စီးပွားရေးဈေးကွက် ပြောင်းလဲဆောင်ရွက်

၂၁ သြဂုတ်

မြန်မာနိုင်ငံသည် လယ်ယာကဏ္ဍကို အခြေခံသည့် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ လယ်ယာ ထွက်ကုန်သီးနှံများတွင် ဆန်စပါးနှင့်ပဲမျိုးစုံသည် အဓိကထွက်ကုန်များဖြစ်သည်။ ဆန်စပါးကို ပြည်တွင်း စားသုံးရန်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချပြီး ပဲမျိုးစုံတွင် အထူးသဖြင့် မတ်ပဲနှင့် ပဲစင်းငုံကို ပြည်ပသို့တင်ပို့ရန် အဓိက အားထားစိုက်ပျိုးသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများသည် ဆန်စပါးပြီးလျှင် ပဲမျိုးစုံကို အဓိကအားထား စိုက်ပျိုးရာ ပြည်တွင်းစားသုံးကုန်အဖြစ် ဆီထွက်သီးနှံမြေပဲနှင့် နှမ်းကိုစိုက်ပျိုးကြသည်။ မတ်ပဲနှင့်ပဲစင်းငုံကို ပြည်ပသို့ တင်ပို့ပြီး နိုင်ငံခြားငွေ အများဆုံးရရှိသော သီးနှံများဖြစ်သည်။ အဆိုပါသီးနှံများကို ပဲအများဆုံး စားသုံးသော အိန္ဒိယနိုင်ငံမှ ဝယ်ယူခဲ့သော်လည်း ယမန်နှစ်မှစတင်၍ ၎င်းနိုင်ငံက ပဲတင်သွင်းမှုမူဝါဒကို ပြောင်းလဲ လိုက်သောကြောင့် ပြည်ပပို့ကုန် လျော့နည်းသွားသလို ယင်းပဲသီးနှံဈေးနှုန်းလည်း ကျဆင်းသွားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ပဲအများဆုံးစားသုံးသည့် နိုင်ငံဖြစ်သည်နှင့်အညီ ပဲမျိုးစုံကို စိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးမှု လိုအပ်ချက် မပြည့်မီသဖြင့် ပြည်ပမှနှစ်စဉ် မှာယူတင်သွင်းရသည်။ အဓိကတင်သွင်းသည့် နိုင်ငံမှာ အိမ်နီးချင်းမြန်မာနိုင်ငံမှဖြစ်ပြီး အိန္ဒိယနိုင်ငံမှ စားသုံးသူပြည်သူများနှင့်မြန်မာနိုင်ငံမှ စိုက်ပျိုးသူ တောင်သူများအတွက် အဆင်ပြေခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းနိုင်ငံ၏ အကျိုးစီးပွားကို ရှေးရှု၍ ပဲတင်သွင်းမှု မူဝါဒကိုပြောင်းလဲလိုက်ပြီး ၎င်းနိုင်ငံတွင် ပိုမိုတိုးချဲ့စိုက်ပျိုးသဖြင့် မြန်မာနိုင်ငံ၏ ပြည်ပပဲပို့ကုန် လျော့နည်း ကျဆင်းသွားခြင်း ဖြစ်သည်။

ထိုသို့ ပြည်ပပို့ကုန် ပဲသီးနှံ လျော့နည်းကျဆင်းသွားခြင်းသည် မြန်မာနိုင်ငံအတွက် သင်ခန်းစာ ယူစရာဖြစ်သည်။ မည်သည့်နိုင်ငံမဆိုမိမိတို့နိုင်ငံ၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမည်သာ ဖြစ်သည်။ ယင်းအချက်ကို သတိမူလျက် မြန်မာနိုင်ငံအနေဖြင့်လည်း မိမိတို့ အကျိုးစီးပွားအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ကြရမည် ဖြစ်သည်။ အနာဂတ်ပဲစိုက်ပျိုးထုတ်လုပ်မှုကို ပြင်ဆင်ပြောင်းလဲ စိုက်ပျိုးနိုင်ရန်မတ်ပဲနှင့် ပဲစင်းငုံအစား တောင်သူများ အကျိုးအမြတ် ဖြစ်ထွန်းစေမည့် အစားထိုးသီးနှံ ပြောင်းလဲ စိုက်ပျိုးနိုင်ရေးကို နည်းလမ်းရှာဖွေ ဆောင်ရွက်ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၃၂/၂၀၁၃)ဖြင့် ပြဋ္ဌာန်းထားပြီး တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းထားသည်။ ထို့အပြင် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့အောင်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

ယခု အိန္ဒိယ ပဲဂယက်ကြောင့် တောင်သူလယ်သမားများ ထိခိုက်နစ်နာမှုရှိခဲ့သဖြင့် သီးနှံပြောင်းလဲစိုက်ပျိုးရန် တောင်သူများအား အသိပညာပေးခဲ့သည်။ ယခုနှစ် မိုးပဲစိုက်ပျိုးရာသီတွင် ပဲစင်းငုံစိုက်ဧက ငါးသိန်းကျော် လျော့နည်းခဲ့ပြီး အစေ့ထုတ်ပြောင်း၊ ချက်ကြံနှင့် ချည်မျှင်ရှည်ဝါစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့သည်။ ဆက်လက်၍ မတ်ပဲရာသီတွင် မတ်ပဲအစား ဒေသနှင့်ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်းနိုင်မည့် အခြားသီးနှံများ ကို ပြောင်းလဲစိုက်ပျိုးနိုင်ရေး အဖြေရှာကြရမည်ဖြစ်သည်။ နိုင်ငံတော်မှလည်း စိုက်ပျိုးမှု၊ ကုန်သွယ်မှုတို့ကို ဝိုင်းဝန်း အဖြေရှာ ဆောင်ရွက်ပေးလျက်ရှိပြီး တောင်သူများ အနေဖြင့်လည်း ရှေ့အလားအလာများ၊ ဈေးကွက် အနေအထားများကို မျက်ခြည်မပြတ် သိရှိထားကြရန် လိုအပ်သည်။

သို့ဖြစ်ရာ တောင်သူလယ်သမားများ၏ အကျိုးစီးပွား၊ နိုင်ငံ့အကျိုးစီးပွားကို ရှေးရှု၍ ဖြစ်ပေါ်နေသော အခြေ အနေများကို မှန်မှန်ကန်ကန် လေ့လာသုံးသပ် အဖြေရှာလျက် ဈေးကွက်စီးပွားရေးကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ ။

(ကြေးမုံ)