စိတ်ကိုပြင်သော ဇာတ်လမ်းများ

မောင်နေခြည်(ဇလွန်)

ကျွန်တော် ရေဒီယိုကို စ၍နားထောင်ဖြစ်သည်မှာ အမေ့ကြောင့် ဖြစ်ပါသည်။ အမေသည် သာမန်ရဲအမှုထမ်း တစ်ဦး၏ ဇနီးဖြစ်သော်လည်း ငယ်ဆရာ ရွာဘုန်းတော် ကြီး၏ ထက်မြက်သော သင်ကြားမှုကို ခံယူရရှိခဲ့သဖြင့် ဗုဒ္ဓဘာသာ ပရိတ်၊ ပဋ္ဌာန်း၊ အဘိဓမ္မာ အခြေခံများနှင့် အတူ သင်္ချာ၊ ရာဇဝင်၊ လက်ရေးတို စသည်တို့ကိုလည်း သင်ယူတတ်မြောက်ခဲ့သူဖြစ်ပေရာ ကျွန်တော်တို့ သားသမီးများအပေါ် ကောင်းစွာစီမံအုပ်ချုပ်နိုင်ခဲ့ပါ သည်။

ထို့အပြင် အမေသည် ဗဟုသုတ၏ တန်ဖိုး၊ သတင်း၏ အရေးပါမှုနှင့် အနုပညာ၏ လမ်းပြနိုင်စွမ်း တို့ကိုလည်း သဘောပေါက်သူဖြစ်ပေရာ ထိုအချိန်က နိုင်ငံနှင့်အဝှမ်း မြို့နယ်ကျေးလက်အားလုံးအတွက် တစ်ခုတည်းသောမီဒီယာဖြစ်သည့် “မြန်မာ့အသံ ရေဒီယို” ကိုလည်း အလွန်နှစ်သက်သူဖြစ်ပါသည်။ လွန်ခဲ့သော နှစ်လေးငါးဆယ်ခန့် ရဲစခန်းတစ်ခုလုံးတွင် ရေဒီယိုကို လက်ချိုးရေတွက်ရသည့် အချိန်ကတည်းက အမေ့တွင် အဖိုးနည်းဝန်ပါ ရေဒီယိုအပြာလေး တစ်လုံး ရှိခဲ့ပါသည်။ သားသမီးခုနစ်ယောက်လုံးကို လည်း ရေဒီယိုကို တန်ဖိုးရှိစွာ နားထောင်တတ်အောင် စည်းရုံးဆွဲဆောင်ခဲ့ပြီး ကျွန်တော်တို့သားအမိများ အထူးနှစ်ခြိုက်ကြသည့် အစီအစဉ်များမှာ ဇာတ်လမ်း ပမာ နားဆင်စရာ၊ ဘဝကြေးမုံဇာတ်လမ်းစုံ၊ အသံလွှင့် ဇာတ်လမ်း၊ ကျေးလက်ဇာတ်လမ်းနှင့် ဇာတ်သဘင် ဖျော်ဖြေမှုအစီအစဉ်တို့ ဖြစ်ပါသည်။

အလွန်ပင် အသက်ဝင်လှ

မောင်နှမခုနစ်ယောက်မှာလည်း ရှစ်တန်း၊ ခြောက် တန်း၊ လေးတန်း၊ နှစ်တန်းစသည်ဖြင့် ရထားတွဲများ ပမာ ချိတ်ဆက်မွေးဖွားထားလေရာ အားလုံးမှာ ရေဒီယိုနားက မခွာနိုင်အောင် ဇာတ်လမ်းကြိုက်သူ၊ 
ပုံပြင်ကြိုက်သူများချည်း ဖြစ်လာကြပါတော့သည်။ ထိုစဉ်က အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် နိုင်ငံခြားသတင်းများလာပြီးချိန် ည ၇ နာရီ ၁၅ မိနစ်၌ “ဇာတ်လမ်းပမာ” များ လာလေ့ရှိပါသည်။ စနေနေ့များ တွင်မူ ည ၈ နာရီသတင်းများအပြီး ၈ နာရီ ၁၅ မိနစ်မှစ၍ လေးဆယ့်ငါးမိနစ်ကြာ “အသံလွှင့်ဇာတ်လမ်း”များကို “ဇာတ်သဘင်ဖျော်ဖြေမှု”နှင့် တစ်ပတ်စီပုံစံ တင်ဆက် ပေးလေ့ရှိပါ၏။ ထိုဇာတ်လမ်းများသည် သဘာဝ ကျကျပီပြင်အောင် အသံဖြင့် သရုပ်ဆောင်နိုင်သော မြန်မာ့အသံဝန်ထမ်းများနှင့် ပြင်ပမှ လာရောက်ကူညီ ကြသော ရုပ်ရှင်ဂီတအနုပညာရှင်များကြောင့် အလွန်ပင် အသက်ဝင်လှပါ၏။

ရင်ထဲသို့ မှတ်မှတ်ထင်ထင်စွဲဝင်နေသော ဇာတ်လမ်း များအနက် တစ်ဦးတည်းသော သားလေးဖြစ်သူ မာလကာပင်ပေါ်မှ လိမ့်ကျ၍ ကြေကွဲဖွယ်သေဆုံး ခဲ့ရသည့် အလွမ်းဇာတ်လမ်းလေးမှာ နားထောင် ရသူတိုင်း မျက်ရည်ကျအောင် ခံစားခဲ့ရသည့်ဇာတ်လမ်း ဖြစ်ပါသည်။ ထိုဇာတ်လမ်းကို နားထောင်ပြီးချိန်၌ ကျွန်တော်တို့ကလေးတစ်သိုက် မာလကာပင်များအပေါ် မတက်ဝံ့ဖြစ်ခဲ့ကြရပုံကိုလည်း ပြန်လည်သတိရမိပါသည်။

ဇာတ်လမ်းထဲတွင် ရွှေရေးပန်းစက်သားငယ်ကလေး ကို ဆုံးရှုံးရ၍ ရင်ကွဲမတတ်ခံစားရသည့် မိခင်အဖြစ် 
တေးသံရှင် (ဒေါ်)ချစ်စံပယ်၏ ဆို့နင့်စွာ သရုပ်ဆောင်ပုံနှင့် နောက်ဆုံးတွင် ကံတရားနှင့်လောကဓံတို့ကို ဆင်ခြင်မိလာ ပြီး သားလေး၏ ကစားဖော် “အတူးလေး” အပေါ်၌ ခွင့်လွှတ်ထွေးပိုက် အမြင်မှန်ရရှိသွားပုံတို့မှာ နားဆင်ရသူ ကျွန်တော်တို့ သောတရှင်များအဖို့ ကရုဏာနှင့် သိင်္ဂါရ ရသကို ရင်ထဲ၌ စွဲကျန်ခဲ့ရပါ၏။

သိုင်းနယ်မှ ကျားသောင်းကျန်း

ထိုအချိန်က ကျွန်တော်တို့ကျောင်းသားဘဝ “အလယ်တန်း ပင်ရင်းစကားပြေ”တွင်၊ ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်) ရေးသော “သိုင်းနယ်မှ ကျားသောင်း ကျန်း”ဆိုသည့် ဝတ္ထုတစ်ပုဒ် ပါဝင်ပါသည်။ ထိုဝတ္ထုကို မြန်မာ့အသံမှ အသံလွှင့်ဇာတ်လမ်းအဖြစ် ထုတ်လွှင့်ပေး သည့်အခါ တင်ဆက်ပုံ အသက်ဝင်လှသောကြောင့် ကျွန်တော်တို့ မောင်နှမများမှာ အိမ်နှင့်စည်းရိုးသာ ခြားသော ရဲစခန်းဝင်း၏ အပြင်ဘက်ရှိ ငှက်ပျောတောထဲမှ ကျားကြီးများ ထွက်လာလေမလားဟု စိုးထိတ်ကာ အောက်မဆင်းဝံ့ဖြစ်ခဲ့ပုံကိုလည်း မှတ်မိနေပါသေးသည်။

ကျွဲ၊ နွားများကိုသာမက လူကိုပါ အတင့်ရဲစွာကိုက် သတ်လာသော ကျားသောင်းကျန်းမှုကြောင့် ရွာပျက် 
လုမတတ် ဒုက္ခပင်လယ်ဝေနေကြရသည့် ရွာသူရွာသားများ ကို ကယ်တင်ပေးသူ မြန်မာ့တပ်မတော်မှ ဗိုလ်မှူးအဖြစ် မင်းသားကြီး အကယ်ဒမီ(ဦး)ညွန့်ဝင်းက ပီပြင်စွာ သရုပ် ဆောင်ခဲ့ရာ ဇာတ်လမ်းကို စွဲမက်ခဲ့ရသည့် ကျွန်တော်တို့ အဖို့ ပြည်သူ့ရန်ကိုကာကွယ်ပေးသည့် တပ်မတော်သားတို့၏ ဘဝကို ချစ်ခင်လေးစား တန်ဖိုးထားတတ်ခဲ့ပါ၏။ “တပ်မတော် သားဆိုတာ ခုလိုပဲ ပြည်သူ့အန္တရာယ်ကို ကာကွယ်ပေးရတယ်” ဆိုသည့် အမေ့မှတ်ချက်ရိုးရိုးလေးကလည်း ကလေးဘဝ ကတည်းက တပ်မတော်ဆိုတာ အားကိုးရပါလားဆိုသည့် အသိတရားကို စွဲမြဲစေခဲ့ပါ၏။

လူ့မနော

နာမည်ကျော်ဟာသနှင့် ဘဝသရုပ်ဖော်စာရေးဆရာ ကြီး “သော်တာဆွေ”၏ “လူ့မနော” ဇာတ်လမ်းကို 
နားထောင်ရလေတိုင်း အလကားပေးသည့် “ဒန့်သလွန်သီး” ကိုပင် အမျိုးသမီးတစ်သိုက်၏ သူကများသည်၊ ငါကနည်း သည်ဟု မကျေနပ်ကြပုံလေးများမှာ အထူးရယ်မောခဲ့ရပါ၏။ “လူ့အလို သော်တာဆွေ မလိုက်နိုင်ဖြစ်နေပါပေါ့လား”ဟု ရင်မောစွာပြောချလိုက်သည့် သရုပ်ဆောင်လည်းဖြစ်၊ ဇာတ်ကြောင်းပြောသူလည်းဖြစ်သည့် စန္ဒယား(ဦး) အောင် ခင်၏ အပြောလေးသည် လူ့ဘဝလူ့လောကထဲတွင် မကြာမကြာကြုံတွေ့ရတတ်သော သဘာဝတစ်ခုဖြစ်ပြီး မိမိကိုယ်တိုင်လည်း လောဘကို ဆင်ခြင်ထိန်းသိမ်းတတ် လာပါ၏။

အမေနှင့် ကျွန်တော်တို့ မောင်နှမများ အထူးနှစ်သက် ကြသည့် အသံမင်းသား “မြန်မာ့အသံ ဦးဇော်ဝင်း”က ကိုဘလင်းခေါ် မရန်းပေါင်းသည် ပန်တျာခင်ခင်လင်းအဖြစ် ပုံစံနှစ်မျိုးဖြင့် သရုပ်ဆောင်ထားသော “မောဟလွန်ကဲ အတ္တစွဲ” ဆိုသည့် ဇာတ်လမ်းလေးသည်ကား ယခုခေတ် စကားနှင့် အလွန်ဟတ်ထိသည်ဟု ပြောရပါလိမ့်မည်။ သရုပ်ဆောင်များ ကောင်းလွန်းသလောက် လူ့သဘော၊ လူ့စရိုက်နှင့် သာမန်လက်လုပ်လက်စား အခြေခံလူတန်းစား တို့၏ ဘဝမှန်ကို ပီပြင်စွာဖော်ပြနိုင်သော ဇာတ်လမ်းဖြစ်ရာ ယနေ့အထိ ဘယ်နှကြိမ်ပြန်လာလာ နားထောင် ကောင်းမြဲဖြစ်ပြီး ရင်ထဲမှာလည်း ခံစားမှုများစွာ ကျန်ခဲ့ သည်ချည်းဖြစ်ပါ၏။

ထိုစဉ်က အမေပြောခဲ့သည့် စကားလေးကို ယခုတိုင် ကြားယောင်နေပါသေးသည်။ “မကောင်းတာ၊ ကိုယ်တောင် မသုံး မစားတာတွေကို ဘယ်တော့မှ သူများကိုညာပြီး မရောင်းရဘူး၊ ရိုးသားဖို့က အရေးအကြီးဆုံးပဲ၊ ရိုးရိုးကျင့် မြင့်မြင့်ကြံဆိုတဲ့စကားကို အမြဲတမ်းသတိထားလိုက်နာရ မယ်” ဟု ဖြစ်ပါ၏။ အမေ့စကားနှင့် ယဉ်ပါးခဲ့ကြသော 
ကျွန်တော်တို့ ညီအစ်ကိုမောင်နှမ ခုနစ်ယောက်အနက် အငယ်ဆုံးညီလေးမှာ မူလတန်းပြကျောင်းဆရာဘဝနှင့် အစောဆုံးကွယ်လွန်သွားခဲ့ပါပြီ။ အမေ့လိုပင် ရေဒီယို အလွန်ကြိုက်သော ညီထွေးသည် သူဝါသနာပါသည့် ကျောင်းဆရာအလုပ်ကို စေတနာ၊ မေတ္တာအပြည့်ဖြင့် ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ရင်း အမေ့စကား ကို အပြည့်အဝ နားထောင်သွားခဲ့သူဖြစ်ရာ သူတာဝန်ကျခဲ့ သည့် တစ်နယ်လုံးက နှမြောတမ်းတမဆုံးရှိခဲ့ကြပါ၏။

ကျန်ခဲ့သည့် ကျွန်တော်တို့ အစ်ကို၊ အစ်မခြောက်ဦး လုံးမှာလည်း ချမ်းသာသူများချည်း မဟုတ်သော်ငြား လောကကိုအကျည်းတန်စေသည့် မရိုးသားသူများမဖြစ်ခဲ့ ကြခြင်းမှာ ဤဇာတ်လမ်းလေး၏ တွန်းအားက တစ်စိတ် တစ်ဒေသ ပါဝင်နေပါသည်။

ဘိန်းစားဘသော်

မူးယစ်ဆေးဝါးအန္တရာယ်ကို လက်တွေ့ကျကျ သဘာဝပါပါ မီးမောင်းထိုးပြခဲ့သော “ဘိန်းစားဘသော်” အသံလွှင့်ဇာတ်လမ်းကလည်း ကျွန်တော်တို့နှင့် ရွယ်တူ တန်းတူ သူငယ်ချင်းတော်တော်များများကို ကျောင်းသား ဘဝမှသည် လုပ်ငန်းခွင်အသီးသီး၌ တာဝန်ထမ်းနေကြ သည့် ယနေ့အချိန်အထိ ဆေးလိပ်မှအစ ကွမ်း၊ အရက် စသည်တို့ မသောက်မစားဖြစ်အောင် အတိုင်းအတာ တစ်ခုထိ ထိန်းသိမ်းပြုပြင်စေခဲ့ပါသည်။

ကျွန်တော်အမှတ်ရမိနေသည့် နောက်ဇာတ်လမ်း တစ်ပုဒ်မှာ မောင်နှမအရင်းအချာ မဟုတ်သော်လည်း သွေးလှူရန် စေတနာတူ၊ ဝါသနာတူသူများဖြစ်ပြီး သွေးအမျိုးအစားချင်းပါတူသည့် “သွေးတူမွေးတူ မောင်နှမ” အဖြစ် အတွဲညီစွာ သရုပ်ဆောင်ထားသည့် မြန်မာ့အသံ ဦးဇော်ဝင်းနှင့် ဒေါ်စမ်းစမ်းယဉ်တို့၏ သွေးလှူရှင် ပညာပေးဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ ဇာတ်လမ်းအမည်ကို မမှတ်မိတော့သော်လည်း သွေးလှူ ခြင်းဖြင့် အသက်ကယ်သင့်ပါကြောင်း သိမ်သိမ်မွေ့မွေ့ ဆွဲဆောင်တင်ပြထားပါသည်။

ဇာတ်လမ်းထဲတွင် လူရမ်းကားကလေးများက အစ်ကိုဖြစ်သူ၏ခေါင်းကို ရိုက်သွားသောအခါ “နှမငယ် မိစီ” အဖြစ် သရုပ်ဆောင်သော “ဒေါ်စမ်းစမ်းယဉ်” အော်လိုက်သည့် “ခွေးတွေ ခွေးတွေ နင်တို့ဟာ ခွေးတွေ” ဆိုသည့် အသံသရုပ်ဆောင်ချက်မှာ ကောင်းလွန်းလှသဖြင့် နောင်တွင် အမေရော ကျွန်တော်တို့ပါ “ဒေါ်စမ်းစမ်းယဉ်” ၏ အသံကြားလျှင် “မိစီ၊ မိစီ” ဟု ပြောဖြစ်ကြသည် အထိပါပေ။

သွေးလှူခြင်း၏ တန်ဖိုးနှင့် သဘောထားကြီးမြတ် မှု၏ နှစ်သက်ကျင့်သုံးချင်စရာကောင်းပုံများကို ရှင်းရှင်း လင်းလင်းသိမြင်ခဲ့ရပြီး အသက် ၁၈ နှစ်ပြည့်သည့် အချိန်မှစ၍ ယနေ့အထိ အကြိမ်ပေါင်းများစွာ စေတနာ အပြည့်ဖြင့် ကျွန်တော် သွေးလှူဖြစ်ခဲ့ပါသည်။

ရည်ရွယ်ချက်ကောင်းများပါတတ်

မြန်မာ့အသံရေဒီယိုမှ ထုတ်လွှင့်ပေးသည့် ဇာတ်လမ်းတိုင်းတွင် ရည်ရွယ်ချက်ကောင်းများ ပါတတ်ပြီး သရုပ်ဆောင်များနှင့် စီစဉ်တင်ဆက်ပုံ အထူးကောင်းမွန်ပေရာ နားဆင်ရသူ သောတရှင်များ အတွက် ကျေနပ်စရာ အသံရုပ်ရှင်များဖြစ်ခဲ့ပါ၏။ မှတ်မိ ပါသေးသည်။ “မင်းသမီး” အမည်ရှိ အသံလွှင့် ဇာတ်လမ်း၌ ရုပ်ရှင်မင်းသား အကယ်ဒမီ (ဦး)မြတ်လေး၊ အကယ်ဒမီ(ဦး) ဇော်လွင်နှင့် ဇာတ်လမ်းထဲမှ နာမည်ကြီး ရုပ်ရှင်မင်းသမီး “စုနန္ဒာ”အဖြစ် အကယ်ဒမီ (ဒေါ်)ချိုပြုံး တို့က ပါဝင်သရုပ်ဆောင်ကြပါသည်။ ထိုဇာတ်လမ်းကို နားထောင်ပြီးနောက် ပညာတစ်ရပ်ကို တကယ်ကျွမ်းကျင် စွာ တတ်မြောက်သူတိုင်းသည် နောက်ဆုံးတွင် ထိုက်ထိုက်တန်တန် ဂုဏ်ပြုခံရတတ်ကြောင်း နက်နက် နဲနဲ နားလည်ခဲ့ရပါ၏။

ဇာတ်လမ်းထဲတွင် ဒါရိုက်တာ “ကိုအံ့မောင်” အဖြစ် သရုပ်ဆောင်သော (ဦး)မြတ်လေး၏ အပြောအသံ လေယူလေသိမ်းတို့ကို အထူးစွဲမက်ခဲ့ရပြီး ဇာတ်လမ်း ထဲမှ ဒါရိုက်တာလို တကယ့်ပညာရှင်တစ်ဦးဖြစ်အောင် လေ့လာကြိုးစားမည်ဆိုသည့် စိတ်ဓာတ်များသည်လည်း နားဆင်ရသူ ကျွန်တော်တို့ လူငယ်များတွင် တဖွားဖွား ပေါ်ပေါက်ခဲ့ဖူးပါသည်။

အမေအလွန်နှစ်သက်ပြီး ကျွန်တော်တို့အားလုံး အကြိုက်ဆုံးဇာတ်လမ်းမှာ ရုပ်ရှင်ငွေရတုအမှတ်တရ အဖြစ် “ဆရာကြီးဦးသုခ” စီစဉ်တင်ဆက်ခဲ့သည့် “ကိုယ်ကျင့်တရား” အသံလွှင့်ဇာတ်လမ်းဖြစ်ပြီး အကယ်ဒမီ (ဦး) ထွန်းဝေ၊ အကယ်ဒမီ (ဦး)ကောလိပ်ဂျင် နေဝင်း၊ အကယ်ဒမီ(ဒေါ်)ဝါဝါဝင်းရွှေနှင့် (ဦး)မြင့်ဖေတို့ ပါဝင်သရုပ်ဆောင်ကြပါ၏။

ထိုဇာတ်လမ်းတွင် သူငယ်ချင်းဖြစ်သူ စစ်ဗိုလ်က အပျော်တမ်းရေးသားကာ အပ်နှံထားသော “စစ်မြေပြင်” အမည်ရှိဝတ္ထုကို ဒါရိုက်တာသူငယ်ချင်းက “ကိုယ်ကျင့် တရား”ဟု အမည်ပြောင်းပြီး ရုပ်ရှင်ရိုက်ရာ အထူး အောင်မြင်သွားပါသည်။ ဝင်ငွေစံချိန်ချိုးပြီး အကယ် ဒမီများရရှိကာ တစ်ပြည်လုံးက အုတ်အော်သောင်းတင်း ချီးကျူးခဲ့ကြပါသည်။

ထိုအချိန်တွင် ဇာတ်လမ်း၏ ပိုင်ရှင်အစစ်ဖြစ်သူ စစ်ဗိုလ်ရောက်လာပြီး သူငယ်ချင်းဒါရိုက်တာအား “သူခိုး၊ မင်းသူခိုး” “ဘယ်သူတွေ ဘယ်လောက်ချီးကျူး ကြပါစေ၊ နောက်ဆုံး တစ်ကမ္ဘာလုံးက ချီးကျူးကြပါစေ၊ မင်းသူခိုးပဲ”ဟု ပြောဆိုပုံ၊ ဒါရိုက်တာက ဝန်မခံဘဲ ငြင်းလိုက်သော်လည်း ဇာတ်လမ်းခိုးချသည့်အဖြစ်မှန်ကို ဒါရိုက်တာ၏ ဇနီးဖြစ်သူကပါ သိရှိသွားပြီး လင်မယား နှစ်ဦးလုံးက သူငယ်ချင်းစစ်ဗိုလ်ထံ ဝန်ချတောင်းပန်ကြရပုံ၊ စစ်ဗိုလ်က သဘောထားကြီးစွာဖြင့် ခွင့်လွှတ်သွားပုံ၊ ကိုယ်ကျင့်တရားဆိုသည်မှာ ဟန်ပြမဟုတ်ဘဲ မဖောက် မပြန်လိုက်နာကျင့်သုံးဖို့ အထူးလိုအပ်ပုံတို့ကို ထိထိမိမိ ပညာပေးခဲ့သော ဇာတ်လမ်းဖြစ်ပါသည်။

ကိုယ်ကျင့်တရား ထိန်းသိမ်း

ဤဇာတ်လမ်းကြောင့်ပင် ကျွန်တော်တို့တစ်တွေ သည် မိမိတို့တာဝန်ယူ တာဝန်ခံကြရသည့် လုပ်ငန်း ခွင်များ၌ မရိုးသားသည့် အခွင့်အရေးများ ကြုံတွေ့ လာကြသည့်အခါ ကိုယ်ကျင့်တရားကို ကြိမ်ဖန်များစွာ ထိန်းသိမ်းနိုင်ခဲ့ပါသည်။ အမေမှတ်ချက်ပေးခဲ့သည့် “ကိုယ်ကျင့်တရားဆိုတာ ကိုယ်ကစကျင့်ရတယ်” 
ဆိုသည့်စကားလေးကိုလည်း မကြာခဏ ကြားယောင်မိ၊ ဆင်ခြင်မိပါသည်။

“ပြန်ကြားပေးရန် မြန်မာ့အသံ”၊ “ပညာပေးရန် မြန်မာ့အသံ”၊ “ဖျော်ဖြေမှုပေးရန် မြန်မာ့အသံ”ဆိုသော ဦးတည်ချက်များသည် ကမ္ဘာတည်သရွေ့ မရိုးနိုင်အောင် အကောင်းဆုံး ဦးတည်ချက်များအဖြစ် ဆက်လက်တည် ရှိနေပါလိမ့်မည်။ “၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့” တွင် “ဗမာ့အသံ” အဖြစ် စတင်အသံလွှင့်ခဲ့သည့် ကျွန်တော်တို့၏ “မြန်မာ့အသံနှင့် ရုပ်မြင်သံကြား” သည် ယနေ့ စိန်ရတုကာလတိုင်ခဲ့ပါပြီ။ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးခဲ့သော ရေဒီယိုဇာတ်လမ်းများသည် နားဆင်ရသူ သောတရှင်ပြည်သူတို့၏ နှလုံးသားကို နူးညံ့ယဉ်ကျေးစေ၍ ပညာဗဟုသုတတို့ကို တိုးပွား စေကာ စိတ်ကိုပြင်သော ဆေးဝါးကောင်းများသဖွယ် တည်ရှိနေပါသည်။

မကြာမီက ဝတ္ထုတိုကဏ္ဍမှ ထုတ်လွှင့်ပေးသွား သည့် ဆရာမနုနုရည်(အင်းဝ)၏ “ထဘီကလေး တစ်ထည်” ဇာတ်လမ်းနှင့် အနားသတ်လိုပါသည်။ ထိုဇာတ်လမ်း၌ မြစ်ကမ်းနံဘေးရွာလေးတစ်ရွာမှ “မိဒေါ” ဆိုသည့် အပျိုဖော်ဝင်ခါစ မိတဆိုးသမီးလေးသည် တံငါသည်ဖခင်၏ အုပ်ထိန်းမှုအောက်တွင် မောင်ငယ်၊ ညီမငယ်သုံးဦးကို ဆင်းရဲချို့တဲ့စွာ ပြုစုစောင့်ရှောက်ရပါ သည်။

မိဒေါသည် နံနက်ခင်းတစ်ခုတွင် မြစ်ထဲ၌ချထား သော သူတစ်ပါး၏ “မျှားတန်း”မှ ငါးပတ်ကြီးကို 
ကိုယ်ဖော့၍ ခဲခဲယဉ်းယဉ်းခိုးဖြုတ်ရာ ငါးပတ်ကြီးကို ရရှိလာပါ၏။ ကမ်းစပ်သို့ရောက်သောအခါတွင်မှ ရေစီး နှင့် မျောပါသွား၍ သူမ၏ခါးတွင် ထဘီမရှိတော့ကြောင်း သိရပါသည်။ သွားလေသူမိခင်ချန်ထားခဲ့သည့် တစ်ထည် တည်းရှိသော ထဘီကလေးကို နှမြောစိတ်နှင့် ထဘီ မပါဘဲ ရွာထဲဖြတ်ပြန်ရမည်ကို စိုးရိမ်ရှက်ရွံ့စိတ်များဖြင့် တုန်ယင်နေစဉ် ဗိုက်ကဆာလာပြန်ပါ၏။

နောက်ဆုံးတွင် မြေကြီးပေါ်ချထားသည့် ငါးပတ် ကြီးကို ဆတ်ခနဲကောက်ယူလိုက်ပြီး အံကိုတင်းတင်း ကြိတ် မျက်စိကိုစုံမှိတ်၍ တအံ့တဩအော်ဟစ်နေကြ သည့် ရွာသူရွာသားများ၏ အသံများကြားမှ မျက်ရည် တွေတွေကျကာ အိမ်ရှိရာသို့ တအားကုန်ပြေးနေပုံနှင့် အဆုံးသတ်ထားပါသည်။

ကျွန်တော်တို့၏ ပတ်ဝန်းကျင်တွင် နိမ့်ပါးလွန်း သည့် ကွက်လပ်များစွာ ယခင်ကရှိခဲ့ကြပါသည်၊ ယခု လည်းရှိနေဆဲ၊ နောင်လည်းရှိနေကြပါဦးမည်။ ဤသို့ သော ရသမြောက်လွန်းသည့် ဇာတ်လမ်းလေးများက လှုပ်နှိုးလိုက်ခြင်းကြောင့် နားဆင်သူ ကျွန်တော်တို့ ရေဒီယိုသောတရှင်များ၌ ကရုဏာစိတ်၊ မေတ္တာစိတ် များနှင့်အတူ ဤကမ္ဘာလောကကြီးတွင် “လိုသူတွေကို ပိုသူတွေက မျှရမှာပါလား”ဆိုသည့် စာနာမှုပရဟိတ စိတ်ဓာတ်များ ဖြစ်တည်နိုးကြားပေါ်ပေါက်လာနိုင် ကြမည်ဟု ခံစားယုံကြည်မိပါသတည်း။

စိန်ရတုမြန်မာ့အသံသို့ ဂုဏ်ပြုလျက် မြန်မာ့အသံကမ္ဘာတည်ပါစေ။ ။