စိမ်းလန်းစိုပြည် မက္ခရာမြေ

ကိုရွှေမန်း(မန္တလေး)

မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှဦးဆောင်၍ ကူမဲငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်ကောင်ရေသုံးသိန်းကို ၁၀-၉-၂၀၂၂ နေ့ရက်တွင် စဉ့်ကိုင်မြို့နယ် မုံပင်ကျေးရွာအုပ်စု ကန်ကြီးကျေးရွာရှိ မင်းလှကန်တွင်းသို့လည်းကောင်း၊ ငါးသားပေါက်ကောင်ရေသုံးသိန်းကို ၁၄-၉-၂၀၂၂ နေ့ရက်တွင် စဉ့်ကိုင်မြို့နယ် အဲဗျကျေးရွာအုပ်စု မက္ခရာရှေးဟောင်း ယဉ်ကျေးမှုဇုန်နယ်မြေ ဒုဋ္ဌဝတီမြစ်ရေပြင်သို့လည်းကောင်း၊ ငါးသားပေါက်ကောင်ရေသုံးသိန်းကို ၂၁-၉-၂၀၂၂ နေ့ရက်တွင် ပန်းလောင်မြစ်သဘာဝရေပြင်အတွင်းသို့လည်းကောင်း၊ မျိုးစိုက်ထည့်ပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ ခရိုင်/ မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။ 

မင်းလှကန်သည် ငါးလုပ်ငန်းဦးစီးဌာန မှတ်တမ်းများအရ တင်ဒါချက်ဖြစ်ပြီး ၁၉၉၉-၂၀၀၀ ပြည့်နှစ်တွင် ထောက်လှမ်းရေး(၁၆)မှ တင်ဒါကြေး ကျပ် ၁၀၀၀၀၀ ဖြင့် ဆွဲဝယ်လုပ်ကိုင်ခဲ့သည်။ နှစ်စဉ် တင်ဒါရောင်းချခဲ့ရာ ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် ဦးသန်းအောင်ဆိုသူက ငွေကျပ် ၂၀၇၀၀၀၀ ဖြင့် တင်ဒါဆွဲဝယ်ခဲ့သည်ကို တွေ့ရှိရသည်။ ၂၀၁၇- ၂၀၁၈ ခုနှစ်တွင် တင်ဒါပိုက်ချက်ကို ပယ်ဖျက်ခဲ့ပြီး ဘုံငါးဖမ်းကွက်အဖြစ်သို့ ပြောင်းလဲရောက်ရှိခဲ့သည်ကို တွေ့ရသည်။ ဒုဋ္ဌဝတီခေါ် မြစ်ငယ်မြစ်သည် ၃၂၈ မိုင်ခန့် ရှည်လျားပြီး ရှမ်းပြည်နယ် သိန္နီမြို့အနီးမှ မြစ်ဖျားခံ၍ တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း အနီးတွင် ဧရာဝတီမြစ်အတွင်းသို့ ပေါင်းဆုံစီးဆင်းသည်။ နမ္မတူမြစ်၊ ဒုဋ္ဌဝတီမြစ်၊ မြစ်ငယ်မြစ်ဟူ၍ အမည် သုံးမျိုးခေါ်တွင်ပြီး ရဲရွာရေအားလျှပ်စစ် စီမံကိန်း တည်ရှိသောမြစ်လည်းဖြစ်သည်။ စဉ့်ကိုင်၊ တံတားဦး၊ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များအတွင်း မြစ်ကမ်း ဝဲ-ယာ တစ်လျှောက်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံး သရက်ဥယျာဉ်ကြီးများ၊ ရှောက်၊ သံပရာ၊ ငှက်ပျောစိုက်ခင်းများဖြင့် ၁၂ ရာသီ စိမ်းလန်းစိုပြည်လျက်ရှိသည်။ ပန်းလောင်မြစ်သည် ရှမ်းပြည်နယ် ကလောမြို့အနီးမှ စတင်စီးဆင်းပြီး ဒွေးလှရွာအနီးတွင် စမုံမြစ်နှင့် ပေါင်းဆုံကာ တံတားဦးမြို့နယ် ဘလဲ့ဘရွာအနီးတွင် မြစ်ငယ်မြစ်အတွင်း စီးဝင်သည်။ မြစ်သားမြို့နယ် ကူမဲမြို့အနီး ပန်းလောင်မြစ်ပေါ်တွင် ကင်းတားဆည်ကို အနော်ရထာမင်းလက်ထက်တွင် စတင်တည်ဆောက်ခဲ့ပြီး ဆည်တည်ရှိရာအနီးတွင် ဆည်တော်နံဘုရားကို ဖူးတွေ့နိုင်သည်။ ၁၉၅၃ ခုနှစ်တွင် ကင်းတားဆည် ကိုခေတ်နှင့်အညီ အသစ်ပြုပြင် တည်ဆောက်ခဲ့ကြောင်း တွေ့ရသည်။ ထပ်မံ၍ မြစ်သားမြို့နယ် နွားကူးကြီး ကျေးရွာအနီးတွင် ကင်းတားရေလွှဲဆည်ကို တည်ဆောက်ခဲ့ပြီး ရေလွှဲဆည်၏ အထက်ဘက် ကိုးမိုင်အကွာတွင် ကင်းတားရေလှောင်တမံကြီးကို ၁၉၈၁-၁၉၈၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၈၉-၁၉၉၀ ပြည့်နှစ်တွင် ပြီးစီးခဲ့သည်။ 

သဘာဝရေပြင်မှန်သမျှ ငါးရှိစေရေးကို ဦးတည်ဆောင်ရွက်ခြင်း

လျှပ်စစ်၂၈ မဂ္ဂါဝပ်နှစ်လုံးဖြင့် တစ်နှစ်ပတ်လုံး ၁၆၅သန်း ကီလိုဝပ်/ နာရီ ထုတ်လုပ်နိုင်သည်။ မင်းလှကန်၊ ဒုဋ္ဌဝတီမြစ်နှင့် ပန်းလောင်မြစ် အတွင်းရှိ ရေပြင်ရေရိုးများသည် အခွန်လွတ် ငါးဖမ်း ကိရိယာများကိုသာ သုံးစွဲသည့်အတွက် ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် အခွန်အခရရှိခြင်းမရှိပါ။ သို့ရာတွင် ကျေးလက်နေပြည်သူများ ငါးရိက္ခာဖူလုံစေရေး၊ တစ်ပိုင်တစ်နိုင် ဖမ်းဆီးရှာဖွေစားသောက်နိုင်ရေးနှင့် ငါးသယံဇာတတိုးပွားစေရေးတို့ကို ရှေးရှု၍ ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်ပေးခြင်းဖြစ်ပြီး “မြစ်တွင်းချောင်းကန် ဆည်တမံ ငါးလျှံတိုးရေး မျိုးထည့်ပေး” ဟူသော ငါးလုပ်ငန်းဦးစီးဌာန၏ ကြွေးကြော်သံနှင့်အညီ သဘာဝရေပြင်မှန်သမျှ ရေရှိလျှင် ငါးရှိစေရေးကို ဦးတည်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ငါးမျိုးစိုက်ထည့်ပေးရန် ကျောက်ဆည်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနသို့ တင်ပြခဲ့ရာ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့်လည်း ရေချိုငါး လုပ်ငန်းရေပြင်များတွင် အဆိပ်ချ ငါးဖမ်းခြင်း၊ လျှပ်စစ်ရှော့ခ်တိုက် ငါးဖမ်းခြင်း၊ မိုင်းခွဲငါးဖမ်းခြင်း၊ ဇာပြာပိုက်များဖြင့် ငါးဖမ်းခြင်း၊ ခွင့်ပြုချက်မရှိသော ပိုက်ကွက်စိပ်များဖြင့် ငါးဖမ်းခြင်းစသည့် ခွင့်ပြုချက်မရှိသော ငါးဖမ်းနည်းစနစ်များကို ဆောင်ရွက်ခြင်း မပြုရန်နှင့် ထိုသို့ဆောင်ရွက်ခြင်းများကို ငါးလုပ်ငန်း ဦးစီးဌာနနှင့်အတူ ပူးပေါင်းကာကွယ်ထိန်းသိမ်းကြရန် ပညာပေးဆွေးနွေးခဲ့ကြသည်။ မန္တလေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ ပုဒ်မ ၃၄ တွင် ပေါက်ကွဲစေတတ်သည့် ပစ္စည်း၊ အဆိပ်အတောက်၊ ဓာတုပစ္စည်းဖြင့်ငါးဖမ်းခြင်း၊ သို့မဟုတ် အကျိုး ဖျက်ဆီးခြင်း၊ တားမြစ်ထားသော ငါးဖမ်းနည်း၊ ငါးဖမ်းကိရိယာဖြင့် ငါးဖမ်းခြင်း၊ တားမြစ်ထား သောငါးမျိုး၊ ငါးအရွယ်အစားကို ဖမ်းဆီးခြင်းတို့ကို မပြုလုပ်ရန် တားမြစ်ထားပြီး ပုဒ်မ ၄၄ တွင် ပြစ်မှု ကျူးလွန်ထင်ရှားပါက သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းအထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါသည်။ ပြည်နယ်/ တိုင်းဒေသကြီး အသီးသီး၏ ရေချိုငါးလုပ်ငန်း ဥပဒေများတွင်လည်း အလားတူပြဋ္ဌာန်းချက်များရှိပါသည်။ ဤသို့ ဒေသခံ ပြည်သူတို့၏လိုလားချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် ဒေသခံများကလည်း ဌာနဆိုင်ရာအသီးသီး ၏ လုပ်ငန်းများအပေါ် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ကြခြင်းအားဖြင့် ရည်မှန်းချက် လုပ်ငန်း န်းတိုင်များသို့ လွယ်ကူချောမွေ့စွာ ရောက်ရှိ အောင်မြင်နိုင်မည်ဖြစ်ပါသည်။

မြန်မာအစ ကျောက်ဆည်က မက္ခရာနယ်မြေနှင့် မင်းလှကန်သည် ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်း တည်ရှိသဖြင့် ပျူခေတ်ယဉ်ကျေးမှုများ၊ ပုဂံခေတ်ယဉ်ကျေးမှုများ ထုံမွှမ်းသောဒေသဖြစ်သည့်အပြင် “မြန်မာ အစ ကျောက်ဆည်က” ဟူသော အဆိုအမိန့်ကို သက်သေပြုလျက်ရှိသည့် မြန်မာ့ဂုဏ်ဆောင် ကျောက်ဆည်လွင်ပြင်တွင် ပါဝင်သောဒေသ ဖြစ်ပါသည်။ မက္ခရာပျူ၊ ပင်လယ်ပျူတို့ နေထိုင်ခဲ့ရာဒေသဟု သမိုင်းပညာရှင်များက ဆိုကြပါသည်။ ကျောက်ဆည်လွင်ပြင်သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းတွင် တည်ရှိသော်လည်း ပျူခေတ်၊ ပုဂံခေတ်မှစ၍ ပဒေသရာဇ်ခေတ်အဆက်ဆက်မှ သည် မျက်မှောက်ခေတ်သို့ ရောက်သည့်တိုင်အောင် ဆန်စပါး၊ ဆီထွက်သီးနှံနှင့် ပဲ၊ ပြောင်း၊ နှမ်းဝါ စိုက်ပျိုးရေးအတွက် အထူးအားထားရသော နှစ်သီးစား သုံးသီးစား စိုက်ပျိုးနိုင်သည့် လွင်ပြင်ဖြစ်သည်။

ကျောက်ဆည်လွင်ပြင်ရှိဆည်များ

ပုဂံအနော်ရထာမင်းလက်ထက် မြန်မာနိုင်ငံအနှံ့တွင် ဆည်မြောင်းကန်ချောင်းတို့ကို တည်ဆောက်ပြုပြင်ခဲ့သည်ကိုတွေ့ရသည်။ ပန်းလောင်မြစ်တွင် ကင်းတားဆည်၊ ငနိုင်သဉ်ဆည်၊ ပြောင်းပြာ ဆည်၊ ဂူမည်းဆည်၊ မက္ခရာမြစ်(ဇော်ဂျီမြစ်)တွင် နွားတက်ဆည်၊ ကွမ်းဆေးဆည်၊ ဂူတော်ဆည်၊ ပုဂံ နရပတိစည်သူမင်းလက်ထက်တွင် ကျောက်ဆည်၊ မြင်စိုင်းရွှေနန်းရှင်လက်ထက်တွင် သင်းတွဲဆည်၊ အင်းဝမင်းကြီး စွာစော်ကဲလက်ထက်တွင် ဆီးတော ဆည်၊ အင်းဝမိုးဗြဲနရပတိမင်းလက်ထက်တွင် ငကြည်းဆည်တို့ကို တည်ဆောက်ခဲ့ကြသည်။ ဘိုးဘွားတို့၏ လုံ့လဝီရိယနှင့် ကိုယ်စွမ်းဉာဏ်စွမ်းတို့သည် အတုယူအားကျဖွယ်ဖြစ်သည်။ ရှေးမြန်မာ မင်းများလက်ထက်က သစ်လုံးများ၊ ထန်းလုံးများ၊ ကျောက်တုံးများကို အသုံးပြု၍ လူထုလုပ်အားများ ဖြင့် တည်ဆောက်ခဲ့ကြသည့်ဆည်များကို ခေတ် အဆက်ဆက်တွင် ခေတ်မီနည်းပညာများ၊ ခေတ်မီစက်ယန္တရားပစ္စည်းများကို အသုံးပြု၍ ခေတ်နှင့် အညီ ပြောင်းလဲတိုးတက်အောင် တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါသည်။

ပုဂံခေတ်မက္ခရာ

အနော်ရထာမင်းလက်ထက်သက္ကရာဇ် ၃၉၅ ခု တပေါင်းလဆန်း၁၂ရက် သောကြာနေ့တွင် ပြည်ပ ရန်ကိုကာကွယ်ရန်အတွက် ကင်းတပ်စခန်း မြို့ပေါင်း ၄၃ မြို့ကို တည်ဆောက်ခဲ့ရာ မက္ခရာမြို့ သည် အမှတ်စဉ် (၃၁) ဖြစ်ပြီး ကျောက်ဆည်နယ် လယ်တွင်း ၁၁ ရွာကို ပြုစုရာတွင် မက္ခရာသည် အမှတ်စဉ်(၇)ဖြစ်သည်။ 

မက္ခရာဒေသသည် ပုဂံခေတ်မှစ၍ နိုင်ငံတော်ကာကွယ်ရေးနှင့် စားနပ်ရိက္ခာ ထုတ်လုပ်ရေး နှစ်ခု စလုံးတွင် အရေးပါလျက်ရှိပြီး ပုဂံခေတ်မှ မျက်မှောက်ခေတ်ကာလအထိ မြန်မာနိုင်ငံအလယ် ပိုင်း၏ စပါးကျီအဖြစ် တာဝန်ထမ်းဆောင်ဆဲ ဖြစ်သည်ကို တင်ပြလိုရင်းဖြစ်သည်။

ဗုဒ္ဓဝင်တော်လာမက္ခရာ

ဂေါတမဘုရားရှင်သည် ဒေသစာရီကြွချီတော် မူသောအခါက ကျောက်ဆည်အရှေ့ဘက် သင်းပွင့် တောင်သို့ ရောက်တော်မူသောအခါတွင် စိုင်ညီနောင် သုံးကောင်သည် ဘုရားရှင်အား မြေစိုင်ခဲများ၊ သစ်ခက် သစ်ရွက်များ၊ တောပန်းမျိုးစုံများကို ချိုဖြင့်ကော်ယူ၍ ပူဇော်ခဲ့သည်ကို အကြောင်းပြု၍ “ချစ်သားအာနန္ဒာ… ငါပရိနိဗ္ဗာန်ပြုတော်မူ၍ သာသနာတော်တစ်ထောင့်ရှစ်ရာကျော် ရောက်သောအခါ ဤစိုင်ညီနောင်သုံးစီးတို့သည် ဤအရပ်၌ မင်းညီနောင်သုံးပါး ထင်ရှားစွာ မင်းပြု၍ ငါ၏ သာသနာတော်ကို ချီးမြှောက်လတ္တံ” ဟု ဗျာဒိတ် ထားတော်မူခဲ့သည်။ ဗျာဒိတ်တော်နှင့်အညီ ပုဂံအင်အား လျော့နည်းသွားပြီးနောက် သက္ကရာဇ် ၆၆၆ အေဒီ ၁၃၀၄ ခုနှစ်တွင် ရှမ်းညီနောင် သုံးဦးဖြစ်သော အသင်္ခယာသည် မြင်စိုင်းမြို့၊ ရာဇသင်္ကြန် သည် မက္ခရာမြို့၊ သီဟသူသည် ပင်လယ်မြို့တို့တွင် ထီးပြိုင် နန်းပြိုင် မင်းပြုခဲ့ကြသည်။ မက္ခရာသည် ကင်းတပ်စခန်းမြို့၊ လယ်တွင်း ၁၁ ရွာ စာရင်းပါ မြို့အဆင့်မှ “သောသောသာမက္ခရာ” ဟူသော စာဆိုအရ သက္ကရာဇ် ၆၆၆ ခုတွင် နန်းတည်မြို့ အဖြစ်သို့ ရောက်ရှိခဲ့သည်။ မက္ခရာနယ်မြေအတွင်း ပုဂံခေတ် လက်ရာဘုရားစေတီများ၊ ပင်းယခေတ် ဘုရားစေတီများ၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ စသည့်ခေတ်အဆက်ဆက် ဘုရားစေတီများကိုလည်း ကြည်ညို လွမ်းဆွတ်ဖွယ်ဖူးတွေ့နိုင်မည် ဖြစ်ပါသည်။ မက္ခရာနယ်မြေတွင် ရှေးဟောင်းဘုရား စေတီအဆူ ၇၀ ခန့် ရှိကြောင်း သိရပြီး ၂၀၀၉ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ခဲ့သည်။

တောထွက်သူမင်းနှစ်ပါး

ပင်းယခေတ် တစ်စီးရှင်သီဟသူ၏ သားတော် ဥစ္စနာမင်းသည် ထီးနန်းကိုရရှိပြီး နှစ် ၂၀ အကြာ တွင် ညီတော်ငါးစီးရှင်ကျော်စွာသို့ ထီးနန်းလွှဲအပ်ခဲ့သည်။ နောင်တွင် မက္ခရာနယ်သို့ တရားအားထုတ်ရန် တောထွက်ခဲ့သည်။ နောက်တစ်ဦးမှာ မြန်မာ့သမိုင်းတွင်ထင်ရှားခဲ့သူ မင်းကြီးရန်နောင်ဖြစ်ပြီး အင်းဝရွှေနန်းကျော့ရှင်နရပတိ၏ တူတော်စပ်သူ ဖြစ်သည်။ အင်းဝမင်းဆက်ပြတ်သဖြင့် မိုးညှင်းစလုံ ၏သားဖြစ်သူ သိုဟန်ဘွား အင်းဝတွင် မင်းဖြစ်ခဲ့ သည်။ 
သိုဟန်ဘွားသည် ရတနာသုံးပါးကို မရိုသေ၊ စေတီပုထိုးများရှိ ဌာပနာများကို ဖောက်ထွင်းရယူ သည်သာမက ရဟန်းသံဃာများကိုလည်း တပည့် လက်သားများသူများဖြစ်၍ နောင်တွင်ပုန်ကန်သူများ ဖြစ်လာမည်ဟု သတ်မှတ်ပြီး သက္ကရာဇ် ၉၀၁ ခုနှစ်တွင် တောင်ပလူလယ်ပြင်သို့ ပင့်ခေါ် သတ်ဖြတ်ခဲ့သည်။ သက္ကရာဇ် ၉၀၄ ခုနှစ်တွင် မင်းကြီးရန်နောင် ဦးဆောင်၍ သိုဟန်ဘွားကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ အင်းဝရှိ မှူးမတ်များနှင့် အုန်းဘောင်စော်ဘွားတို့က မင်းကြီးရန်နောင်ကို မင်းပြုရန် တောင်းပန်ကြသော်လည်း အင်းဝဘုရင် နရပတိနှင့် ဆိုးတူကောင်းဖက်ဖြစ်သူ အုန်းဘောင် စော်ဘွားခုံမှိုင်းအား အင်းဝနန်းကိုအပ်၍ တစ်နှစ်ခန့် အကြာတွင် မက္ခရာဒေသသို့ တောထွက်ခဲ့သည်။ မက္ခရာဒေသ ရွှေစည်းခုံဘုရားအနီးရှိ တရားအားထုတ်ခဲ့ရာ မင်းကြီးရန်နောင်ဂူကို လေ့လာတွေ့ရှိ နိုင်ပါသည်။

မက္ခရာမြို့စားများ

ပထမဆုံး အင်္ဂလိပ်- မြန်မာအဘိဓာန်ဖြစ်သည့် လိန်း- မက္ခရာအဘိဓာန် (Lane-Makara Dictionary) ပြုစုသော မက္ခရာမြို့စားမင်းသားကြီး သည် ထင်ရှားသည့် မက္ခရာမြို့စားဖြစ်သည်။ မင်းသားကြီးကို မြန်မာသက္ကရာဇ် ၁၁၅၃ တွင် ဘိုးတော်ဗဒုံမင်းနှင့် ဒုတိယမြောက်နန်းမိဖုရား သီရိ မဟာရတနာဒေဝီတို့က မွေးဖွားခဲ့ပြီး စစ်ကိုင်းမင်းနှင့် သာယာဝတီမင်းတို့၏ ယောက္ခမကြီးလည်း ဖြစ်သည်။ နောက်တစ်ဦးမှာ ကနောင်မင်းသားကြီး ကျဆုံးပြီးနောက် စက်ရုံ ၅၀ ကျော်ကို ကြီးကြပ်ရသူ၊ မင်းတုန်းမင်းနှင့် မြောက်ဆောင်တော် မိဖုရားတို့မှ မွေးဖွားခဲ့သူဖြစ်သည်။ မက္ခရာမြို့ကို စားရသူဖြစ်၍ မက္ခရာမင်းသားကြီးဟု ထင်ရှားပြီး မန္တလေး ထီးနန်းကိုဆက်ခံနိုင်သော အရည်အချင်းရှိသူ ဖြစ်သော်လည်း သီပေါမင်းနန်းတက်စ အရေး အခင်းတွင် မင်းညီမင်းသား၊ မင်းသမီးများနှင့်အတူ ကွပ်မျက်ခြင်းခံရသည်။ မက္ခရာသည် ကုန်းဘောင် ခေတ်အထိ ထင်ရှားအရေးပါခဲ့သည်ကို တွေ့ရှိရသည်။ 

ပုဂံခေတ်မင်းလှကန်

မက္ခရာဒေသနှင့် မနီးမဝေး အရှေ့တောင်ဘက်ရှိ မုန်ပင်ကျေးရွာအုပ်စု ကန်ကြီးကျေးရွာတွင် ပုဂံ ခေတ် မင်းလှတစ်ဖက်ဆည်ကန်ကြီး တည်ရှိသည်။ အနော်ရထာမင်းလက်ထက် ပုဂံပြည်တွင် ထေရဝါဒ သာသနာစတင်ချိန်၌ အရည်းကြီးရဟန်း ၁၀၀၀ သည် ပုဂံကိုစွန့်ခွာ၍ မုန်ပင်ရွာသို့ ရောက်ရှိခဲ့ပြီး တစ်ဖက်ဆည်ကန်ကြီးကို တည်ဆောက်၍ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြောင်းနှင့် အနော်ရထာမင်း ရောက်ရှိ၍ အခွန်တော်ကောက်ခံခဲ့ရာတွင် အရည်းကြီး ရဟန်းများက အခွန်ကင်းလွတ်ခွင့် တောင်းခံခြင်းအပေါ် ခွင့်ပြုပေးခဲ့သဖြင့် မင်းလှပ်ကန်ဟု ခေါ်ရာမှ နှစ်ကာလကြာရှည်သောအခါ မင်းလှကန်ဟု ခေါ်ကြောင်းအဆိုရှိသည်။ ရှင် ၁၀၀၀ ကန်၊ ကန်ကြီး ကန်၊ သပိတ်ဆေးကန်ဟုလည်းခေါ် ဆိုကြသေး သည်။ မင်းလှကန်တွင်းသို့ ကန်၏ ရေဝေရေလဲမှ ရရှိသော ရေများအပြင် မင်းရဲမြောင်းလက်တံမှ ပိုလျှံလာသောရေများကိုပါ သိုလှောင်ထားရှိပါသည်။ ဗေဒါပန်းများ၊ ကြာပန်းများ ရေနေကျေးငှက်များဖြင့် လှပတင့်တယ်လျက်ရှိပြီး လူ/ အပင်/ တိရစ္ဆာန်နှင့် ရေမြေသဘာဝ အပြန်အလှန် အမှီသဟဲပြုရာ ဂေဟ ဗေဒစနစ်ကောင်းတစ်ခုဖြစ်သည့်အပြင် ရေချိုအရင်း အမြစ်တစ်ခုလည်း ဖြစ်ပါသည်။ အရှေ့ဘက် ရှမ်းရိုးမတောင်တန်းများကို နောက်ခံထား၍ ကြည့်ရှုရသောမြင်ကွင်းသည်လည်း ရင်သပ်ရှုမောဖွယ်ရာ ပန်းချီကားတစ်ချပ် ဖြစ်ပါသည်။ မင်းလှကန်ကြီးသည် သဘာဝအလှတရားများဖြင့် ပြည့်စုံနေပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက်သာမက ဒေသခံပြည်သူများအတွက် ဘုံငါးဖမ်းလုပ်ငန်း အဖြစ် ငါးရိက္ခာဖြည့်ဆည်းပေးလျက်ရှိသော ပုဂံ ခေတ်တစ်ဖက် ဆည်ကန်ကြီး ဖြစ်ပါသည်။ ဌာနဆိုင်ရာ မှတ်တမ်းများအရ မင်းလှကန်သည် ရေဆင်းဧရိယာ ၄ ဒသမ ၈၃ စတုရန်းမိုင်၊ ကန်ဧရိယာဧက ၈၀၀ ၊ ကန်ပေါင်အလျားပေ ၁၀၀၀၀၊ ကန်ပေါင်အမြင့် ၁၂ ပေ၊ ကန်ရေပြည့် အနက်ရှစ်ပေ၊ ကန်ရေပြည့်ဧရိယာ ၇၆၈ ဧက၊ ကန်ရေပြည့် ရေလှောင်ပမာဏ ၄၄၈၂ ပေ၊ ကန်ရေသေအနက် တစ်ပေ၊ ကန်ရေသေရေလှောင်ပမာဏ ၅၁၆ ဧကပေ ရှိကြောင်း သိရသည်။

ထင်ရှားသောဘုရားပုထိုးစေတီများ

မက္ခရာ ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ဥစ္စနာမင်းကောင်းမှု ရွှေစည်းခုံစေတီ၊ မက္ခရာ မြို့တည် နန်းတည်အသင်္ခယာမင်း ကောင်းမှု ရွှေစာတီ၊ မက္ခရာဒေသမြို့ရိုးအတွင်း အနော်ရထာ မင်းကောင်းမှု ရှင်ပင်ရန်မတွေ့စေတီ၊ ဘိုးတော် ပဒုံမင်းကောင်းမှု ရွှေဂူကြီးစေတီ၊ ရှေးဟောင်းစေတီ များ ၄၈ ဆူကိုလည်းကောင်း၊ လက်ရာမြောက်သည့် ခြင်္သေ့ကြီးနှစ်စီးနှင့် ရွှေရောင်တော်စေတီတို့ကို လည်းကောင်း ဖူးတွေ့ရမည်ဖြစ်သည်။ အဲဗျကိုးဆူ တိုက်စေတီစု၊ ရှစ်ဆူတိုက်စေတီစု၊ ရှင်ပင်ဆိပ်ဦးစေတီ၊ အင်းကုန်းစေတီတော်ကြီးတို့ကိုလည်း ထင်ရှားစွာ ဖူးတွေ့ရမည်ဖြစ်သည်။

မက္ခရာလမ်းညွှန်

မက္ခရာရှေးဟောင်း ယဉ်ကျေးမှုဇုန်နယ်မြေ သည် မန္တလေးမြို့မှ ၁၅ မိုင်ခန့်ကွာဝေးပြီး စဉ့်ကိုင် မြို့နယ် ဧည့်ပြ (အဲဗျ)ကျေးရွာနှင့် ကျွန်းဦးကျေးရွာ အနီး၊ ဇော်ဂျီမြစ်နှင့် မြစ်ငယ်မြစ်တို့ ပေါင်းဆုံရာ အရပ်တွင် တည်ရှိသည်။ ရန်ကုန်- မန္တလေး ကားလမ်းဟောင်း စဉ့်ကိုင်မြို့အုန်းပင်ခြံ လမ်းဆုံမှလည်းကောင်း၊ မန္တလေးကွန်ပျူတာတက္ကသိုလ် အဝင် ကားလမ်းမှလည်းကောင်း လွယ်လင့်တကူ သွားရောက်နိုင်ပါသည်။ မက္ခရာရှေးဟောင်းဘုရား များသို့ဟူသော လမ်းညွှန်ဆိုင်းဘုတ်များကို လမ်းဘေးဝဲယာများတွင် တွေ့ရှိရမည်ဖြစ်သည်။

စိမ်းလန်းစိုပြည် မက္ခရာမြေ


ဥဇနာမင်းကောင်းမှု မက္ခရာရွှေစည်းခုံစေတီကို ဖူးမြော်ရင်း နတ်လမ်းဖြင့် ဘုရားပစ္စယံပေါ်သို့ ကြိုးစားတက်ရောက်၍ မက္ခရာဒေသပတ်ဝန်းကျင်ကို ရှုမျှော်ရမည်ဖြစ်သည်။ ဆယ့်နှစ်ရာသီစိမ်းစိုလန်း ဆန်းနေသည့် အမြဲစိမ်းဥယျာဉ်များနှင့် ဥယျာဉ်များ ကြားမှ ထိုးဖောက်ဖူးမြင်ရသည့် ဘုရားပုထိုး စေတီ များကို လွမ်းဆွတ်ကြည်နူးဖွယ် ဖူးမြင်ရမည် ဖြစ်သည်။ အရှေ့ဘက်ရှမ်းရိုးမကြီး၏ မှိုင်းပြာပြာမြင်ကွင်းက ရှုမြင်သူ၏ရင်တွင်းကို အေးမြ စေမည်ဖြစ်သည်။ ရာသီမပြတ်ထွန်ယက် စိုက်ပျိုး၍ စိမ်းစိုနေသော လယ်ယာစိုက်ခင်းများ၏ မြင်ကွင်းများက အင်အားကိုဖြစ်စေပြီး ဆည်မြောင်း၊ ကန်ချောင်းများကို တည်ဆောက်ပေးခဲ့ကြသည့် ရှေးဘိုးဘွားတို့၏ လုံ့လဝီရိယနှင့် ကျေးဇူးတရားကို အောက်မေ့သတိရစေမည်ဖြစ်သည်။ သို့ပါ၍ ဘိုးဘွားတို့၏ လက်ဆင့်ကမ်း အမွေအနှစ်တစ်ရပ် ဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်း စပါးကျီဖြစ်သော ကျောက်ဆည်လွင်ပြင်ဒေသ၏ ရှေးဟောင်း ယဉ်ကျေးမှုဇုန်ဖြစ်သည့် “စိမ်းလန်းစိုပြည်မက္ခရာ မြေ”သို့ တစ်ခါတစ်ခေါက် လာရောက်ပါရန် ဖိတ်ခေါ်ရင်း နိဂုံးချုပ်အပ်ပါသည်။ ။