက်)