စီးပွားရေးမဆန်တဲ့ ပရိုဂျူဆာရှိရင် ရုပ်ရှင်ဇာတ်ကားကောင်းကောင်း ရိုက်ပြချင်တယ်ဆိုတဲ့ ဟာသသရုပ်ဆောင် ကိုဒိန်းဒေါင်

မန္တလေး ၁၀ ဒီဇင်ဘာ

ဟာသဇာတ်ရုပ်တွေနဲ့ရင်းနှီးနေတဲ့ ဟာသသရုပ်ဆောင်ကိုဒိန်းဒေါင်ဟာ ပွဲတွေလက်ခံဖျော်ဖြေနေသလို၊ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေရပါတယ်။ ဘာဇာတ်ကားတွေရိုက်နေတယ် ဘယ်လိုအနုပညာ လှုပ်ရှားတွေလုပ်နေတယ်ဆိုတာတွေကို Myanmar Digital News က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မေးမြန်းဖြစ်တဲ့အထဲက အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မေး။      ။ကိုဒိန်းဒေါင်ရဲ့ လက်တလောအနုပညာလှုပ်ရှားမှုအကြောင်း သိပါရစေ။

ဖြေ။      ။ဒီလကုန်မှာ ရာဇဝင်ကိုနဲ့မေမြို့မှာရိုက်မယ်။ ဒီကြားထဲမှာ ပွဲတွေရှိတယ်လေ။

မေး။      ။ဇာတ်ကားတွေလာပြီးငှားရင် ရွေးချယ်ပြီးမှလက်ခံဖြစ်တာလား ၊ ဘယ်လိုလက်ခံဖြစ်လဲ။

ဖြေ။      ။ကျွန်တော့်ဘဝမှာ ကျွန်တော့်ကိုဘာငှားငှား ဘယ်ကားငှားငှား မငြင်းဖူးဘူး။ ဘယ်နှစ်ခန်းပါပါ ၊ ဘယ်နေရာတော့လဲပေးပါ။ ဘယ်နေရာမှရိုက်မယ်လို့ခုချိန်ထိမပြောဖူးဘူး။ သင့်တော်လို့ငှားတဲ့ နေရာမှာပဲ အဆင်ပြေအောင် သရုပ်ဆောင်တယ်။

မေး။      ။ ဒရမ်မာပိုင်းတွေရိုက်ဖို့ စိတ်ဝင်စားလား။

ဖြေ။      ။ကျွန်တော်ရိုက်ထားတဲ့ အမျိုးတစ်ခြမ်းယုတ် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားက ဒရမ်မာလုပ်ထားတာ။ ကြိုတင်ပြင်ဆင်မှုတော့အများကြီးလုပ်ခဲ့ရတယ်။ ဒီကားရိုက်ဖို့အတွက်လေ။ မျက်ရည်အတုမသုံးဘူး။ Mood သွင်းပြီးရိုက်တယ်။

မေး။      ။ မြန်မာနိုင်ငံမှာ ဇာတ်ပို့ဇာတ်ရံတွေ အနေအထားလုပ်ကွက်တွေအရမ်းနည်းတယ်။ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ။      ။ ဂျပန်နိုင်ငံမှာဈေးအကြီးဆုံးကလူရွှင်တော်တွေပဲ။ မြန်မာနိုင်ငံမှာ အနှိမ်ခံရဆုံးက ဇာတ်ပို့ ဇာတ်ရံနဲ့ ဇာတ်အဖွဲ့ပေါ့။ တခါတလေကျစဉ်းစားတယ်။ စီးပွားရေးဆန်ဆန်အနုပညာပုံဖော်မှုကြီးက တော့ ကမ္ဘာကို ရင်ဘောင်တန်းဖို့ဆိုတာ မြတ်စွာဘုရားပွင့်မှ ပဲစဉ်းစားရမလို တောင်ဖြစ်နေပြီ။ ကျွန်တော့်ကို စီးပွားရေးမဆန်နဲ့ ရုပ်ရှင်ကားတစ်ကားကောင်းကောင်း ရိုက်ပြမယ်။ ဗုဒ္ဓဘာသာလူမျိုး တိုင်းနဲ့ဆိုင်တဲ့ဇာတ်ကားမျိုး ကျွန်တော့်မှာရှိတယ်။ စီးပွားရေးမဆန်တဲ့ ပရိုဂျူဆာများရှိရင် ရိုက်ပြချင်တယ်။ ဒါပေမယ့် အဲဒါကိုသွားပြောရင် ဟာသမဟုတ်တော့ဘယ်သူမှလက်မခံဘူး။ပရိုဂျူဆာ တစ်ယောက်က ဘာသာရေးအတွက်ဆို ထုတ်ပစ်မယ်ဆိုတဲ့သူပေါ်လာရင်တော့ရိုက်ဖြစ်မယ်။

မေး။      ။မြန်မာ့ဗီဒီယိုဈေးကွက်ပျက်စီးတာဟာ ဇာတ်ပို့ ၊ ဇာတ်ရံတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှု ရှိမလဲ။

ဖြေ။      ။ဇာတ်ပို့ ၊ ဇာတ်ရံတွေဒုက္ခရောက်တဲ့ဟာကြီးပေါ့။ကိုလူချောအဖွဲ့ ၊ ဇာတ်ပို့ ၊ ဇာတ်ရံတွေ စက်အဖွဲ့ ၊ ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့အတွက် ဒီဒါရိုက်တာက ၊ ဒီဇာတ်အဖွဲ့နဲ့ ဆိုတော့ ကျန်တဲ့သူတွေက ငုတ်တုတ်မေ့ကုန်တာ။ တခြားအလုပ်လုပ်စားနေရတာပေါ့။ ဗီဒီယိုကားဈေးကွက် ပျက်သွားတော့ ပိုတောင်ဆိုးသွားတယ်။ ကျွန်တော်တို့အတွက်လည်းမကောင်းဘူး ။ ရုပ်ရှင်ကား သွားကြည့်ဖို့ ရုံလက်မှတ်ဖိုးနဲ့ ၊ စားစရိတ် ၊ခရီးစားရိတ်ရှိမှာ သွားကြည့်နိုင်တာ။ ဗွီဒီယိုကကိုယ့် အိမ်ကိုယ်ထိုင်ကြည့်လို့ရတယ်။ ဗွီဒီယိုက လူသိမြန်တယ်။ ဗွီဒီယိုမရှိတော့ မင်းသားအသစ် ၊ မင်းသမီးအသစ်တက်လာဖို့မလွယ်ဘူး။

မေး။      ။ အလုပ်တွေအရမ်းများတဲ့အတွက် မိသားစုကိ်ုဘယ်လိုအချိန်ပေးလဲ။

ဖြေ။      ။ မိသားစုအပေါ်မှာ အောင်မြင်လာတဲ့အချိန်ကစပြီး ခုချိန်ထိ ဟိုလိုက်ပို့ ၊ ဒီလိုက်ပို့ ဆိုတာမရှိဘူး။ ကားရိုက်မရှိရင် တခြားအလုပ်တစ်ခုရှိနေတက်တာ။ ကျွန်တော့်ရဲ့ဇာတာကိုက အိမ်ကပ်တဲ့ဇာတာမဟုတ်ဘူး။ ၁၂ လပိုင်းလကုန်ထိ ပွဲကတာရော ၊ ကားရိုက်တာရော ဆက်တိုက်ပဲဆိုတော့ပင်ပန်းတာတွေရှိတယ်။

ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

မို့မို့