စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ကြဉ်း

နေပြည်တော် ၁၂ စက်တင်ဘာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ အလုပ်သဘော ခရီးသွားရောက်ကာ ဟနွိုင်းမြို့၌ ကျင်းပမည့် အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် (27th World Economic Forum on ASEAN)  သို့ တက်ရောက်ဆွေးနွေး မည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဗီယက်နမ်နိုင်ငံခရီးစဉ်အတွင်း နိုင်ငံတကာမှ ထိပ်သီးခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သီးခြားတွေ့ဆုံကာ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေး ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အထူးလိုအပ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလ စတင်သည့်အချိန်မှစ၍ ကဏ္ဍစုံ အပြောင်းအလဲများ ပြုလုပ်လာခဲ့ပြီးသည့် နောက်ပိုင်း၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ မျှော်မှန်းသလောက် မရောက်ရှိသေးချေ။

မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် အခြေအနေကောင်းများစွာရှိပြီး အကျိုးအမြတ်ရှိမည့် အလားအလာကောင်းများလည်းရှိသည်။ ရင်းနှီးမြှုပ်နှံမှုတွင် အဓိကလိုအပ်ချက်ဖြစ်သည့် နိုင်ငံတည်ငြိမ်အေးချမ်းရေး နှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးကို စနစ်တကျကြိုးပမ်း တည်ဆောက်နေပြီး ရင်းနှီးမြှုပ်နှံသူများ လုပ်သာကိုင်သာရှိမည့် ဥပဒေ နှင့် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးထားသည်။ အာဆီယံဒေသဆိုင်ရာ ၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည်။ အလားတူ ၂၀၁၆ ခုနှစ် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည်။ အာဆီယံအဖွဲ့သည် ကမ္ဘာ့စီးပွားရေးတွင် သတ္တမမြောက် အုပ်စုကြီးဖြစ်၍ ယခုကျင်းပသည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင် ကမ္ဘာနှင့် တစ်ဝန်း စီးပွားရေး စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများကို ဆွေးနွေးဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။

ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum - WEF) ကို ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးနိုင်ရန် ၁၉၇၁ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ ကမ္ဘာတစ်ဝန်း၌ စီးပွားရေးမတည်ငြိမ်မှု၊ ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်နှင့် ဆက်နွှယ်မှု၊ ကမ္ဘာနှင့်တစ်ဝန်း ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများက ဒေသတွင်းအဆင့်နှင့် နိုင်ငံတကာအဆင့် လူမှုအသိုက်အဝန်းများသို့ ရိုက်ခတ်မှုများကို ဆွေးနွေးညှိနှိုင်း၍ အဖြေရှာရန် နိုင်ငံတကာအဆင့် အစည်းအဝေးများနှင့် ဒေသတွင်းအဆင့် အစည်းအဝေးများကို ပြုလုပ်ခဲ့သည်။

အာဆီယံဒေသဆိုင်ရာ(၂၇)ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက် အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပမည်ဖြစ်ပြီး Entrepreneurship and the Fourth Industrial Evolution  ခေါင်းစဉ်အောက်တွင် ဆွေးနွေးကြမည်ဖြစ်သည်။ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့မှ နိုင်ငံတော်အကြီးအကဲများ၊ သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်၊ ထိုင်း၊ ကိုရီးယားနှင့် အခြားသောနိုင်ငံများမှ အစိုးရအဖွဲ့ဝန်ကြီးများ

တက်ရောက် ဆွေးနွေးကြမည်ဖြစ်သည်။ ယင်းဖိုရမ်သို့ နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် စုစုပေါင်း ၈၀ဝ ကျော် တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

မျက်မှောက်ကာလတွင် ကမ္ဘာနှင့်တစ်ဝန်း စီးပွားရေးနှင့်ငွေရေးကြေးရေး စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် ယခုကျင်းပနေသည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်မှ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေး အခက်အခဲများကို ဆွေးနွေးအဖြေရှာနိုင်လိမ့်မည်ဟု ယုံကြည်ပြီး မြန်မာနိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက် ဖြစ်ထွန်းလာရေးတို့ကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ကြေးမုံ