စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်းစကားဝိုင်း ကျင်းပ

တာရာ

 

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်းစကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး (စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရလွယ်ကူမှုအထောက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းအောင် (ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်းအညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး)၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူး ဒေါ်ထားထား (ပဋိညာဉ်များ အတည်ပြုဆောင်ရွက်ခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး)နှင့် Zeya & Associate Co.,Ltd. Chairman/CEO ဦးဇေယျသူရမွန် (ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်)တို့က ပါဝင်ဆွေးနွေးခဲ့သည်။

 

အစီအစဉ်မှူး ။ ။ အခုဒုတိယပိုင်းမှာ Ease of Doing Business Ranking တွေ တိုးတက်လာရင် ကျွန်တော် တို့နိုင်ငံ ဘာတွေဖြစ်လာမလဲဆိုတာ ပြောပြ ပေးပါဦးခင်ဗျာ။

 

ဦးအောင်စိုး ။ ။ ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ပြည်တွင်းက လုပ်ငန်းရှင်တွေက ပြည်တွင်းမှာပဲ လုပ်ကိုင်တာရှိတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်တာရှိတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ချင်သူက လွယ်လွယ်ကူကူထပြီး လုပ်ကိုင်လို့ရပါတယ်။ တိုးချဲ့ချင်ရင်လည်း လွယ်လွယ်ကူကူ တိုးချဲ့လို့ရတယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပြည်တွင်း လုပ်ငန်းတွေက ပထမဦးဆုံး အကျိုးခံစားရမယ်။

နောက်တစ်ဆင့်က နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေ ဖြစ်ပါတယ်။ အခု ကမ္ဘာ့ဘဏ်က လုပ်တာလည်း အဓိက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ရည်ရွယ်ပါတယ်။ Ease of Doing Business in Myanmar ဆိုတာဖြစ်ပြီး မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရင် လွယ်ကူရဲ့လားဆိုတာ ကမ္ဘာ့ရင်းနှီးမြှုပ်နှံ သူတွေက ဒီအဆင့်ကို လေ့လာတာ ဖြစ်ပါတယ်။

 

လေ့လာပြီး ကြည့်လိုက်လို့ ဒီအဆင့် တွေက ကောင်းနေတယ်ဆိုရင် ဒီနိုင်ငံက စီးပွားရေးလုပ်ရတာ လွယ်တဲ့နိုင်ငံ၊ ဒို့သွား လုပ်မယ်ဆိုပြီး လွယ်လွယ်ကူကူ ဆုံးဖြတ်မယ်၊ ခက်နေရင် စဉ်းစားချင့်ချိန် သေသေချာချာ သုံးသပ်ပြီးတော့မှ လာကြမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆွေးနွေးပွဲတွေမှာ သံအမတ်ကြီးတွေက ပြောတဲ့အခါမှာလည်း ဒါပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံတော် အကြီးအကဲတွေ ပြည်ပသွားတဲ့အခါမှာ တွေ့ဆုံမေးမြန်းကြတာလည်း ဒါပါတယ်။ ဒါက အင်မတန်အရေးကြီးတဲ့ အညွှန်းကိန်း ဖြစ်ပါတယ်။

 

အဲဒီတော့ ဒါကိုကြည့်ပြီး သူတို့က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စီးပွားရေး လုပ်ကိုင်ဖို့ ဆုံးဖြတ်ကြမှာ ဖြစ်တဲ့အတွက် ဒါက တိုးတက်လာတာနဲ့အမျှ သူတို့ကို ပိုပြီး ဆွဲဆောင်နိုင်မယ်။ ပြည်တွင်းက လုပ်ငန်းရှင်တွေအတွက်လည်း လွယ်ကူတဲ့အတွက် သူတို့သည် စီးပွားရေး လုပ်ကိုင်ချင်စိတ်တွေ ပိုတိုးပွားလာမယ်။ သူတို့မှာရှိတဲ့ အရင်းအနှီးလေးတွေထုတ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာနိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကြီးကြီး မားမားကို အထောက်အကူပြုလာမှာ ဖြစ်ပါတယ်။

 

အစီအစဉ်မှူး ။ ။ အခုလက်ရှိ ဆောင်ရွက်နေတဲ့ နေရာမှာရော အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အားနည်းချက်၊ အားသာချက်တွေက ဘာတွေဖြစ်မလဲ။

 

ဦးအောင်စိုး ။ ။ ဒါကတော့ ကျွန်တော်တို့ရဲ့ စီးပွားရေးကဏ္ဍ တစ်ခုလုံးကို စီမံခန့်ခွဲအုပ်ချုပ်နေတဲ့ ဌာန အသီးသီးရဲ့ Institution က ဘယ်လောက် ခိုင်မာပြီး လုပ်ငန်းလည်ပတ်မှု ကောင်းသလဲ ဆိုတဲ့အပေါ်မှာ ကွာခြားပါတယ်။ ကျွန်တော်တို့က ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးတာလည်း မကြာသေးဘူး။ Doing Business ဆိုတဲ့ စနစ်ထဲကို ဝင်ပြီးယှဉ်ပြိုင် ကြိုးစားတာလည်း မကြာသေးဘူး။

 

ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကမ္ဘာက လုပ်ငန်းတွေကို ဘယ်လို စိတ်ဝင်စားတယ်၊ ကိုယ့်နိုင်ငံက ဒီလိုဆောင်ရွက်နေတဲ့အချိန်၊ သူ့နိုင်ငံက ဘယ်လောက်အထိ လွယ်ကူသလဲ စသည်ဖြင့် ဒါတွေကို လေ့လာလို့ရတယ်။ လေ့လာပြီး ကျွန်တော်တို့က ပြုပြင်ပြောင်းလဲပြီး ကြိုးစားပါတယ်။ ကြိုးစားတဲ့အတွက် ကျွန်တော်တို့ဟာ တဖြည်းဖြည်းချင်း တိုးတက် လာပါတယ်။

 

အထူးသဖြင့် ဒေသတွင်း ကျွန်တော်တို့နဲ့ မတိမ်းမယိမ်းနိုင်ငံတွေမှာ Doing Business တိုးတက်အောင် ဘယ်လိုလုပ်ကြသလဲဆိုတာ လေ့လာပါတယ်။ လေ့လာပြီးမှ လိုက်လုပ်ပါ တယ်။ သူတို့ကလည်း သူတို့ရှေ့က ပြေးပြီးသားပေမယ့် ထပ်ပြီးပြေးနိုင်အောင်လည်း ကြိုးစားပါတယ်။ ပိုလွယ်အောင် ကြိုးစားပါတယ်။ အမြဲတမ်း ကြိုးစားနေကြပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ဟာ အပြေးပြိုင်နေရသလိုပါ။

 

သူတို့က အရှိန်အဟုန်တွေ ရပြီးသားမို့ ဆက်ကြိုးစားရင် မြန်မြန်တက်သွားမယ်။ အရှိန်အဟုန် မရသေးတဲ့ ကျွန်တော်တို့က တက်သွားရင် သူတို့က နောက်ကျန်နေခဲ့မယ်။ ကျွန်တော်တို့က ရှေ့ကိုဆက်ပြီး တက်ဖို့အတွက် အထူးကြိုးစားနေတဲ့အချိန် ဖြစ်ပါတယ်။

 

အခုကျွန်တော်တို့က မူလအဆင့် ၁၇၁ ကနေ ၁၆၅ အဆင့်ဖြစ်လာတဲ့အတွက် အချို့ နိုင်ငံတွေက အနောက်ရောက်သွားမယ်။ သူတို့သည် ကျွန်တော်တို့လောက် မလုပ်နိုင်လို့ ဖြစ်ပါတယ်။ သူတို့ရဲ့ပြည်တွင်းမှာရှိတဲ့ အစိုးရဌာန အဖွဲ့အစည်းတွေရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ပေးတဲ့ဝန်ဆောင်မှုတွေမှာ သူတို့တိုးတက်အောင် မကြိုးစားနိုင်ဘူး။ ကျွန်တော်တို့က အဲဒါကို အမြဲတမ်း ကြိုးစားနေပါတယ်။

 

ကွာခြားချက်က ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းပိုင်းမှာ ခေတ်မီတိုးတက်ရမယ်။ အခြေခံအဆောက်အဦပိုင်းမှာလည်း တိုးတက်ရမယ်။ လူတွေရဲ့ စွမ်းဆောင်ရည်၊ စိတ်နေစိတ်ထားတွေ ဒါတွေလည်း တိုးတက်မယ်ဆိုရင် ကျွန်တော်တို့က သူတို့ကို အမီလိုက်နိုင်မယ်။ သူတို့နဲ့ကျွန်တော်တို့ ကွာခြား နေတဲ့အချက်ကလည်း ဒါတွေပါ။

 

အစီအစဉ်မှူး ။ ။ ကျွန်တော်တို့ အစိုးရဌာနတွေကို ဝင်ထွက်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက် ခွင့်ပြုမိန့်တွေ ရရှိဖို့ တောင်းခံရာမှာ အချိန်ကြန့်ကြာမှုတွေ လျော့နည်းအောင်၊ ငွေကုန်ကြေးကျတွေ လျော့နည်းအောင်၊ တာဝန်ခံတွေ ပြောင်းလဲသွားရင် လုပ်ထုံးလုပ်နည်း ပြောင်းလဲသွားတာတွေ မရှိအောင် ဆောင်ရွက်ပေးနေတာတွေက Ease of Doing Business လုပ်ငန်းစဉ်တွေ တိုးတက်ရေးအတွက် ဖြစ်တယ်လို့ အကြမ်းဖျင်း နားလည်ထားပါတယ်။ ဆရာတို့အနေနဲ့ရော နိုင်ငံတော်အစိုးရက ဘယ်လိုသဘောထားမျိုးရှိတယ်၊ အမှတ်ရဖို့အဆင့်တွေ ပြောင်းဖို့အတွက် လုပ်တာဘာဖြစ်လို့လဲဆိုတာ ပြည်သူ တွေသိအောင် ရှင်းပြပေးပါဦး။

 

ဦးအောင်စိုး ။ ။ ရည်ရွယ်ချက်ကပြည်တွင်းကရော၊ ပြည်ပကလာတဲ့ရင်းနှီးမြှုပ်နှံသူတွေရော စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရတာ လွယ်ကူစေဖို့ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ဒါကို အင်မတန် အလေးထားတဲ့အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ကိုယ်တိုင်က ဒီလုပ်ငန်းတွေကို ကြီးကြပ်လမ်းညွှန်ပြီး ဆောင်ရွက်နေပါတယ်။

 

အဲဒီအောက်မှာမှ Ease of Doing Business Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့ ဆိုတာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ပြီး ကျွန်တော်က အတွင်းရေးမှူးအဖြစ်နဲ့ ဒီကော်မတီကို ဖွဲ့ထားပါတယ်။ ကော်မတီထဲမှာလည်း အညွှန်းကိန်း တစ်ခုချင်းစီတိုင်းမှာ သက်ဆိုင်ရာဌာနက ညွှန်ကြားရေးမှူးချုပ်တွေ ကိုယ်တိုင်ဦးဆောင်ပြီး သက်ဆိုင်တဲ့ ဌာနတွေ အားလုံး ပူးပေါင်းပါဝင်ပြီး ဖွဲ့စည်းထားပါတယ်။ နှစ်ပတ်တစ်ကြိမ် တွေ့ဆုံပွဲလုပ်ပါတယ်။ အတွေ့အကြုံ ဖလှယ်ကြပါတယ်။ ဆွေးနွေး တိုင်ပင်ပါတယ်။ Action Plan တွေချတယ်။ တိုးတက်အောင်လုပ်တယ်။ ဒီလိုနည်းနဲ့ ကျွန်တော်တို့က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

နိုင်ငံတော်အစိုးရဘက်က ကြည့်ရင်လည်း ဒါကို အင်မတန်အလေးထားပြီး တိုးတက်အောင် ဆောင်ရွက်ပေးနေပါတယ်။ ဒီထက်လည်း တိုးချဲ့ဆောင်ရွက်ဖို့ အစီအမံတွေ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံခြားတွေကို သွားပြီး လေ့လာတဲ့အခါ အထူးသဖြင့် မလေးရှားပါ။ မလေးရှားမှာ ဒါနဲ့ ပတ်သက်လို့ National Level Body တစ်ခု ဖွဲ့ထားပါတယ်။ အဲဒီ Body မှာ အစိုးရဘက်က တာဝန်ရှိတဲ့သူတွေလည်း ပါတယ်။ ပုဂ္ဂလိက ကဏ္ဍက လုပ်ငန်းရှင်ကြီး တွေ၊ အသင်းကြီးတွေလည်း ပါတယ်။ အမြဲတမ်းတိုင်ပင်ပြီး ဘယ်နေရာကို တိုးတက်အောင်လုပ်ရမလဲ၊ အစိုးရက ဘယ်လိုပြောင်းလဲ ရမလဲ စသည်ဖြင့် ညှိနှိုင်းပြီးလုပ်တဲ့အတွက် သူတို့က ထိပ်တန်းနိုင်ငံတွေထဲမှာ ပါတယ်။

 

နောက်တစ်ဆင့် နယူးဇီလန် အစိုးရကိုလည်း အကူအညီ တောင်းထားပါတယ်။ စင်ကာပူနဲ့ နယူးဇီလန်က Top ပါ။ နံပါတ် တစ်၊ နှစ် အမြဲတမ်းရနေတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ သူတို့ကလည်း ကူညီလို့ ကျွန်တော်တို့ သွားပြီး လေ့လာမယ်။ လေ့လာပြီး တွေ့ရှိရတဲ့ အပေါ်မှာမူတည်ပြီး ပြုပြင်ပြောင်းလဲသင့်တာတွေကို ပြုပြင်ပြောင်းလဲမယ်။

 

ကျွန်တော်တို့ နိုင်ငံမှာလည်း Doing Business ကို ကြီးကြပ်ပြီး ဆောင်ရွက်ဖို့ National Body ကြီးတစ်ခု ဖွဲ့မယ်။ ဒါလည်းလုပ်ဖို့ ရှိပါတယ်။ နောက်တစ်ခုက ရန်ကုန်မှာ Doing Business ကို အကူအညီ ပေးဖို့ သတင်းအချက်အလက်တွေပေးဖို့ Information Center တစ်ခုလည်း ထောင်မယ်။ အပေါ်မှာ လူကြီးတွေက အာရုံစိုက်ပြီး လုပ်ပေမယ့် လက်တွေ့လုပ်ငန်းရှင်တွေကို အောက်ခြေမှာ ဝန်ဆောင်မှုပေးနေတဲ့ နေရာမှာ အခက်အခဲတွေက အမှတ်မရစေတဲ့အထဲ မှာပါတယ်။

 

ဒါတွေကို လုပ်ငန်းရှင်တွေက သိရှိ မေးမြန်းစုံစမ်းပြီး သူတို့ကို အကူအညီပေးနိုင်အောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီလို နည်းလမ်းနဲ့ လုပ်သွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တိုးတက်မှုက နောက်တစ်ဆင့်ကို သိသိသာသာ တက်သွားမယ်လို့ ယုံကြည်ပါတယ်။

 

အစီအစဉ်မှူး ။ ။ Doing Business Reform ဆောင်ရွက်ရာမှာ ဘယ်လိုအချက်တွေကို ရှာဖွေ တွေ့ရှိခဲ့ပါ သလဲ၊ နောက်ပြီး လာမယ့် ၂၀၂၁ အစီရင် ခံစာမှာ Registering Property Indicator ဆိုင်ရာ အထောက်အကူပြု အဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ Doing Business ရမှတ်နဲ့ အဆင့်တွေ တိုးတက်အောင် ဘယ်လိုပြုပြင် ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင် သွားဖို့ရှိပါသလဲ။

 

ဦးကျော်ငြိမ်းအောင် ။ ။ Registering Property Indicator အနေနဲ့က ကျွန်တော် တင်ပြခဲ့ သလိုပါပဲ ဒီအညွှန်းကိန်းမှာ ဆောင်ရွက်ရတဲ့ ဆက်စပ်ဌာနတွေ ရှိပါတယ်။ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ အချို့ နေရာတွေမှာဆိုရင် အိုးအိမ်ဦးစီးဌာန ဒီဌာနတွေဆက်စပ်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 

ဒီလုပ်ငန်းအဆင့်တွေကလည်း ကမ္ဘာ့ ဘဏ်က အကဲဖြတ်ထားတာ အဆင့် ၆ ဆင့် ရှိတယ်လို့ ဆိုပါတယ်။ ပထမပိုင်ဆိုင်မှုမှတ်ပုံ တင်မယ်ဆိုရင် သူ့ရဲ့မြေပုံ၊ မြေရာဇဝင်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ ထုတ်ယူရပါတယ်။ ပြီးရင် ဒါနဲ့ပတ်သက်တဲ့ အခွန်ပေးဆောင်ဖို့အတွက် တန်ဖိုးဖြတ် ရပါတယ်၊ ပြည်တွင်းအခွန်များဦးစီးဌာနမှာ ဆောင်ရွက်ရပါတယ်။

 

ပြီးရင် ပြည်တွင်းအခွန်များ ဦးစီးဌာနမှာ တံဆိပ်ခေါင်းခွန် ဝယ်ယူရပါတယ်။ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှာ စာချုပ်မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရပါတယ်။ ကိုယ့်နာမည် ပြောင်းဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမြေယာ ဌာနခွဲမှာ နာမည်ပြောင်းဖို့အတွက် ကန့်ကွက်လွှာတွေ ထုတ်ရပါတယ်။ ပြီးရင် နာမည် ပြောင်းရတယ်ဆိုပြီး အဆင့် ၆ ဆင့် တွေ့ရှိ တယ်ဆိုပြီး ဖော်ပြထားပါတယ်။

 

ဒီအပေါ်မှာသူက အကဲဖြတ်တာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်တဲ့ အဆင့်၊ ကြာတဲ့ အချိန်၊ကုန်ကျစရိတ် ဒီအချက် ၃ ချက် အပေါ်မှာ မူတည်ပြီး အကဲဖြတ်သွားတာ ဖြစ်ပါတယ်။ အဓိကကြာတဲ့အချိန် ဖြစ်ပါတယ်။ ကြာတဲ့အချိန်ဆိုရာမှာလည်း ကမ္ဘာ့ဘဏ်က ဒီလုပ်ငန်းကိုအကဲဖြတ်တဲ့အခါ လုပ်ငန်းတစ်ခုစတင်ခြင်းကနေ ပြီးဆုံးချိန်အထိ ဘယ်လောက်ကြာသလဲဆိုတာ သူတို့က တွက်ပါတယ်။

 

အဲဒီနေရာမှာ သတိပြုစရာ ကောင်းတာက ကမ္ဘာ့ဘဏ်က အကဲဖြတ်ရာမှာ ဥပမာ- ဒီလုပ်ငန်းတစ်ခုလုပ်ဖို့အတွက် ကြိုတင်ပြင်ဆင်ချိန်၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံအောင် လုပ်ပေးရပါတယ်။ စာရွက် စာတမ်းတွေစုဆောင်းတဲ့ အချိန်တွေမပါဘူး။

 

စာရွက်စာတမ်းတွေပြည့်စုံပြီး လုပ်ငန်း စတင်ချိန်က ပြီးသွားတဲ့အချိန်အထိ ဘယ်လောက်ကြာသလဲဆိုတာ သူက တွက်ချက်ပါတယ်။

 

ကျွန်တော်တို့က ဒီအပိုင်းကို လျှော့ချကြတဲ့အခါ အကဲဖြတ်တဲ့ မေးခွန်းလွှာတွေကို မေးတာက ကျွန်တော်တို့ဌာနတွေကို မေးတာ မဟုတ်ပါဘူး။ တကယ်လုပ်ငန်း ဆောင်ရွက်တဲ့လုပ်ငန်းရှင်တွေကို မေးတာဖြစ်ပါတယ်။ တကယ်စာချုပ်ချုပ်တဲ့ သူတွေ၊ တကယ် နာမည်ပြောင်းလုပ်တဲ့ ပြည်သူလူထုကို မေးခွန်းလွှာမေးတာဖြစ်ပါတယ်။ သူတို့ ဒီအပေါ်မှာ ကျပန်းကောက်ယူပြီး မေးခွန်းလွှာပို့ပြီး မေးတာဖြစ်ပါတယ်။

 

အဲဒီဖြေတဲ့အဖြေအပေါ်မှာ သူကပြန်ဆန်းစစ်ပြီး အဆင့်ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရဌာနပိုင်းကပဲ လုပ်ငန်းတွေကို ဘယ်လောက်ပဲ အချိန်တွေလျှော့ချနေပေမယ့် ပြည်သူ လူထုက ဒီဟာကိုလက်တွေ့မခံစားနိုင်ဘူး ဆိုရင်လည်း ကျွန်တော်တို့အဆင့်က တက် လာမှာမဟုတ်ပါဘူး။

 

ပြည်သူလူထုက လက်တွေ့ခံစားဖို့ ဆိုတာကလည်း ခုနပြောသလို သူ့အမှတ်ပေးတဲ့ စည်းမျဉ်းမှာ ကြိုတင်ဆောင်ရွက်ဖို့ အချိန်တွေမပါဘူး။ ကုန်ကျစရိတ်ဆိုရင်လည်း အမှန်တကယ်ကုန်ကျစရိတ် ဒီအပေါ် မှာအပိုကြေးပေးရတဲ့ ကိစ္စတွေကို ကမ္ဘာ့ဘဏ်က ထည့်သွင်းသုံးသပ်ထားတာမရှိပါဘူး။ မရှိတော့ အမှန်တကယ် ကုန်ကျစရိတ်က ဘယ်လောက်လဲ၊ စာရွက်စာတမ်း ပြည့်စုံပြီးတော့မှ ကြာမြင့်တဲ့ အချိန်က ဘယ်လောက်လဲဆိုတာ ကျွန်တော်တို့ပြည်သူ လူထုက ထုတ်နုတ်တတ်ဖို့လိုတာကို တွေ့ရပါတယ်။

 

အဲဒီလို ထုတ်နုတ်နိုင်ဖို့ဆိုတာလည်း လုပ်ငန်းဆောင်ရွက်တဲ့ သူတွေကိုယ်တိုင်က ကျွန်တော်တို့ဌာနရဲ့ ကျင့်သုံးနေတဲ့ဥပဒေတွေကို ကျွမ်းကျွမ်းကျင်ကျင်နားလည်မယ်ဆိုရင် ဖြေဆိုတဲ့အခါမှာ ပိုပြီးထိရောက်လာမယ်။ ကျွန်တော်တို့ဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြည်သူလူထုက သိလာမယ်ဆိုရင် ခုနပြောတဲ့လိုအပ်ချက်တွေကို သူတို့အလွယ်တကူကြိုတင်ပြီး ဆောင်ရွက်ထားနိုင်မယ်။

 

ဌာနချင်းညှိနှိုင်းလို့ရတဲ့ မျှော်မှန်းချက်က ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ဘာလုပ်ရသလဲ ဆိုတော့ ကျွန်တော်တို့ဌာနမှာ လာပြီးအမည်ပြောင်းလုပ်တဲ့သူတွေ၊ စာချုပ်မှတ်ပုံတင်တဲ့ သူတွေ အထူးသဖြင့် အိမ်ခြံမြေရောင်းဝယ်ရေးအဖွဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲတွေလုပ်ပြီး ကျွန်တော်တို့ရဲ့ လုပ်ထုံးလုပ်နည်းဥပဒေတွေကို ရှင်းပြပါတယ်။ ပြီးရင်ကျွန်တော်တို့လုပ်တဲ့ လုပ်ငန်း အဆင့်ဆင့်ကို ပွင့်လင်းမြင်သာစွာ ဒီအဆင့်မှာ ဒီအထောက်အထားတွေလိုပါတယ်။

 

ဒီလုပ်ငန်းတွေကို ဒီလိုလုပ်ရပါတယ်။ ဥပမာ - ကျွန်တော်တို့ စာချုပ်စာတမ်း မှတ်ပုံတင်လုပ်ငန်းဆိုရင် ဒီအဆင့်မှာ စာချုပ် တစ်ခုလာပြီး မှတ်ပုံတင်သွားရင် ဒီမှတ်ပုံတင် တဲ့စာချုပ်ကြီးကို အရင်တုန်းကစာအုပ်ကြီးထဲမှာ လက်ရေးနဲ့ ဘယ်လိုကူးရပါတယ်။ အခုကွန်ပျူတာနဲ့ ဘယ်လိုလုပ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ နားလည်အောင် ချပြရပါတယ်။ ချပြတဲ့အတွက် ပြီးခဲ့တဲ့နှစ်မှာ သူတို့နားလည်လာပြီး မေးခွန်းဖြေဆိုတဲ့အခါ လက်တွေ့အခြေအနေနဲ့ ထင်ဟပ်ပြီး ဖြေဆိုနိုင်တဲ့အတွက် ကျွန်တော်တို့အဆင့်တိုးတက်လာတာဖြစ်ပါတယ်။

 

အခုကြာမြင့်တဲ့အချိန်ကို ကျွန်တော်တို့ အတတ်နိုင်ဆုံး လျှော့ချခဲ့ပြီးပြီ။ ဒီအပေါ်မှာ ထပ်လျှော့ချလို့ရတဲ့အပိုင်းတွေ ကျွန်တော်တို့ ဆက်ပြီး ဆောင်ရွက်သွားမှာပါ။ ဥပမာ- ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဆိုရင် သူရဲ့မြေပုံမြေရာဇဝင် ရေးကူးတဲ့အခါ မလိုအပ်တဲ့အထောက် အထားတွေ တောင်းယူတဲ့ကိစ္စ အချိန်တွေကို လျှော့ချဖို့ဆောင်ရွက်နေပါတယ်။ ပြီးရင် စိစစ်တဲ့အချိန်တွေကိုလည်း သူတို့လျှော့ချဖို့ ဆောင်ရွက်နေပါတယ်။

 

ပြည်တွင်းအခွန်များဦးစီးဌာနဆိုရင်လည်း ဌာနချင်းဆက်စပ်ပြီး Tax Administrative Law ပြဋ္ဌာန်းထားပြီးပြီ။ ဒီဥပဒေအရ ဆက်စပ်ပြီး အခွန်တွေပါ ထည့်သွင်းပြီး လုပ်ငန်းဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။

 

ကျွန်တော်တို့ဌာနဆိုရင်လည်း စာချုပ်စာတမ်း မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်မယ်ဆိုရင် ဆောင်ရွက်ရမယ့်လုပ်ငန်း အဆင့်ဆင့်၊ ပူးတွဲတင်ပြရမယ့် အထောက် အထား စာရွက်စာတမ်းတွေကို အခု လောလောဆယ်မှာ Ease of Doing Business ဝက်ဘ်ဆိုက်မှာ အကုန်တင်ပေး ထားပါတယ်။ ကျွန်တော်တို့ ဌာနမှာ စာချုပ်ရုံးတွေမှာလည်း ဒါကို အလွယ်တကူ ကြည့်ရှုလို့ရအောင် ဖော်ပြထားပါတယ်။ ပြည်သူလူထုလာရင် အလွယ်တကူ တောင်းယူပြီး ကြည့်ရှုလို့ရပါတယ်။ ဒီဟာတွေကို ကျွန်တော်တို့ ဆောင်ရွက်ပေးပါတယ်။

 

ဒီနှစ်မှာကွန်ပျူတာစနစ်နဲ့ ကျွန်တော် တို့ရုံးမှာလုပ်တဲ့ လုပ်ငန်းအဆင့်ကို ကိုယ်တိုင် စာချုပ်တွေကို ရှာဖွေလို့ရအောင်နဲ့ ကြိုတင် ပြီးမှတ်ပုံတင်လို့ရအောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ဒါက နည်းပညာပိုင်းဆိုင်ရာ၊ အခြေခံအဆောက်အဦ (Infrastructure) ပိုင်းဆိုင်ရာ တိုးတက် ပြောင်းလဲအောင် လုပ်ရတဲ့အတွက် အချိန် အကန့်အသတ်လေးတွေရှိပါတယ်။ အချိန် တစ်ခုဖြစ်လာရင် ဒါကိုဆောင်ရွက်သွားမှာပါ။

 

ပြီးရင် ဌာနဆိုင်ရာအချင်းချင်းလည်း ဆက်စပ်ပြီး လုပ်ငန်းအဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဥပမာ - ပြီးခဲ့တဲ့နှစ်ကဆိုရင် ပြည်တွင်းအခွန်များ ဦးစီးဌာနက ပိုင်ဆိုင်မှုတန်ဖိုးမှတ်ပုံတင်ဖို့၊ စာချုပ်တစ်ခုမှတ်ပုံတင်ဖို့ တန်ဖိုးဖြတ်ပါတယ်။ ဒီတန်ဖိုးအပေါ်မှာ တံဆိပ်ခေါင်းမှန်လား၊ မမှန်လား ကျွန်တော်တို့ဆီကို စာချုပ် လာမှတ်ပုံတင်ရင် အဲဒီအပေါ်မှာ စစ်ရပါတယ်။

 

အဲဒီတော့ ဒီတန်ဖိုးဖြတ်တဲ့ကိစ္စတစ်ခုကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြီးရင် ကျွန်တော်တို့ဌာနဆီ ရောက်လာပါတယ်။ ဒီမှတ်တမ်းမလာသေးလို့ အချိန်စောင့်နေရတာမျိုး မဖြစ်အောင် ဒီစည်းမျဉ်းပြီးသွားတာနဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်က ဒီမှတ်တမ်းကို တစ်ခါတည်းယူလာပြီး ကျွန်တော်တို့ဆီမှာ ဆက်ပြီးလုပ်ငန်းဆောင်ရွက်လို့ရအောင် ဆက်စပ်မှုတွေ လုပ်ပေးတဲ့အတွက် အချိန်ကာလ လျော့ကျသွားတာဖြစ်ပါတယ်။

 

ဒုတိယပိုင်းအနေနဲ့ လုပ်ငန်းဆောင်ရွက်တဲ့အချိန်နဲ့ ကုန်ကျစရိတ်လျှော့ချ ရုံတင်မက ကမ္ဘာ့ဘဏ်ကသုံးသပ်တဲ့အခါ Land Administrative Index လို့ခေါ်တဲ့ အုပ်ချုပ်မှု အခြေအနေကို ဖော်ပြတာကိုလည်း သူတို့ စိစစ်ပါတယ်။ အဲဒီအပိုင်းက အချိန်ယူပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ Registering Property Indicator မှာဆောင်ရွက်ရတဲ့ အဆင့်က ၆ ဆင့်အဓိက ပါဝင်ဆောင်ရွက် ရတဲ့နေရာက ၃ ခုရှိပါတယ်။

 

အဲဒီအကြောင်းအရာကို အကဲဖြတ်တဲ့ အခါ ဒီဌာနတွေမှာ တစ်ခုနဲ့တစ်ခု အိုင်တီ နည်းပညာအရ ဆက်သွယ်မှုရှိသလား၊ ဝက်ဘ်ဆိုက်ကနေ ဒီဌာနမှာရှိတဲ့ ဒေတာကို အခြားဌာနတစ်ခုက အလွယ်တကူ ဆွဲယူ ကြည့်ရှုလို့ရသလား၊ ပြည်သူလူထုကရော ဒီဟာကို အလွယ်တကူအွန်လိုင်းက ကြည့်လို့ ရသလားဆိုတာတွေကို အကဲဖြတ်တာဖြစ်တဲ့အတွက် ဒီအပိုင်းက အခြေခံအဆောက်အဦ တိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်တဲ့ အတွက် အချိန်ယူပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အခုလည်း ဒီဟာကို ဆောင်ရွက်နေပါတယ်။ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနဆိုရင် ကွန်ပျူတာနည်းနဲ့ မှတ်ပုံတင်ခြင်းလုပ်ငန်းကို အခြားဌာနတွေနဲ့ အခြေခံကောင်းရအောင် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဆိုရင် သူ့ရဲ့မြေပုံတွေကို ဒစ်ဂျစ်တယ်စနစ်ကို အကုန်ပြောင်းပြီး Information System စနစ်တစ်ခုထောင်ဖို့ ဆောင်ရွက်နေပါတယ်။ ပြည်တွင်းအခွန် များဦးစီးဌာနဆိုရင်လည်း သူ့ရဲ့ Tax Administrative Law နဲ့အကုန်လုံးစုစည်းပြီး ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် နောင်မှာတော့ ဒါတွေအကုန်လုံး အချိတ်အဆက် မိသွားပြီဆိုရင် ပိုပြီးလုပ်ငန်းဆောင်ရွက်မှုတွေ တိုးတက်လာမှာဖြစ်ပါတယ်။

 

ပြည်သူလူထုအနေနဲ့ ကျွန်တော်တို့ ဒီဟာတွေကို တိုးတက်အောင် ဆောင်ရွက်နေတဲ့အပေါ်မှာ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေတွေအရ တကယ်ရော ဆောင်ရွက်တဲ့အခါမှာ အဆင်ပြေရဲ့လား၊ အဆင်မပြေရင် ဒီဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေက ဘာတွေ လိုအပ်နေသလဲဆိုတာကို ကျွန်တော်တို့ကို သတင်းပေးမယ်ဆိုရင် ကျွန်တော်တို့ ဒီအပေါ်မှာ ပိုပြီးလွယ်ကူအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။ ကျွန်တော်တို့အနာဂတ်မှာ အခြေအနေ အလားအလာကရော ဘယ်လိုရှိမယ်လို့ မျှော်လင့်ထားပါသလဲ။

 

ဦးကျော်ငြိမ်းအောင်။ ။ အနာဂတ် အနေနဲ့ ကျွန်တော်တို့ ခုနပြောသလို အချိန်နဲ့ ကုန်ကျစရိတ်က လျှော့ချလာတဲ့အပိုင်းကို ဒီနှစ်တွေမှာ လုပ်ကိုင်ရ လွယ်ကူမှုအဆင့် တိုးတက်လာအောင်၊ အလွယ်ကူဆုံးဖြစ်အောင်၊ လုပ်တဲ့အခါမှာလည်း အလွယ်ဆုံး လုပ်ငန်းကစပြီး လုပ်ပါတယ်။ ခုနပြောသလို လုပ်ငန်းအဆင့် လျှော့ချတယ်၊ အချိန်လျှော့ချတယ်ဆိုတာ ကျွန်တော်တို့ဌာနတွေရဲ့ လုပ်ရမယ့်လုပ်ငန်းကို ပြင်ဆင်ပြီးမှ လုပ်တဲ့အပိုင်းဖြစ်ပါတယ်။

 

ဒုတိယပိုင်းအနေနဲ့ ဒါဟာ ပြည်သူလူထု တကယ်သိအောင် သတင်းအချက်အလက် မျှဝေခြင်းအပိုင်းတွေကို ကျွန်တော်တို့ ဆောင်ရွက်ပါတယ်။ သတင်းအချက် အလက်မျှဝေခြင်း အပိုင်းမှာလည်း ခုနပြောသလို ကျွန်တော်တို့ရဲ့ လုပ်ထုံး၊ လုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းကို ဝက်ဘ်ဆိုက်မှာ တင်ပေးထားမယ်၊ ဒါတွေကို ပြည်သူလူထုက အလွယ်တကူကြည့်ရှုလို့ ရမယ်ဆိုရင် ဌာနကိုလာတဲ့အခါ ကိုယ်ဘာကို ကြိုတင်ပြင်ဆင်လာရမလဲဆိုတာ သိလာမယ်။ ဒီလို ကြိုတင်ပြင်ဆင်လာရဲ့သားနဲ့ အဆင်မပြေဘူးဆိုရင် ချက်ချင်း Complaint တက်နိုင်မှာ ဖြစ်ပါတယ်။

 

အဲဒီလို Complaint တက်နိုင်အောင် လည်း ကမ္ဘာ့ဘဏ်က ကျွန်တော်တို့ကို အကြံပြုထားတာရှိပါတယ်။ Complaint Mechanism တွေကို ထူထောင်ပေးဖို့ ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ နောက်ပြီး အဓိကပြင်ဆင်သွားမယ့်အပိုင်းက အိုင်တီနည်းပညာနဲ့ ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်တဲ့အပိုင်းကို ပြင်ဆင်သွားမှာဖြစ်ပါတယ်။ အခုဌာနတစ်ခုချင်းစီကတော့ သူ့ဌာနအလိုက် ဒါတွေကို အခြေခံ ကောင်းရအောင် တည်ဆောက်နေပါတယ်။

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဆိုရင်လည်း သူ့ရဲ့မြေပုံမြေရာဇဝင်တွေကို Information System တစ်ခုအနေနဲ့ ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းဖို့ ဆောင်ရွက်နေပါပြီ၊ ကျွန်တော်တို့ဌာနအနေနဲ့ ဆိုရင်လည်း စာချုပ်မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို ကွန်ပျူတာစနစ်ပြောင်းပြီးမှ ဆောင်ရွက်နေပါပြီ။ ဒီစနစ်နှစ်ခုကို ချိတ်ပြီးဆောင်ရွက်နိုင်မယ်၊ ပြည်တွင်းအခွန်များဦးစီးဌာနဆိုရင်လည်းTax Administrative Law နဲ့ ဒီဟာကိုလာပြီး ချိတ်နိုင်မယ်ဆိုရင် တစ်နေရာတည်းနဲ့ စုစည်းဆောင်ရွက်နိုင်တဲ့ အနေအထား ရောက်လာပြီဆိုရင် ကျွန်တော်တို့ တိုးတက်လာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီအဆင့်ရောက်အောင်ကနည်းပညာပိုင်းဆိုင်ရာကိစ္စတွေနဲ့ အခြေခံ အဆောက်အဦပိုင်းဆိုင်ရာ ကိစ္စတွေဖြစ်တဲ့ အတွက် အချိန်အတိုင်းအတာ တစ်ခုတော့ ယူရပါလိမ့်မယ်။

 

သို့သော်လည်း ကျွန်တော်တို့ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ရောက်သွားရင် ဒေသတွင်းနိုင်ငံတွေနဲ့ ကျွန်တော်တို့ ရင်ပေါင်တန်းနိုင်တဲ့ အဆင့်ကို ရောက်လာလိမ့်မယ်လို့ ကျွန်တော့် အနေနဲ့ယူဆပါတယ်။

 

ဆက်လက်ဖော်ပြပါမည်