စိန်ခေါ်မှုကို နည်းပညာသစ်ဖြင့်ကျော်လွှား

၁၄ စက်တင်ဘာ

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ စက်တင်ဘာလ ၁၂ ရက်နေ့ကကျင်းပသည့် အာဆီယံဒေသဆိုင်ရာ (၂၇)ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်ဖွင့်ပွဲနှင့်မျက်နှာစုံညီ အစည်းအဝေးသို့တက်ရောက်ပြီး ဤဆွေးနွေးပွဲဖိုရမ်မှ စတုတ္ထစက်မှုတော်လှန်ရေးအသွင် ကူးပြောင်းမှုကာလသည် စီးပွားရေးအရပိုမိုအကျိုး အမြတ်ဖြစ်ထွန်းစေရေးထက် ပိုမိုကောင်းမွန်သောကမ္ဘာကြီး ဖြစ်ပေါ်လာရေးအတွက် အထောက်အကူပြုဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးနိုင်မည့် အခွင့်အရေးရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

 

 

တိုးတက်ပြောင်းလဲနေသော ကမ္ဘာကြီးတွင် ၁၇၆၀ ပြည့်နှစ်နောက်ပိုင်း ရေနွေးငွေ့စက်များသုံးစွဲသည့် ပထမစက်မှုတော်လှန်ရေးကာလ၊ ၁၈၇၀ ပြည့်နှစ်နောက်ပိုင်း လျှပ်စစ်သုံးစွဲသည့် ဒုတိယစက်မှုတော်လှန်ရေးကာလ၊ ကွန်ပျူတာများသုံးစွဲလာသည့် ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းတတိယစက်မှု တော်လှန်ရေးကာလဟု ကမ္ဘာကြီး၏တိုးတက်သော အသွင်သဏ္ဌာန်ပြောင်းလဲမှုကို စက်မှုတော်လှန်ရေးကာလများအဖြစ် သတ်မှတ်ခဲ့ကြသည်။

 

 

ယခုအခါ အင်တာနက်သည် တစ်ကမ္ဘာလုံးတွင် အလျင်အမြန် ပြောင်းလဲတိုးတက်လာရာ နည်းပညာကွန်ရက်များ ကျယ်ပြန့်စွာချိတ်ဆက်လာနိုင်သည့် ၂၀ဝ၅ ခုနှစ် နောက်ပိုင်းကာလကို စတုတ္ထစက်မှုတော်လှန်ရေးကာလဟု သတ်မှတ်ခဲ့ကြသည်။

 

 

(၂၇)ကြိမ်မြောက် အာဆီယံဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်ဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဤစတုတ္ထစက်မှုတော်လှန်ရေးကာလ၌ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံတို့၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုကာလတွင် တီထွင်နိုင်စွမ်းရှိမှု၊ မျှဝေခံစားမှု၊ ခေါင်းဆောင်မှုတို့ကိုအခြေခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။ 

 

 

စတုတ္ထစက်မှုတော်လှန်ရေးသို့ ချဉ်းကပ်ကြိုးပမ်းကြရာတွင် နည်းပညာပိုင်းဆိုင်ရာဖြစ်၍ လူငယ်များနှင့်အဓိကသက်ဆိုင်သည်ဟုဆို ခဲ့သော်လည်း ယခုအခါနည်းပညာသည် လူသားများအားလုံးနှင့်သက်ဆိုင်နေပြီး အကျိုးသက်ရောက်မှုရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 

 

တိုးတက်သော နိုင်ငံများတွင် လူသားများအားလုံးမှာ နည်းပညာဖြင့်မိမိလူမျိုး၊ မိမိနိုင်ငံကို တိုးတက်အောင် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်နေကြသည်ကို မြင်တွေ့ကြရမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် နည်းပညာကို မျှဝေခံစားမှုအပိုင်းတွင် အဓိကအသုံးပြုလာကြကာ ခေါင်းဆောင်မှုအပိုင်းတွင် အထိုက်အလျောက် တိုးတက်လာသည်ကို တွေ့ရသည်။

 

 

မြန်မာနိုင်ငံ၌ နည်းပညာဖြစ်ထွန်းတိုးတက်လာမှုမှာ ရာခိုင်နှုန်းကျော်လွန်အောင် တိုးတက်ပြောင်းလဲလာခဲ့ပြီး နိုင်ငံတိုးတက်ရေးတွင် ကျွမ်းကျင်မှုနှင့်ပတ်သက်၍ ပြောင်းလဲဆောင်ရွက်ရန်လိုအပ်သောကြောင့် ပြည်သူများအား နည်းပညာသစ်များကို သင်ကြားပေးရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင် လူငယ်လူရွယ်များမှာ တီထွင်မှုစွမ်းအားများရှိပြီးဖြစ်၍ နည်းပညာသစ်ကို အသုံးချကာ တီထွင်ဆန်းသစ်မှုများကို ဖန်တီးကြရမည်ဖြစ်သည်။ တီထွင်မှုများအား လက်တွေ့ဆောင်ရွက်မှုစွမ်းရည်နှင့်ချိတ်ဆက်ပြီး တီထွင်မှု၊ စွမ်းဆောင်မှု၊ ဈေးကွက်ယှဉ်ပြိုင်မှုတို့တွင် ချဉ်းကပ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ တိုးတက်နေသော အာဆီယံဒေသတွင်း နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကျဉ်းမြောင်းအောင် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ စွန့်ဦးတီထွင်မှုနှင့်ပတ်သက်၍ ကူးသန်းရောင်းဝယ်မှု၊ စက်မှု၊ ကုန်သွယ်မှုတို့သာမက ကဏ္ဍများဖွံ့ဖြိုး တိုးတက်ရေးအတွက် ပျိုးထောင်ပေးကြရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောကြားထားသည်။

 

 

သို့ဖြစ်ရာ (၂၇) ကြိမ်မြောက် အာဆီယံဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုးတက်လာသော နည်းပညာပိုင်းဆိုင်ရာတို့နှင့် ပတ်သက်၍ အသိပေးပြောကြားချက်များနှင့်အညီ မြန်မာနိုင်ငံရှိ လူငယ် လူရွယ်များသာမက လူလတ်၊ လူကြီးများအားလုံး နည်းပညာကို အသုံးချကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားမြင့်မားတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်ကြပါရန် တိုက်တွန်းအပ်ပါသည်။
ကြေးမုံ