စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

တာရာ

 

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။


အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး(စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု အထောက်အကူပြုအဖွဲ့ အဖွဲ့ခေါင်းဆောင်)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် (စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းအညွှန်းကိန်းနှင့် အနည်းစု ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ခေါင်းဆောင်)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး (ဆောက်လုပ်ခွင့်ရယူခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ခေါင်းဆောင်)နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် (ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်)တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။


အစီအစဉ်မှူး။ ။ ပထမဆုံးအနေနဲ့ Ease of Doing Business ရဲ့ အဓိပ္ပာယ်ကို ဒုတိယဝန်ကြီးက ရှင်းပြပေးပါဦးခင်ဗျာ။

 

ဦးအောင်ထူး ။ ။ ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးရာမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍက ပုဂ္ဂလိကကဏ္ဍဖြစ်ပါတယ်။ ဒါကြောင့် ပုဂ္ဂလိကကဏ္ဍကို ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရမယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။ အဲဒီလို ခံယူတဲ့အတွက်ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ခေါင်းဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ ကော်မတီအနေနဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးဖို့ စီးပွားရေးအခွင့် အလမ်းကောင်းတွေ၊ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ခံယူတဲ့အတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု အထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ကျွန်တော်တို့အနေနဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းမှာ နိုင်ငံပိုင်ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကနေတစ်ဆင့် လုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။

 

အဲဒီလိုရှင်းပြခဲ့ပြီး ကျွန်တော်တို့ရဲ့ အထောက်အကူပြုအဖွဲ့ ၁ဝ ဖွဲ့က အဖွဲ့ အလိုက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် တစ်နှစ် နှစ်လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်ရဲ့စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းမှာ အဆင့် ၁၇၁ ကနေ ၁၆၅ အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့တွေကို ဒုတိယသမ္မတက ချမှတ်ထားတဲ့ မူလ ရည်မှန်းချက် အညွှန်းကိန်းဟာ ၁၀၀ အောက်ကို ကျရောက်ရမယ်လို့ ချမှတ်ထားပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေအနေနဲ့ ၁၀၀ အောက်ကိုရောက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။


အစီအစဉ်မှူး ။ ။ အရင် နှစ်ကထက် အဆင့် ၆ ဆင့် တက်လာပါတယ်။ ဒီလို တက်လာအောင် ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ရတယ် ဆိုတာကိုလည်း ရှင်းပြပေးပါဦးခင်ဗျာ။


ဦးအောင်ထူး ။ ။ ပထမအဆင့်မှာ အထောက်အကူပြုအဖွဲ့တွေကို ပြန်လည်ပြုပြင်ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းရာမှာ သက်ဆိုင်ရာ အထောက်အကူပြုအဖွဲ့ ခေါင်းဆောင်တွေကို အမြဲတမ်းအတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေနဲ့ ဦးဆောင် ညွှန်ကြားရေးမှူးတွေက ခေါင်းဆောင်ပြီး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်စေခြင်း ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ ကျွန်တော်တို့အနေနဲ့ အထောက်အကူပြုအဖွဲ့ ရဲ့ ရုံးအဖွဲ့ကို ထူထောင်ပြီး ကမ္ဘာ့ဘဏ်က အတိုင်ပင်ခံတွေနဲ့ တိုင်ပင်ပြီး နှစ်ပတ် တစ်ကြိမ် အစည်းအဝေးတွေကို အကြိမ်ကြိမ် ကျင်းပပြီး လုပ်ငန်းတွေအောင်မြင်အောင် လုပ်ငန်းအစီအစဉ် Action Plan ကို ရေးဆွဲပြီး ကာလတို၊ ကာလလတ်နဲ့ ကာလရှည် ရည်မှန်းချက်တွေကို ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။


အစီအစဉ်မှူး ။ ။ ကျွန်တော်တို့ စီးပွားရေး လုပ်ငန်းတစ်ခု စတင်ခြင်း (Starting a Business Indicator) ဆိုင်ရာ အထောက် အကူပြုအဖွဲ့မှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ဘယ်လိုအခန်းကဏ္ဍကပါဝင်ပြီး အဆင့်နဲ့ ရမှတ်တွေ တိုးတက်အောင် ဆောင်ရွက်ခဲ့ရတယ်ဆိုတာကို ပြည်သူတွေသိရှိအောင် ရှင်းပြပေးပါဦးခင်ဗျာ။


ဦးသန့်စင်လွင် ။ ။ ကျွန်တော်တို့ ဌာနက Starting a Business လို့ ခေါ်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခု စတင်တယ်ဆိုရင် မြန်မာနိုင်ငံမှာ ကုမ္ပဏီတည်ထောင်ပြီး စီးပွားရေးလုပ်ငန်း စတင်ရတာဖြစ်ပါတယ်။ အဲဒီတော့ ကုမ္ပဏီ တည်ထောင်မှတ်ပုံတင်ဖို့ ရှေးယခင်က တစ်လလောက်၊ နှစ်ပတ်လောက်၊ တစ်ပတ်လောက် အချိန်ယူဆောင်ရွက်ခဲ့ရတာတွေ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံက Ease of Doing Business Score မှာ ပါဝင်ဆောင်ရွက်တဲ့ အချိန်ကစပြီး ရင်းနှီးမြှုပ်နှံမှုအတွက် စီးပွားရေး လုပ်ငန်းတစ်ခု စတင်တဲ့အပိုင်းမှာ အဆင့်က ၁၄ဝ နဲ့၁၈၆ အကြားမှာ ရှိခဲ့ပါတယ်။


မနှစ်က ၁၅၂ ရရှိခဲ့ပြီး ဒီနှစ်မှာ အဆင့် ၇ဝ ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဆင့် ၈၂ ဆင့် တိုးတက်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို တိုးတက်ရောက်ရှိခဲ့တာကို ကြည့်မယ် ဆိုရင် အာဆီယံ၁၀နိုင်ငံထဲမှာ ၂၀၁၉ ခုနှစ်ရဲ့ Starting a Business စီးပွားရေးလုပ်ငန်း တစ်ခုစတင်ခြင်းက ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်း တိုးတက်တာဖြစ်ပါတယ်။ ကျန်တဲ့နိုင်ငံတွေက အဆင့် ၁ ဆင့်ကနေ အဆင့် ၁၆ ဆင့်ကြားထဲကို လျော့ကျသွားခဲ့ ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော် တို့နိုင်ငံမှာ စီးပွားလုပ်ငန်းတစ်ခု စတင်ဖို့ အတွက် ဆောင်ရွက်မှုတွေဟာ အောင်မြင်မှုရှိတယ်ဆိုတာကို တင်ပြလိုပါတယ်။


အစီအစဉ်မှူး ။ ။ ဆောက်လုပ်ခွင့်ရယူခြင်းအညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့အနေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဘယ်လိုအခန်းကဏ္ဍက ပါဝင်ပြုပြင်ပြောင်းလဲပြီး အခုလို အဆင့်တွေ တိုးတက်အောင် ဘယ်လိုဆောင်ရွက်ခဲ့ရတယ် ဆိုတာကို ရှင်းပြပေးပါဦးခင်ဗျာ။


ဒေါ်လှိုင်မော်ဦး ။ ။ ကမ္ဘာ့ဘဏ်မှာ အဆောက် အဦ ဆောက်လုပ်ခွင့်နဲ့ပတ်သက်ပြီး အညွှန်း ကိန်းကို စောင့်ကြည့်ရာမှာ လူဦးရေ သန်း ၁၀၀ အောက်ရှိတဲ့ နိုင်ငံတွေအတွက် အကြီးဆုံး မြို့ကြီးတစ်မြို့မှာ ပေးနေတဲ့ ဆောက်လုပ် ခွင့်ပြုမိန့်တွေနဲ့ ပတ်သက်ပြီး အကဲဖြတ်ပါတယ်။ ဒါကြောင့် လူဦးရေသန်း ၁၀၀ အောက်မှာရှိတဲ့ မြန်မာနိုင်ငံအတွက် လူဦးရေအများ ဆုံးဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ဆောက်လုပ်ခွင့်ပြု အမိန့်နဲ့ ပတ်သက်တဲ့ ပါမစ်တွေပေးတဲ့ စနစ်တွေကို သူတို့က စောင့်ကြည့်အကဲဖြတ်ခြင်း ဖြစ်ပါတယ်။


အဲဒါကြောင့် ဒီလိုဆောက်လုပ်ခွင့်တွေပေးနေတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အဓိကထားပြီး ပေးနေတာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဖြစ်တဲ့ ကျွန်မက ပါဝင်ဆောင်ရွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။


ဒီလိုဆောင်ရွက်ရာမှာ ခွင့်ပြုမိန့်တွေကို ထုတ်ပေးတဲ့အချိန်မှာ လက်ရှိကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဆောင်ရွက်နေတဲ့ လုပ်ငန်းအဆင့်ဆင့်တွေ၊ တောင်းခံနေရတဲ့ ထောက်ခံစာတွေ၊ ပေါင်းစပ်ရတဲ့ဌာနတွေနဲ့ အဖွဲ့အစည်းတွေ ပေါင်းစပ်နေတဲ့ အခြေအနေတွေကို ကျွန်မတို့အနေနဲ့ ပြန်လည်ဆန်းစစ် သုံးသပ်ခဲ့ပါတယ်။ အဲဒီလို သုံးသပ်ပြီးတဲ့နောက် ခွင့်ပြုမိန့်ထုတ်ပေး ရာမှာ ပိုမိုမြန်ဆန်ချောမွေ့ မှုရှိပြီး လုပ်ရ၊ ကိုင်ရ လွယ်ကူရိုးရှင်းအောင် လျှော့သင့်တဲ့အဆင့်တွေကို လျှော့ချခဲ့ပါတယ်။
ထောက်ခံစာတောင်းခံရာမှာ ဖြုတ်နိုင်တဲ့ ထောက်ခံစာတွေကို ဖြုတ်ခဲ့ပါတယ်။ ပြုပြင် သင့်တဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြုပြင်သလို ညှိနှိုင်းပေါင်းစပ်ရာမှာလည်း ဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်မှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုဆောင်ရွက် နေတဲ့ကိစ္စတွေကို အများပြည်သူနဲ့ ပညာရှင်တွေ သိရှိအောင် ပွင့်လင်းမြင်သာစွာ အသိပေးသင့်တဲ့ အချက်တွေ၊ အသိပေးနိုင်မယ့် နည်းလမ်းတွေကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။

 

ဦးစားပေး အစီအစဉ်အလိုက်လည်း တစ်ဆင့်ချင်း လက်တွေ့အကောင်အထည် ဖော်ခဲ့ပါတယ်။ ဆက်လက်ပြီး ဖော်ဆောင် လျက်ရှိပါတယ်။ ဒါကြောင့် Doing Business ၂၀၁၉ ခုနှစ်တုန်းက အညွှန်းကိန်းရဲ့ အဆင့် ၈၁ ရှိခဲ့ရာကနေ Doing Business ၂၀၂ဝ ပြည့်နှစ်မှာ အဆင့် ၄၆ ကို ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ တစ်နှစ်ထဲမှာ အဆင့် ၃၅ ဆင့်တိုးခဲ့ ခြင်းဖြစ်ပါတယ်။


အစီအစဉ်မှူး ။ ။ နောက်ထပ် Protecting Minority Investors ဆိုင်ရာ အထောက် အကူပြုအဖွဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ဘယ်လို အခန်းကဏ္ဍက ပါဝင်ပြီး ဘယ်လိုပြုပြင် ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့လို့ အခုလို အဆင့်တွေ တိုးတက်ရရှိခဲ့တယ်ဆိုတာကိုလည်း ရှင်းပြပေးပါဦး။


ဦးသန့်စင်လွင် ။ ။ Protecting Minority Investors ဆိုတာ အနည်းစုရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း ဖြစ်ပါတယ်။ အနည်းစု ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဌာနက တာဝန်ယူ ဆောင်ရွက်ရာမှာ ၂၀၁၄ ခုနှစ်ကစပြီး ၂၀၁၉ ခုနှစ်အထိ အဆင့် ၁၇၀ အောက်ကို မရောက်ခဲ့ပါဘူး။ မနှစ်က အဆင့် ၁၈၅ ကနေ အဆင့် ၁၇၆ ကို အဆင့် ၉ ဆင့် လျော့ပြီး ရောက်ရှိခဲ့ပါတယ်။


ဒါက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကို စတင်ကျင့်သုံး ထုတ်ပြန်တာကြောင့် ဒီဥပဒေရဲ့ ပေးထားချက်များအရ ဥပဒေက အကာအကွယ်ပေးတဲ့အချက်တွေ ပေါ်ပေါက် လာလို့ ဒီလိုအဆင့် ၉ ဆင့်ကို လျော့ကျ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ ကုမ္ပဏီများဥပဒေမှာပါတဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ ဒါရိုက်တာတွေ၊ စီမံခန့်ခွဲမှုတွေ၊ အစည်းအဝေး များ လုပ်ဆောင်မှုတွေ၊ ပွင့်လင်းမြင်သာမှုတွေ စတဲ့အချက်တွေကို အကဲဖြတ်ပြီး လုပ်ဆောင် တာဖြစ်ပါတယ်။ ကုမ္ပဏီများဥပဒေ ထုတ်ပြန် နိုင်တာကြောင့် အဆင့် ၉ ဆင့်လျော့ပြီး ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။


အစီအစဉ်မှူး ။ ။ ပုဂ္ဂလိက ကဏ္ဍဘက်ကရော အဆင့်နဲ့ ရမှတ်တွေတိုးတက်အောင် ဘယ်လိုပါဝင်ခဲ့ရသလဲ။ ပုဂ္ဂလိကကဏ္ဍ ဘက်က ဘယ်လိုပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ရတယ်ဆိုတာကို ရှင်းပြပေးပါဦး။


ဒေါ်ခိုင်ခိုင်နွယ် ။ ။ တကယ်တော့ Doing Business ဆိုတာ လုပ်ငန်းလုပ်ကိုင်ရ လွယ်ကူမှုကို ကမ္ဘာ့ဘဏ်ကနေ တစ်ကမ္ဘာ လုံးမှာရှိတဲ့ နိုင်ငံတွေကို တိုင်းတာတာဖြစ်ပါ တယ်။ မူဝါဒတွေ၊ လုပ်ငန်းအဆင့်တွေ ပြောင်းလဲအောင်လုပ်ရမှာက အစိုးရဌာနရဲ့ တာဝန်ပါ။ ဒါကို အသုံးပြုတဲ့အခါ လုပ်ငန်းရှင်ပြည်သူဘက်က အသုံးပြုရပါတယ်။ ပြောင်းလဲမှုကို အသုံးပြုတဲ့သူကလည်း သိဖို့ အရေးကြီးပါတယ်။


ပြောင်းလဲနေပြီး ကိုယ်အသုံးမပြုဘူး ဆိုရင် ဒီအမှတ်ကလည်း မတက်ပါဘူး။ ဒါကို ကျွန်မတို့က သိတဲ့အတွက် ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးလုပ်ခဲ့ ပါတယ်။ ဒုတိယဝန်ကြီးလည်း ပြောခဲ့ပါ တယ်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှာ အစိုးရ-ပုဂ္ဂလိက ရင်းနှီးစွာ ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ပြီး လုပ်ငန်းလုပ်ဖို့အတွက် အခက်အခဲတွေရှိနေတယ်။ ဒါလေးကို ကူညီပါ။ အဲဒီကနေပြီး ဝန်ကြီး ဌာနတွေဘက်ကလည်း ပြုပြင်ပြောင်းလဲ ရမယ့်အချက်တွေကို ပြောင်းလဲဖို့ Initiate လုပ်လာပါတယ်။ ပြောင်းလည်း ပြောင်းလဲ လာကြပါတယ်။

 

ကျွန်မတို့က အတူပူးပေါင်းဆောင်ရွက် တာဖြစ်ပါတယ်။ ပြောင်းလဲမှုနဲ့ သုံးစွဲသူအသိချင်း ကိုက်သွားတဲ့အခါ အမှတ်က တက်လာတာ ဖြစ်ပါတယ်။ အရေးကြီးတာကလည်း အဲဒါပါ။ တစ်ဖက်တည်း ပြောင်းလို့လည်းမရ၊ တစ်ဖက်တည်းသိလို့လည်း မရပါ ဘူး။ ဒီလိုလုပ်ခဲ့ရာမှာ ဥပမာ- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဆိုရင်လိုင်စင်အွန်လိုင်းစနစ်ပေးပါတယ်။ အခုဆိုရင် အကုန်လုံးအွန်လိုင်းစနစ်နဲ့ လိုင်စင် လျှောက်လို့ရနေပြီ ဖြစ်ပါတယ်။

 

ကျွန်မတို့ ၂၀၁၅- ၂၀၁၆ ကတည်းက ဒီစနစ်အသုံးပြုဖို့ စတင်ပြင်ဆင်ခဲ့ပြီး စမ်းသပ်မှုကို အထည်ချုပ်လုပ်ငန်းနဲ့ စခဲ့ တာပါ။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ စက်ရုံ ၁ဝ ရုံလောက်နဲ့ စမ်းသပ်ပါတယ်။ နောက် စက်ရုံ ၄၇ ရုံဖြစ်လာပါတယ်။၂၀၁၈ ခုနှစ်မှာ Fully အွန်လိုင်းစနစ်ကို သွားနိုင်ခဲ့တာ ဖြစ် ပါတယ်။ ဒီလိုအွန်လိုင်းစနစ်ကို လုပ်တဲ့ အတွက် Step တွေလည်း လျော့လာပါတယ်။ Web Page စနစ်ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေက ဝန်ကြီးဌာနကို သွားစရာ မလိုပါဘူး။

 

ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ဘယ်နေရာပဲ ဖြစ်ဖြစ် အင်တာနက်ရှိရင် လိုင်စင်ကို လျှောက်လို့ရပါပြီ။ ပြီးတော့ သူ့မှာ Password ရှိတယ်၊ Username ရှိတယ် ဆိုရင် သူကြိုက်တဲ့အချိန် စစ်လို့ရပါပြီ။ အဲဒီလိုတွေ အရမ်းလွယ်ကူလာပါတယ်။ လွယ်ကူ လာတော့ လုပ်ငန်းရှင်တွေဘက်က စရိတ်လည်း သက်သာလာပါတယ်။ စက္ကူအသုံးပြုမှုဆိုရင် ကျွန်မတို့ ၇ဝ ရာခိုင်နှုန်းအထိ ကျလာပါတယ်။ Costing တွေလျော့လာတာ ဖြစ်ပါတယ်။

 

ဒီလိုဖြစ်လာတော့ GSP ရပြီး၂၀၁၄-၂၀၁၅ ခုနှစ်မှာ စက်ရုံ ၆၀ကျော်၊၂၀၁၉ ခုနှစ် မှာ၇၅ ရုံတိုးလာပါတယ်။ ပျမ်းမျှဆိုရင် တစ်လကို စက်ရုံ ၆ ရုံလောက်တက်လာပါတယ်။ ဒါတွေက ခုနကလို လုပ်ငန်းတွေလုပ်တဲ့အခါ ပိုမိုလွယ်ကူလာတာ ကြောင့်လည်း ဖြစ်ပါတယ်။ ပြီးတော့ မူဝါဒအပြောင်းအလဲကို အသိအမှတ်ပြုလာတာလည်း ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့အနေနဲ့ ဒါကို ထပ်ပြီးတိုးတက်မှုရှိအောင် ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် ဝန်ကြီးဌာနနဲ့ပြောပြီး ဆောင်ရွက်နေပါ တယ်။ အခုလည်း ဆောင် ရွက်နေတာတွေ ရှိပါတယ်။


အစီအစဉ်မှူး ။ ။ အခုလို အနေအထား မျိုးရောက်လာတာ လွယ်လွယ်ကူကူနဲ့ ရောက်လာတာ မဟုတ်ပါဘူး။ အခုလို ပြုပြင်ပြောင်းလဲမှုလုပ်ဖို့အတွက် ဘယ်လိုအခက်အခဲတွေ တွေ့ကြုံရမလဲဆိုတာကို ပြည်သူတွေသိရှိအောင် ရှင်းပြပေးပါဦး။


ဦးအောင်ထူး ။ ။ အခက်အခဲတွေက အများကြီးပါ။ ပထမအချက်က Mindset စိတ်ရဲ့ခံယူချက်တွေလည်း ပြောင်းလာ တာဖြစ်ပါတယ်။ ဆိုလိုတာက အရင်တုန်းက အစိုးရလုပ်ငန်းတွေကို လုပ်ကိုင်ရတာတော်တော်ကိုခက်ခဲတယ်ဆိုပြီး ပြည်သူ တွေက ခံယူထားပါတယ်။ အစိုးရဌာနတွေမှာ တာဝန်ယူတဲ့သူတွေကလည်း ပြည်သူတွေရဲ့ အခြေအနေတွေကို သေသေချာချာ နားလည်သဘောပေါက်မှု မရှိခဲ့ပါဘူး။ အဲဒီတော့ ဒီခံယူချက်ကို ပြောင်းလဲခဲ့ရတာဖြစ်ပါတယ်။ ဒါဟာအခက်အခဲဆုံး ပြဿနာကြီးပါ။ အစိုးရရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်သူတွေအတွက် အကျိုးပြုမယ်ဆိုတဲ့ စိတ်ထားမျိုး ဖြစ်ပေါ်လာအောင် ကျွန်တော်တို့အနေနဲ့ပြောင်းလဲပြီး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ခဲ့ပါတယ်။


တကယ်တော့ ပြုပြင်ပြောင်းလဲမှုတွေကို ၂၀၁၁ ခုနှစ်ကတည်းက လုပ်ခဲ့တာပါ။ လုပ်ပေမယ့် အစိုးရဘက်က ပြောင်းလဲမှု တွေကို ပြည်သူတွေက မသိရှိကြဘူးဖြစ်နေပါတယ်။ ဒီနေရာမှာ ကွာဟမှုလေးဖြစ်နေတာပါ။ အဲဒီလိုဖြစ်တဲ့အခါ စီးပွားရေး လုပ်ငန်းတွေ လွယ်ကူအောင်လုပ်တဲ့အခါ ဘာလိုလဲဆိုတာကို တွေ့လာရပါတယ်။ အဲဒါကဘာလဲဆိုတော့ အများပြည်သူသိရှိ အောင်လုပ် ဆောင်တဲ့ လုပ်ငန်းတွေက အရေးပါတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အများပြည်သူကို အသိပေးတဲ့ လုပ်ငန်းတွေ အများကြီးလုပ်လာရပါတယ်။


ကျွန်တော်တို့မှာ Communication Plan လို့ခေါ်တဲ့ အများပြည်သူနဲ့ဆက်သွယ် ဆောင်ရွက်တဲ့လုပ်ငန်းတွေကို အလေး ထားပြီး လုပ်ဆောင်လာခဲ့ရတယ်ဆိုတာကို တွေ့ရပါတယ်။နောက်တစ်ခု ကမ္ဘာ့ဘဏ်က Ranking ကိုအမှတ်ပေးရာမှာ ပြုပြင် ပြောင်းလဲ သူအပိုင်းကသာ ကြည့်တာမဟုတ်ဘဲ ပြုပြင်ပြောင်းလဲမှုကို အကျိုးခံစားရတဲ့ ပုဂ္ဂလိကကဏ္ဍကိုလည်း ကြည့်ပါတယ်။ အဲဒီလိုကြည့်ရာမှာ သူကမေးခွန်း လွှာတွေကို မေးပါတယ်။ ဖြေတဲ့ပုဂ္ဂလိက ကဏ္ဍအနေနဲ့ အစိုးရက ဘာတွေပြုပြင် ပြောင်းလဲလိုက်တယ်ဆိုတာကို သူတို့တွေ မသိရှိဘူး ဖြစ်နေတယ်။ ဒါကို သိရှိအောင် ကျွန်တော်တို့အနေနဲ့ Seminar တွေ၊ ဟောပြောပွဲတွေလုပ်ပါတယ်။ ပြောင်းလဲမှုတွေက ဒါတွေရှိပါတယ်ဆိုတာကို ပုဂ္ဂလိကကဏ္ဍကို ရှင်းပြခဲ့ပါတယ်။ ပုဂ္ဂလိကကဏ္ဍ ကလည်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို နားလည်လာပြီး ကမ္ဘာ့ဘဏ်ကမေးတဲ့ မေးခွန်းတွေကို ပိုမိုပြီး မှန်မှန်ကန်ကန် ဖြေဆိုလာတာကို တွေ့ရပါတယ်။ အဲဒီလို ဖြေဆိုလာတဲ့အတွက် ကျွန်တော်တို့ရဲ့ အမှတ်တက်လာတဲ့ အပိုင်းလည်း ဖြစ်ပါတယ်။


အများပြည်သူသိရှိအောင် ကျွန်တော်တို့ ဘာတွေလုပ်ခဲ့ရသလဲဆိုရင် Ease of Doing Business စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု အင်တာနက်စာမျက်နှာကို ထူထောင်ရပါတယ်။ ဒါကို ထူထောင်ပြီး ပြုပြင်ပြောင်းလဲမှုမှာ ဘယ်သူတွေက ဦးဆောင်ပြီး လုပ်ဆောင်နေသလဲ၊ ဘာတွေကို ပြုပြင်ပြောင်းနေသလဲဆိုတာကို တင်ပြရပါတယ်။

 

ကျွန်တော်တို့ အစိုးရရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပြုပြင်ပြောင်းလဲမှုက အဓိက အချက်သုံးချက်ပါ။ တစ်ချက်က အစိုးရရဲ့ ခွင့်ပြုချက်တစ်ခုကို ရဖို့ဆိုရင် အချိန်ဘယ်လောက်ကြာမလဲ။ ဒီအချိန်ကို ကျွန်တော်တို့ တတ်နိုင်သလောက် လျှော့ချရမယ်။ နောက်ပြီး အဆင့်တွေ ဘယ်လောက်လုပ်ရမလဲ။ အဆင့် ၁ဝ ဆင့် လုပ်ရမလား။ အဆင့် ၁၅ ဆင့် လုပ်ရမလား။ အဲဒါကို ကျွန်တော်တို့က တတ်နိုင်သလောက် အနည်းဆုံးဖြစ်အောင် လျှော့ချရမယ်။


နောက်ပြီး အစိုးရထံက ခွင့်ပြုချက်တွေ ရရှိဖို့ဆိုရင် ငွေကြေးကုန်ကျမှု ဘယ်လောက်ရှိမလဲ။ ဒါတွေကို ကျွန်တော်တို့က လျှော့ချရ မယ်။ အချိန်လျှော့ချရမယ်။ ငွေကြေးကုန်ကျမှုကို လျှော့ချရမယ်။ အဆင့်တွေကို လျှော့ချရမယ်။ နောက်ပြီး အစိုးရရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေက တတ်နိုင်သမျှ ရိုးရှင်းလွယ်ကူမှုရှိရမယ်။ ဒီအပိုင်းတွေကို ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ဒေါ်လှိုင်မော်ဦး။ ။ ကျွန်မအနေနဲ့ ဒုတိယ ဝန်ကြီးပြောတာရော၊ ပုဂ္ဂလိကကဏ္ဍက ပြောတာရော နည်းနည်းဖြည့်စွက်ပြီး ပြောပြ ချင်ပါတယ်။ ဒါက ကိုယ့်ရဲ့အတွေ့အကြုံပါ။ တစ်ဖက်က ကျွန်မတို့ဘက်က ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်ပဲလုပ်လုပ် ကမ္ဘာ့ဘဏ်က ဘယ်လိုအမှတ်ပေးနေသလဲ။ သူများနိုင်ငံတွေက ဘယ်လိုလုပ်နေသလဲဆိုတာမသိရင် ကျွန်မတို့ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုက လိုအပ်တဲ့လမ်းကြောင်းပေါ်ကို မရောက်နိုင်တာရှိပါတယ်။ အဲဒီတော့အဆင့်နဲ့ ရမှတ်တိုးတက်အောင် ကမ္ဘာ့ဘဏ်ကနိုင်ငံတွေကို ဘယ်လိုအကဲဖြတ်နေသလဲ။ သူများနိုင်ငံတွေကရော ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေကို လုပ်နေသလဲဆိုတာ ကျွန်မတို့ လေ့လာခဲ့ရပါတယ်။


အဲဒီလိုလေ့လာပြီး ကမ္ဘာ့ဘဏ်ကပုဂ္ဂိုလ် တွေနဲ့လည်း ဆွေးနွေးရသလို Commun- ication မှာနှစ်ပိုင်းရှိပါတယ်။ ကမ္ဘာ့ဘဏ်က အမှတ်ပေးတဲ့ ပုဂ္ဂိုလ်တွေက ကျွန်မတို့နိုင်ငံမှာလုပ်နေတဲ့ လုပ်ထုံးလုပ်နည်းတွေကို တကယ်အမှန်အတိုင်း နားလည်ဖို့ပြောပြရ တာရှိပါတယ်။ ပုဂ္ဂလိကကဏ္ဍကလည်း ကျွန်မတို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို သိရှိအောင် ဆောင်ရွက်ရတဲ့အပိုင်း နှစ်ပိုင်းရှိ ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ကမ္ဘာ့ဘဏ်ရဲ့ ဆောင်ရွက်မှုက ကျွန်မတို့ရဲ့အဆင့်တွေကို လျှော့ချတယ်လို့ ထင်ပါတယ်။ သူတို့ရဲ့အဆင့် တွက်ပုံတွက်နည်းက ကျွန်မတို့ မထင်တဲ့ နည်းတွေဖြစ်နေရင် အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ကျွန်မတို့ဘက်က ပြုပြင်ပြောင်းလဲမှုမဖြစ် ပါဘူး။


ဥပမာ ကျွန်မတို့ ကဏ္ဍမှာဆိုရင် အပိုင်း ၄ ပိုင်းကို သူတို့က အမှတ်ပေးပါတယ်။ ပထမတစ်ပိုင်းက ဒုတိယဝန်ကြီး ပြောသလို ပါပဲ လုပ်ငန်းအဆင့် ဘယ်လောက်ရှိသလဲ၊ အချိန်ဘယ်လောက်ကုန်သလဲ၊ ကုန်ကျစရိတ် ဘယ်လောက်ရှိသလဲ၊ အဲဒီအပြင် အာမခံချက် ဘယ်လောက်ရှိသလဲ၊ အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လောက်ရှိသလဲဆိုတဲ့ အပိုင်း ၄ ပိုင်းကို သူတို့က အမှတ်ပေးပါတယ်။


ဒါတွေကို သူများနိုင်ငံတွေက ဘယ်လိုလုပ်သလဲဆိုတာ ကျွန်မတို့က ကြည့်ရပါတယ်။ အဆင့်တွေလျှော့ချနိုင်ဖို့ ဘာတွေ လုပ်သလဲ၊ အဆင့်တစ်ဆင့်ကို ဘယ်လိုတွက်သလဲ၊ အရင်တုန်းက ကျွန်မတို့အဆင့်က ဒါလောက်ပဲရှိတယ်လို့ ထင်တယ်။ ကမ္ဘာ့ဘဏ်အနေနဲ့ တွက်လိုက်ရင် အဲဒီအဆင့်တွေက များနေတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရဌာနနဲ့ ထိတွေ့တိုင်း၊ ထိတွေ့တိုင်း သူတို့က အဆင့်တစ်ဆင့်အနေနဲ့ ယူဆပါတယ်။ ဌာနတစ်ခုက နှစ်ခု၊ သုံးခုတစ်ပြိုင်နက်တည်း စုစည်းပြီး တွေ့ထိနိုင်ရင် အဆင့်တစ်ဆင့်တည်း ဖြစ်သွားပါတယ်။


ဒါကြောင့် ပုဂ္ဂလိကကဏ္ဍက ပြောသလို အွန်လိုင်းလုပ်နိုင်ရင်အဆင့်က လျော့သွားပါတယ်။ အချိန်လည်း ထိုနည်းလည်းကောင်း ပါ။ ကျွန်မတို့က အချိန်ဒီလောက်ပဲ ရှိတယ်လို့ထင်တယ်။ ဒါပေမယ့် သူတို့ကတွက်တယ်။ ထောက်ခံစာတစ်ခုယူတိုင်းမှာ အနည်းဆုံး အချိန်တစ်ရက်ကုန်တယ်လို့ ယူဆပါတယ်။ တစ်နေရာကနေ တစ်နေရာကို ခရီးသွားရတဲ့အချိန်ကို သူတို့က ထည့်တွက်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်မတို့က ထောက်ခံစာတွေကို လျှော့ချပေးတယ်ဆိုရင် အချိန်က လျော့သွားပါတယ်။


နောက်ပြီး အွန်လိုင်းက လျှောက်တယ်ဆိုရင် တစ်ရက်တည်းနဲ့ သွားလို့ရတယ်ဆိုတဲ့ သူတို့ရဲ့အမှတ်ပေးတဲ့ နည်းလမ်းလေးတွေ ကိုလည်း ကျွန်မတို့က နားလည်ဖို့လိုသလို ကျွန်မတို့ရဲ့ ပုဂ္ဂလိကကဏ္ဍကိုမေးတဲ့အခါ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပြန်ဖြေတာ အပေါ် မူတည်ပြီး သူတို့မရှင်းလင်းတာကို ကျွန်မတို့ကပြန်ပြီး မဖြေရှင်းနိုင်ရင်လည်း အမှတ်မရနိုင်ပါဘူး။


နောက်ပြီး သူများနိုင်ငံတွေက အဲဒီလို ပြုပြင်ပြောင်းလဲတဲ့အချိန်မှာ အဆင့်တက်အောင် ဘာတွေလုပ်သလဲဆိုတာ လေ့လာရင် ကျွန်မတို့ နည်းလမ်းပိုရပါတယ်။ ဒါလေးတစ်ခုကို ဖြည့်စွက်ဆွေးနွေးချင်တာ ဖြစ်ပါတယ်။ Communication ကနှစ်ဖက်ပါ။ ကမ္ဘာ့ဘဏ်နဲ့ အခြားနိုင်ငံတွေနဲ့ယှဉ်တဲ့ Communication တစ်ပိုင်းရှိပါတယ်။ ကျွန်မတို့ရဲ့ ခွင့်ပြုမိန့်ကို တောင်းခံတဲ့ ဒါမှမဟုတ် ဆောင်ရွက်နေတဲ့ ခုနပုဂ္ဂိုလ်တွေ ပုဂ္ဂလိကကဏ္ဍ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ သူတို့တွေ ဘယ်လောက်အထိ နားလည်သလဲ ဆိုတဲ့ သူတို့ နားလည်အောင်ပေးနိုင်တဲ့အပိုင်းက တစ်ပိုင်းဖြစ်ပါတယ်။


ဒေါ်ခိုင်ခိုင်နွယ်။ ။ ခုနက အတွင်းရေးမှူးနဲ့ ဒုတိယဝန်ကြီးတို့ ပြောသလိုပါပဲ။ အဓိကကတော့ ချိတ်ဆက်ဆောင်ရွက်မှု ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရဌာနတွေက ဘယ်လောက်ပဲပြောင်းပြောင်း ပုဂ္ဂလိကကဏ္ဍမှာ ဒါကိုပြောင်းတာ မသိဘူးဆိုရင် အမှတ်က မတက်ပါဘူး။ ပုဂ္ဂလိကကဏ္ဍမှာ အခက်အခဲဖြစ်နေတာလည်း အစိုးရဝန်ကြီးဌာနက မသိဘူးဆိုရင်လည်း ဒါဟာ ဘာမှ လုပ်လို့မရပါဘူး။ Ease of Do- ing Business တက်လာတာကို ကျွန်မ တော်တော် ဝမ်းသာပါတယ်။တစ်ပြည်လုံး လည်း ဝမ်းသာမှာပါ။ ဘာကို သက်သေ ထူတာလဲဆိုတော့ အစိုးရ - ပုဂ္ဂလိက ဆက်ဆံရေး အားကောင်းလာတယ်။ ကျွန်မတို့ ချိတ် ဆက်မှု အားကောင်းလာတယ်ဆိုတာ ဒါက သက်သေပြနေတာပါ။ နိုင်ငံတော်အစိုးရဝန်ကြီး ဌာနကပြောင်းလဲတာကို ကျွန်မတို့ လိုက်ပြီး သိနေပါတယ်။

 

ကျွန်မဆိုရင် ဒီတစ်ခေါက်မှာ နှစ်ခုဖြေခဲ့ ရပါတယ်။ Starting a business နဲ့ Protec- ting Minority Investors ကို ဖြေရပါတယ်။ မေးခွန်းတွေက ရှည်တဲ့အတွက် စိတ်ရှည်လက်ရှည်ဖြေရပါတယ်။ အဲဒီမှာ သူတို့ဆီက ပြန်လာတဲ့ မရှင်းလင်းတဲ့ မေးခွန်းရှိရင် ပြန်မေးပါမယ်ဆိုပြီး မေးခွန်းပြန်လာပါတယ်။ ပုဂ္ဂလိက ကဏ္ဍအနေနဲ့ ဒီလိုပြန်လာတဲ့အခါမှာ ပြန်ဖြေနိုင်ဖို့ အရေးကြီးပါတယ်။ ပြန်ဖြေနိုင်ဖို့အတွက် ပြောင်းလဲမှုကို တကယ်သိဖို့က အရေးကြီးပါတယ်။


ကျွန်မဆီပြန်လာတဲ့မေးခွန်းဆိုရင် ဥပမာ အနေနဲ့ DG တို့ဘက်က Starting a Business က Registration လုပ်တဲ့အခါ ကုမ္ပဏီ Seal ပေးစရာမလိုတော့ဘူး။ ဒါပေမယ့် အဲဒီမေးခွန်းက အချို့သောသူများကုမ္ပဏီ Seal ကို ပေးနေရတယ်လို့ ပြောပါတယ်။ ကျွန်မက ပြောပါတယ်။ ဥပဒေမှာလည်း မလိုအပ်ဘူး။ ဌာနက လည်းမတောင်းဘူး။ ဒါပေမယ့် လုပ်ငန်းရှင် တွေမှာ Identity အစွဲတစ်ခုရှိပါတယ်။ ကိုယ့်ရဲ့အမှတ်တံဆိပ်လိုအစွဲနဲ့ Seal ကိုတင်လာရင် ဥပဒေက ဒါကိုငြင်းပါလို့ မပြောထားဘူး။ အဲဒီတော့ ဒါက လုပ်ငန်းရှင်ရဲ့ဆန္ဒဖြစ်ပါတယ်။


နောက်ပြီး Bank Account တစ်ခု သူတို့ မေးပါတယ်။ မှတ်မှတ်သားသားလေးပါ။ အခု ဆိုရင် Registration လုပ်ရင် အွန်လိုင်းတက် သွားတာဆိုတော့ ဘာမှ ပြန်စရာမလိုပါဘူး။ ဘဏ်အကောင့်လည်း မလိုပါဘူး။ အဲဒီတော့ သူတို့က ပြန်မေးပါတယ်။ လုပ်ငန်းတစ်ခု ထူထောင်တဲ့အခါ ဘဏ်အကောင့်တစ်ခု မရှိဘူးဆိုရင် ဒါကို ဘယ်လိုယုံကြည်စိတ်ချရ မလဲဆိုပြီး မေးပါတယ်။ အဲဒီတော့ ကျွန်မက ပြန်ဖြေလိုက်ပါတယ်။ Registration ကာလမှာသာ မလိုတာပါ။ လုပ်ငန်း တကယ်လည်ပတ်ပြီ ဆိုရင်သူရဲ့ Commercial Activities တို့၊ သူ့ရဲ့ Day to Day Operation တို့မှာ သူသည် ဘဏ်အကောင့်မရှိရင် မရပါဘူးဆိုတာကို ပြန်ဖြေလိုက်တော့ သူတို့ ကျေနပ်သွားပါတယ်။


အမှတ်တက်သွားခြင်းသည် ကိုယ့်အဖြေ ကြောင့် ဟုတ်ချင်မှ ဟုတ်မယ်။ ကျွန်မက ဘာကို ပြောချင်တာလဲဆိုတော့ အားလုံးက အစိုးရဌာနရဲ့ ပြုပြင်ပြောင်းလဲတဲ့အပိုင်းကို ပုဂ္ဂလိကကဏ္ဍကလည်း သိရှိပြီး အတူတူ တက်ညီလက်ညီ ဆောင်ရွက်တယ်ဆိုရင် အမှတ်တက်ပါတယ်။ ကျွန်မလည်း အမှန်အတိုင်းပြောရင် ဒီနှစ်ထက်ကို ထပ်ပြီး အမှတ်တက်ချင်တာပါ။


အစီအစဉ်မှူး။ ။ ဒါက အစိုးရနဲ့ ပုဂ္ဂလိက နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်တဲ့အပိုင်း ဖြစ်ပါတယ်။ အခုလို Ease of Doing Busin-ess အဆင့်တွေ တိုးတက်အောင် Starting a Business Indicator ဆိုင်ရာအထောက်အကူ ပြုအဖွဲ့အနေနဲ့ ဘယ်လိုပြုပြင်ပြောင်းလဲမှု တွေကို ဆက်လက် လုပ်ဆောင်သွားဖို့ရှိသလဲဆိုတာကို ရှင်းပြပေးပါဦး။


ဦးသန့်စင်လွင်။ ။ Starting a Business စီးပွားရေးလုပ်ငန်းတစ်ခု စတင်မယ်ဆိုရင် ဒုတိယဝန်ကြီး ပြောသွားသလိုပဲ အဆင့်ရှိပါ တယ်။ အချိန်ရှိပါတယ်။ ငွေရှိပါတယ်။ ဒီအဆင့် ရယ်၊ အချိန်ရယ်၊ ငွေရယ်ဆိုတာ ကုမ္ပဏီကနေ လုပ်ငန်းတစ်ခုစတင်တဲ့ သူရဲ့ ကုန်ကျစရိတ် ပါ။ ဒါပေမယ့်အဲဒီမှာ နောက်တစ်ခုက စီးပွားရေးလုပ်ငန်းတစ်ခု စတင်တာ ကျွန်တော်တို့ နိုင်ငံက ငွေအရင်းအနှီး ဘယ်လောက်ရှိတယ် ဆိုတာ ဖော်ပြစရာမလိုဘဲ ကုမ္ပဏီထောင်ခွင့် ရှိပါတယ်။ ဒီအပိုင်းကို ပြန်ကြည့်မယ်ဆိုရင် လုပ်ငန်း အဆင့်ကြာမှုက ၈၀ ကျော်ရှိပါတယ်။ အချိန်နဲ့က အမှတ် ၉၀ ကျော်လောက်ရှိပါတယ်။ လုပ်ငန်းရဲ့ ကုန်ကျစရိတ်ကအမှတ် ၉၀ ကျော်လောက်ရှိပါတယ်။

 

အဲဒီမှာ ထူးခြားတာကစီးပွားရေးလုပ်ငန်း တစ်ခုစတင်ရင် မတည်ငွေပြစရာ မလိုတာ က အမှတ်၁ဝဝ ကျွန်တော်တို့က ရထားတာ ရှိပါတယ်။ ဒီစီးပွားရေးလုပ်ငန်းတစ်ခု စတင် တယ်ဆိုရာမှာ ဒီအဆင့်တွေကို လျှော့ချဖို့ ဆိုတာ ကျွန်တော်တို့ သုံးခုပဲ လျှော့ချရတော့ မှာ ဖြစ်ပါတယ်။ အဲဒီ သုံးခုထဲမှာ စီးပွားရေးလုပ်ငန်းစဖို့ ပေးသွင်းရတဲ့ ငွေပြစရာမလိုပါ ဘူး။ အွန်လိုင်းကနေ ငွေသွင်းလို့ရပါတယ်။ ကတ်နဲ့ဖြစ်ဖြစ်၊ အခြားငွေပေးသွင်းမှုစနစ် တစ်ခုနဲ့ဖြစ်ဖြစ် ကျွန်တော်တို့က သုံးလို့ရပါတယ်။ ဒါပေမယ့် ဒီဘက်က ကျွန်တော်တို့အဆင့် တွေကို လျှော့ချရာမှာ ယခင်က ကုမ္ပဏီတစ်ခု မှတ်ပုံတင်မယ်ဆိုရင် ငွေကျပ် ၁ဝသိန်း၊ နောက် တစ်ခါ ငွေကျပ် ငါးသိန်း၊ မနှစ်က စက်တင်ဘာ ၃ဝ ရက်အထိကို ငွေကျပ် နှစ်သိန်းခွဲပါ။ အောက်တိုဘာ ၁ ရက်ကစပြီး ငွေကျပ် တစ်သိန်းခွဲအထိ ထပ်လျှော့ထားပါတယ်။ ဆိုလိုတာက တတ်နိုင်သမျှ နိုင်ငံတော်ရဲ့ ရငွေလည်း မနစ်နာအောင်၊ စီးပွားရေး လုပ်ငန်းတစ်ခု စတင်ရတာလည်း လွယ်ကူအောင် နောက်ပြီး အများပြည်သူပါ လွယ်ကူစွာဆောင် ရွက်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့က ဆောင်ရွက်တာဖြစ်ပါတယ်။


အခုကျွန်တော်တို့က ၉၃ မှတ်လောက်ရထားတာ ဒီနှစ်မှာ ထပ်ကျမယ်လို့မျှော်မှန်း ပါတယ်။ ဒါက ကျွန်တော်တို့ တာဝန်ခံဆောင် ရွက်ရတဲ့ အခန်းကဏ္ဍတစ်ခုမှာပါတဲ့ အဓိက ကျတဲ့အချက် လေးချက်မှာ နှစ်ချက်ကိုဆောင်ရွက်မှု ဖြစ်ပါတယ်။ နောက်နှစ်ခုက လုပ်ငန်း အဆင့်တွေဖြစ်ပါတယ်။ လုပ်ငန်းအဆင့်ဖြစ်တဲ့အတွက် ကျွန်တော်တို့ဌာနတစ်ခုတည်းနဲ့ မပြီးတော့ပါဘူး။ အခြားဌာန တွေပါ လိုအပ်လာတာတွေ ရှိပါတယ်။


အခြားဌာနတွေကိုလည်း ကျွန်တော်တို့ လက်ရှိအသုံးပြုနေတဲ့ Electronic Online Registration စနစ်မှာပါဝင်အောင် ကျွန်တော်တို့က ဆောင်ရွက်ရပါတယ်။ တချို့က ပါဝင်အောင် ဆောင်ရွက်ရသလို၊ တချို့ကပါဝင်မယ်ဆိုပြီး ဆောင်ရွက်လာတာ ရှိပါတယ်။ ဥပမာ - စီးပွားရေးလုပ်ငန်း တစ်ခုစတင်ဖို့အတွက် ကုမ္ပဏီထောင်ပြီးပါပြီ။ ဘဏ်စာရင်းလည်း ဖွင့်ပြီးပါပြီဆိုရင် ဒီကုမ္ပဏီက သွင်းကုန်လုပ်မလား၊ ပို့ကုန်လုပ်မလား ဒါဆိုရင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ သွင်းကုန် ပို့ကုန်အတွက် လိုပါတယ်။


အဲဒါဆိုရင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ဌာနနဲ့ Link ချိတ်ထားပြီဆိုရင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကျွန်တော်တို့ရဲ့ကုမ္ပဏီ Registration ကို ပြလို့ရသလို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက သွင်းကုန်ပို့ကုန် ပေးလိုက်တာကိုလည်း ကျွန်တော်တို့ဌာနက သိရမှာ ဖြစ်ပါတယ်။ ဒါက Link တစ်ခုပဲ ဖြစ်ပါတယ်။


ထိုနည်းတူပဲ စီးပွားရေးလုပ်ငန်းစပြီ အလုပ်တစ်ခု လုပ်တော့မယ်၊ နောက်ဆုံး အခွန်ဆောင်ရမှုအပိုင်းမှာလည်း ပြည်တွင်း အခွန်များဦးစီးဌာနနဲ့ ကျွန်တော်တို့ ချိတ်ဆက်ပြီးပါပြီ။ ကျန်တဲ့ အလုပ်သမားကိစ္စဆိုရင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူမှုဖူလုံရေးဦးစီးဌာန စတဲ့လုပ်ငန်းတွေနဲ့လည်း ကျွန်တော်တို့ ချိတ်ဆက်မှုရှိပါတယ်။ ဒါတွေကိုလည်း ဆက်လက်ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


အဲဒါဆိုရင် ကျွန်တော်တို့အဆင့်တွေ လျော့သွားမှာ ဖြစ်ပါတယ်။ ဒီအဆင့်တွေ သာလျော့သွားရင် ဒုတိယဝန်ကြီး ပြောသွားတဲ့ ဒုတိယအချက်ဖြစ်တဲ့ အချိန်က အလိုလို လျော့ကျသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဌာနအနေနဲ့ ဒီအဆင့်တွေ လျော့ကျဖို့ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရာမှာ ပါဝင်ရမယ့် အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေပါတယ်။


အခုဆိုရင် ကိုယ်က ချိတ်ဆက်စရာမလိုဘဲ သက်ဆိုင်ရာဌာနက ချိတ်ဆက် လာတာဖြစ်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာစွာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခြားဌာနများကိုလည်း ဆက်လက်ညှိနှိုင်းဆောင် ရွက်နေပါတယ်။ နည်းပညာခေတ်ဖြစ်တဲ့ အတွက် နည်းပညာကိုသုံးပြီး ကျန်တဲ့ အခက်အခဲတွေကို ကျွန်တော်တို့က ကျော်လွှားနိုင်တယ်လို့ ယူဆဆောင်ရွက်နေတာ ဖြစ်ပါတယ်။


အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါ တယ်ခင်ဗျာ။ အခုကျွန်တော်တို့ စကားဝိုင်းကလည်း အချိန်တစ်ခုရောက်လာပြီ ဆိုတော့ ပထမပိုင်းအနေနဲ့ ခေတ္တခဏရပ်နားပါမယ်။ ကျွန်တော်တို့ အခုဆွေးနွေးသွားတာကတော့ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရလွယ်ကူမှု ဆိုတဲ့ Ease of Doing Business ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့ ဆွေးနွေးသွားတာ ဖြစ်ပါတယ်။


ဆက်လက်ပြီး ဒုတိယပိုင်းမှာလည်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရလွယ်ကူမှုအညွှန်းကိန်းဆိုတဲ့ Ease of Doing Bu-siness အဆင့်တိုးတက်အောင် ဆောင်ရွက်ခဲ့ရမှု အခြေအနေနဲ့ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ရတယ်။ ပြုပြင်ပြောင်းလဲမှု အကျိုးရလဒ်တွေကို ဘယ်လိုခံစားရတယ်။ ရှေ့အနာဂတ်အလားအလာ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကိုလည်း ဆက်လက်ပြီး တင်ပြပေးသွားမှာ ဖြစ်ပါတယ်။   ။