စီးပွားရေးနှင့် နိုင်ငံရေး၊ နိုင်ငံရေးနှင့် လူမှုရေး၊ လူမှုရေးနှင့် ငြိမ်းချမ်းရေး အားလုံးဆက်စပ်နေ မိမိအကျိုးစီးပွားကို အများအတွက် သုံးမည်ဆိုပါက မိမိအကျိုးစီးပွားသည်လည်း ထပ်တလဲလဲ တိုးတက်လာမည်

 

နေပြည်တော် ၈  မတ်

 

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် ဆက်စပ်နေကြောင်း၊ နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းမှသာ စီးပွားရေး ဖွံ့ဖြိုးတိုး တက်နိုင်မည်ဖြစ်ရာ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရှေ့မှ ဦးဆောင်ဦး ရွက်ပြုစေလိုပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

 

''၂ဝ၃ဝ အမီ ကမ္ဘာကြီးကိုပြောင်းလဲဖို့ အမျိုးသမီးများ၏ စီးပွားရေး စွမ်းဆောင်မှုကို မြှင့်တင်စို့'' ဦးတည်ချက်ဖြင့် ၂ဝ၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အခမ်းအနားသို့ ဒုတိယသမ္မတများ၏ ဇနီးများ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့၏ ဇနီးများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ၏ ဇနီး၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးမှ ဌာနေကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုနှစ်သည် အမျိုးသမီးများနှင့်ပတ်သက်၍ အမျိုးသမီးများ၏ စီးပွားရေးကဏ္ဍကို ဦးစားပေးသည့်နှစ်ဟု နားလည်ပါကြောင်း၊ မည်သည့်အတွက် စီးပွားရေးဦးစားပေးသည်ကို အားလုံးက ပထမဆင်ခြင်ရန်လိုပါကြောင်း၊ စီးပွားရေးကောင်းမှ ကျန်သည့် အရာများ ကောင်းသွားမည်ဟု အမြင်ရှိနေခြင်းလားဆိုသည်ကို စဉ်းစားမိပါကြောင်း၊ ယခုနှစ်သည် နိုင်ငံအတွက် ငြိမ်းချမ်းရေးကို အဓိကထား ရမည့်နှစ် ဖြစ်သည့်အတွက် အမျိုးသမီးများအနေဖြင့် စီးပွားရေးအကြောင်းပြောရာတွင် စီးပွားရေးကဏ္ဍမှ ငြိမ်းချမ်းရေးကို မည်သို့အားပေးနိုင်မည်၊ ငြိမ်းချမ်းရေး ဖြစ်မြောက်ရေးအတွက် မည်သို့ကူညီနိုင်မည် ဆိုသည်ကို စဉ်းစားကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့ပြင် ''စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ စီးပွားရေးကို ပထမဦးစားပေး ဝါသနာပါတာ အပြစ်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ကဏ္ဍမှာ ကိုယ်အောင်မြင်မှ မှန်ကန်တဲ့လမ်းကို ရောက်နိုင်မှာပါ။ သို့သော်လည်း ကျွန်မတို့နိုင်ငံအတွက် ကမ္ဘာကြီးအတွက် အရေးကြီးဆုံးက ငြိမ်းချမ်းရေးလို့ ကျွန်မထင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အမျိုးသမီးများဟာ မိမိတို့ရဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဓနအင်အား၊ လုပ်ငန်းရှင်အင်အားကို တစ်နိုင်ငံလုံးအတွက်သာမက တစ်ကမ္ဘာ လုံးအတွက် တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုအသုံးချ မလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။ အင်အားဟာ အမှန်တရားလား၊ အမှန်တရားဟာ အင်အားလားဆိုရာမှာ အမှန်တရားဟာ အင်အားဆိုတဲ့ ခေတ်ကြီးကို ဦးတည်ပါတယ်။ ယဉ်ကျေးတဲ့သူတိုင်းဟာ အမှန်တရားဟာ အင်အားလို့ သတ်မှတ်ပြီးတော့ သတ်မှတ်တဲ့အတိုင်း လုပ်ကိုင်ပြောဆိုကြပါတယ်။ လူရိုင်းများကတော့ အင်အားဟာ အမှန်တရားလို့ပြောကြပါတယ်။ အင်အားဟာ အမှန်တရားလို့ ထင်ရင်းထင်ရင်းနဲ့ အမှန်တရားဆိုတာ ဘာမှန်းတောင် မသိကြတော့ပါဘူး။ အင်အားကိုပဲ အားကိုးလာကြပါတယ်။ ကျွန်မတို့ရဲ့ စီးပွားရေးကဏ္ဍတွေမှာပါတဲ့ အမျိုးသမီးများဟာ မိမိတို့ရဲ့ ဓနအင်အား၊ စီးပွားရေးကျွမ်းကျင်မှု အင်အားကို အမှန်တရားဆိုတဲ့ ငြိမ်းချမ်းရေးအတွက် သုံးကြပါလို့ တိုက်တွန်းချင်ပါတယ်''ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

 

ထို့ပြင် ခေတ်အဆက်ဆက် လူ့အသိုင်းအဝိုင်းတွင် အင်အားကို လွန်စွာ အလေးထားကြပါကြောင်း၊ ယခုခေတ်တွင် အများသဘောကျခေတ်စားနေသည့် အသုံးအနှုန်းမှာ ပျော့ပျောင်းသည့်အင်အားဖြစ်ပါကြောင်း၊ ပျော့ပျောင်းသည့် အင်အားဆိုရာတွင် ဓနအင်အားလည်း ပါဝင်ပါကြောင်း၊ ငွေရေးကြေးရေးအရ၊ ရုပ်ပိုင်းဆိုင်ရာအရ သြဇာအာဏာ ရှိခြင်းကို ပျော့ပျောင်းသည့် အင်အားဟု အများကနားလည်ကြပါကြောင်း၊ မိမိအနေဖြင့် အမှန်တရားသည် အင်အားအဖြစ် ခိုင်မြဲအောင်လုပ်ပါက ကျန်သည့်ကိစ္စများသည်လည်း မှန်မှန်ကန်ကန် ဖြစ်သွားမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကဏ္ဍတွင် ၅ဝ-၅ဝ ရာခိုင်နှုန်းပါသကဲ့သို့ ငြိမ်းချမ်းရေးရရန်အတွက် လုပ်ဆောင်သည့်နေရာတွင် တစ်ဝက်တာဝန်ယူသင့်သည်ဟု ထင်မြင်ပါကြောင်း၊ ယခုအချိန်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်၌ အမျိုးသမီးများ ၃ဝ ရာခိုင်နှုန်း ပါဝင်ရေးဆိုပြီး လှုပ်ရှားနေပါကြောင်း၊ ၃ဝ ရာခိုင်နှုန်းသာမက ၅ဝ ရာခိုင်နှုန်း ပါဝင် စေလိုပါကြောင်း၊ ပါဝင်သည်ဆိုရာတွင် အစည်းအဝေးထဲ ဝင်ထိုင်မှ ပါဝင်ခြင်း မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးဆိုသည်မှာ အစည်းအဝေးထဲမှ စခြင်းမဟုတ်ပါကြောင်း၊ ပြည်သူလူထု၏ နှလုံးသားနှင့် ဦးနှောက်ထဲမှ စတင်ခြင်းဖြစ်ရာ အဆိုပါကဏ္ဍတွင် အမျိုးသမီးများအနေဖြင့် များစွာကူညီနိုင်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ''စဉ်းစားနိုင်တဲ့ ဦးနှောက်တွေကို ငြိမ်းချမ်းရေးအတွက် သုံးမယ်ဆိုရင် ကျွန်မတို့နိုင်ငံအတွက် ဘယ်လောက်အင်အား ဖြစ်မလဲဆိုတာ စဉ်းစားစေချင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်။ ဒီလိုစိန်ခေါ်မှုတွေဟာ အားလုံးနဲ့ဆိုင်ပါတယ်။ ကျွန်မတို့အစိုးရတစ်ခုတည်းနဲ့ဆိုင်တာ မဟုတ်ပါဘူး။ အင်အားစု တစ်စုတည်းနဲ့ဆိုင်တာလည်း မဟုတ်ဘူး။ တချို့တစ်ဝက်နဲ့ ဆိုင်တာလည်း မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားအားလုံးနဲ့ ဆိုင်ပါတယ်။ အမျိုးသမီး များဟာလည်း ဒီဖြစ်စဉ်ထဲမှာ တက်တက်ကြွကြွနဲ့ ပါဝင်ဖို့လိုပါတယ်။ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများဟာ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုပံ့ပိုးမလဲဆိုတာကို လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်'' ဟု ပြောကြားသည်။

 

''ကျွန်မတို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ငွေရေးကြေးရေးနဲ့၊ စေတနာနဲ့ လှိုက်လှိုက် လှဲလှဲ ကူညီပံ့ပိုးပေးတဲ့ လုပ်ငန်းရှင်အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပဲ ကူညီတာမဟုတ်ပါဘူး။ စီးပွားရေးကိုလည်း ကူညီရာရောက်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာရော၊ တခြားမဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေနဲ့ ဖွံ့ဖြိုးတဲ့နိုင်ငံ တွေမှာလည်း အတိုင်းအတာတစ်ခုအထိ ဒီလိုပဲရှိနေပါတယ်။ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်များဟာ တခြားလူတွေ မိမိတို့လောက် ဓနအင်အား မများတဲ့သူတွေကိုနှိမ်တယ်။ ကိုယ့်ရဲ့ စီးပွားရေးတိုးတက်ဖို့ကိုပဲ ကြည့်တယ်ဆိုပြီးတော့ မလိုလားတဲ့အစိတ်အပိုင်း တွေရှိပါတယ်။ အဲဒီတော့ ကျွန်မတို့ ဓနအင်အားဟာ ကျွန်မတို့နိုင်ငံအတွက် ဖြစ်တယ်။ ကျွန်မတို့ စီးပွားရေးလုပ်ငန်းရှင်များ၊ အမျိုးသမီးလုပ်ငန်းရှင်များ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များဟာ ကျွန်မတို့နိုင်ငံတစ်ခုလုံးအတွက် အကျိုးပြုနိုင်မယ်ဆိုတာကို ပြခြင်းအားဖြင့် စီးပွားရေးကဏ္ဍကို မြှင့်တင်ရာ ရောက်ပါတယ်''ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

 

ဆက်လက်၍ ပြည်သူပြည်သားအားလုံးသည် စီးပွားရေးအောင်မြင်မှုကို အလေးထားရမည်ဖြစ်ကြောင်း၊ စီးပွားရေးအောင်မြင်မှုမှ အကျိုးရလဒ်များကို အများအတွက် မည်သို့သုံးသည်ကို ပြဖို့လိုပါကြောင်း၊ အတ္တဟိတ၊ ပရဟိတ နှစ်ခုလုံး တွဲပြီးလုပ်မှ အောင်မြင်မှုရမည် ဖြစ်ကြောင်း၊ နှစ်ခုလုံး မှန်မှန်ကန်ကန် ချိန်ခွင်လျှာညီမျှအောင် ပံ့ပိုးပေးခြင်းသည် စစ်မှန်သည့်အင်အားဖြစ်ပါကြောင်း၊ စီးပွားရေးသည် မှန်ကန်သည့် စီးပွားရေးပုံစံဖြစ်ရန် အရေးကြီးပါကြောင်း၊ စီးပွားရေးအောင်မြင်မှုကိုသာ ဦးတည်ရမည်ဆိုသည်ကို လက်မခံပါကြောင်း၊ စီးပွားရေးနှင့် နိုင်ငံရေး၊ နိုင်ငံရေးနှင့် လူမှုရေး၊ လူမှုရေးနှင့် ငြိမ်းချမ်းရေး အားလုံးဆက်စပ်နေပါကြောင်း၊ မိမိအကျိုးစီးပွားကို အများအတွက်သုံးမည် ဆိုပါက မိမိအကျိုးစီးပွားသည်လည်း ထပ်တလဲလဲ တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ''ကျွန်မတို့အားလုံးဟာ တစ်ဦးကိုတစ်ဦး လက်တွဲပြီး ခေါ်သွားဖို့ အရေးကြီးပါတယ်။ အမျိုးသမီးများကို အမျိုးသားများကနေ မိမိတို့ရှိတဲ့စွမ်းအင်များနဲ့ ကာကွယ်စောင့်ရှောက် ကူညီသလို အမျိုးသမီးများကလည်း အမျိုးသားများကို မိမိတို့ရဲ့ စွမ်းအင်များနဲ့ ကာကွယ်စောင့်ရှောက်ကူညီပြီး လက်တွဲခေါ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့၊ အခြားပုဂ္ဂိုလ်ကိုလည်း အထင်မသေးပါနဲ့၊ အမျိုးသားများကလည်း အမျိုးသမီးများကို အထင်မသေးပါနဲ့။ ကိုယ့်ကိုယ်ကိုယ်လည်း အထင်မသေးပါနဲ့။ အထူးသဖြင့် လူငယ်အမျိုးသားများ ကြိုးစားပြီးတော့ ပညာရေး နယ်ပယ်မှာ အမျိုးသမီးတွေနောက်က မကျန်ခဲ့အောင် လုပ်စေချင်ပါတယ်။ ဒါမှ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ဟာ မျှမျှတတဖြစ်မှာပါ။ ဒီနှစ်အတွက် ဦးတည်ချက်ကတော့ စီးပွားရေးပါ။ ''၂ဝ၃ဝ အမီ ကမ္ဘာကြီးကို ပြောင်းလဲဖို့ အမျိုးသမီးများ၏ စီးပွားရေး စွမ်းဆောင်မှုကို မြှင့်တင်စို့'' ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ပြောင်းလဲဖို့ဆိုတာ စိတ်ဓာတ်ပါပဲ။ စီးပွားရေးနဲ့ ပြောင်းလဲလို့မရပါဘူး။ ငွေရေးကြေးရေးနဲ့ကတော့ အတိုင်းအတာတစ်ခုအထိပဲ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ တကယ့်ကမ္ဘာကြီးကို ငြိမ်းချမ်းရေးဘက်ကို၊ မေတ္တာဘက်ကို၊ ကရုဏာဘက်ကို၊ စေတနာဘက်ကို ပြောင်းလဲစေချင်တယ်ဆိုရင် ကျွန်မတို့စိတ်များကို စပြီးပြောင်းရမှာဖြစ်လို့ အမျိုးသမီးများအနေနဲ့ ရှေ့က ဦးဆောင်ပြီးတော့ ပြောင်းသင့်ပြောင်းထိုက်တဲ့အရာများ၊ စိတ်ဓာတ်များအပါအဝင် ပြောင်းလဲအောင် ကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံပါကြောင်း''ပြောကြားသည်။

 

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းရာတွင် မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁ ဒသမ ၄ သန်းခန့်ရှိပြီး အမျိုးသား ၄၉ ဒသမ ၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၁ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုသော အမျိုးသမီးများ သည် နိုင်ငံတော်၏ အရေးပါသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် အင်အားစုတစ်ရပ်အဖြစ် ပါဝင်ပါကြောင်း၊ ထို့ကြောင့် ကျား၊ မ တန်းတူညီမျှ ရေးနှင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးကို နိုင်ငံတော်၏ တာဝန်ဝတ္တရား တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

 

စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင်အတိုင်း ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအား စွမ်းပကားမြှင့်တင်ရေး ရည်မှန်းချက်များ ပြည့်မီအောင်ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်၊ အမျိုးသမီးများအတွက် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကဏ္ဍများတွင် အမျိုးသမီးအဖွဲ့အစည်းများ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ရေးဆွဲချမှတ်ခဲ့သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂ဝ၁၃-၂ဝ၂၂) အကောင်အထည်ဖော်ဆောင်ရွက်ရေးတွင် တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ထည့်သွင်းပြောကြားသည်။

 

ယင်းနောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို UNFPA မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် မစ္စဂျနက် ဂျက်ဆင်က ဖတ်ကြားသည်။

 

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်း တင်ရိုက်ကူးသည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများသည် ၂ဝ၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ပြခန်းတွင် ခင်းကျင်းပြသထားသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာ လှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများ၊ အမျိုးသမီး သက်မွေးပညာသင်တန်းကျောင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်းများမှ ထုတ်လုပ် သည့် ထွက်ကုန်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

(သတင်းစဉ်)

 

ssd