စိတ်ရှည်မှုနှင့် နိုင်ငံရေးအမြော်အမြင်ရှိ

၂၈ အောက်တိုဘာ

 

မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးမူနှင့်အညီ ကုလသမဂ္ဂကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများနှင့် အစဉ်အဆက် ပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိသည်။ ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် ငြိမ်းချမ်းခြင်း၊ မျှတခြင်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်းကြီးကို စတင်ဖွဲ့စည်းစဉ်ကတည်းက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရေး၊ နိုင်ငံများအကြား ရင်းနှီးချစ်ကြည်မှုတိုးတက်စေရေး၊ လူသားတို့ဘဝ တိုးတက်မြင့်မားရေးနှင့် တစ်ဦး တစ်ယောက်ချင်းစီ၏ အခွင့်အရေးများနှင့် လွတ်လပ်မှုများအား လေးစားမြှင့်တင်ရေးတို့အတွက် အတူတကွပူးပေါင်းဆောင်ရွက်ရန် တည်ကြည်လေးနက်သော ကတိကဝတ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

လက်ရှိကာလတွင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ နိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားလို သည့်ဆန္ဒကို ပြသသောအားဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့မှုအပေါ် ကြိုဆိုခဲ့ပြီး နေပြည်တော်၌ ရုံးခန်းဖွင့်လှစ်ရန်ကိစ္စကိုလည်း ခွင့်ပြုပေးခဲ့သည့်အပြင် မြန်မာနိုင်ငံအတွင်း သွားရောက်ရန်လည်း စီစဉ်ပေးခဲ့သည်။

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်သည် အောက်တိုဘာလ ၂၀ ရက်နေ့ ခရီးစဉ်အပြီး ထုတ်ပြန်ချက်တွင် တာဝန်ခံမှု နှင့် အားလုံးပါဝင်သည့် ဆွေးနွေးမှုတို့ကို မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အဓိကမဏ္ဍိုင်နှစ်ရပ်အဖြစ် ဖော်ပြခဲ့ပြီး ၎င်းက စိတ်ရှည်မှုနှင့်ယုံကြည်မှု တည်ဆောက်မှုတို့ လိုအပ်ကြောင်းနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို ပြည်တွင်း၌ပင် ဆက်လက်အဖြေရှာ ရေးအတွက် အကူအညီပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က စိတ်ရှည်မှုနှင့် ယုံကြည်မှုတည်ဆောက်ရေး မြှင့်တင်ရန် အလေးထားပြောကြားခဲ့ရာ ယင်းအချက်သည် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်နေသဖြင့် အပြည့်အဝသဘောတူ လက်ခံကြသည်။ တစ်ဖက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ နိုင်ငံတကာ  အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် စိတ်ရှည်မှုသည် လမ်းကြောင်းသွေဖည်ရန် နည်းလမ်းရှာနေသူများအတွက်သာ အကူအညီ ပေးနိုင်လိမ့်မည်ဟု မဆီလျော်သော ဆန့်ကျင်ဘက်စကားကို လွဲမှားစွာ ပြောကြားခဲ့သည်။

 

စိတ်ရှည်မှု၊ သည်းခံမှုတို့သည် မေတ္တာတရားအပေါ်တွင် အခြေခံပြီး မည်သည့်ဘာသာဝင်၊ မည်သည့်လူမျိုးဖြစ်စေ ဘာသာတရား၏အဆုံးအမ နှင့်အညီ လိုက်နာကျင့်သုံးကြသည့် စံနှုန်းတစ်ခုဖြစ်သည်။ ဤသည်ကို နိုင်ငံများအား ကိုယ်စားပြုသည့် ဦးဆောင်အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်တစ်ဦးက ကမ္ဘာ့နိုင်ငံကိုယ်စားလှယ်များရှေ့မှောက်တွင် မဆင်မခြင်ပြောကြားခဲ့သည်မှာ လွန်စွာစိတ်ပျက်ဖွယ်ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံများအား ကိုယ်စားပြုသည့်အဖွဲ့တွင် ခေါင်းဆောင်တစ်ဦးအဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးမှ ရွေးချယ်ခန့်ထားခဲ့သည်မှာ အံ့ဩဖွယ်ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ကြီးသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သဟဇာတ ဖြစ်ရေးတို့ကို မြှင့်တင်ရန်နှင့် ထိခိုက်နစ်နာမှုများနှင့် ရန်လိုမှုများကို လျှော့ချရန် ရည်မှန်းချက်ထားရှိပြီး အဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲ ဆောင်ရွက်သွားရန်ဖြစ်သည်ကို သတိချပ်သင့်သည်။

 

သို့ဖြစ်ရာ စိတ်ရှည်မှုသည် လူသားများငြိမ်းချမ်းရေးအတွက် အားလုံး လက်ခံထားသော အသုံးပြုရမည့် အချက်ဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ရွေးချယ်ထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် သဘော တူညီမှုရရှိရေးမှတစ်ဆင့် ငြိမ်းချမ်းသည့်နည်းလမ်းနှင့်အညီ ကြီးမားသည့် စိတ်ရှည်မှုနှင့် နိုင်ငံရေးအမြော်အမြင်ရှိမှုတို့ဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။ ။(ကြေးမုံ)