ဆယ်ကျော်သက်လူငယ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

နေပြည်တော် ၁၀ ဧပြီ

 

အသက်(၁၀)နှစ်မှ (၁၉) နှစ်အတွင်း ဆယ်ကျော်သက်များနှင့် အသက်(၁၅)နှစ်မှ (၂၄) နှစ်အတွင်း လူငယ်များကို ပေါင်းစည်း၍ အသက်(၁၀)နှစ်မှ (၂၄)နှစ် အတွင်းရှိသူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းကို ဆယ်ကျော်သက်လူငယ် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းဟု ခေါ်ပါသည်။

 

ဆယ်ကျော်သက် လူငယ်များသည် ကလေးဘဝမှ လူကြီးဘဝသို့ ကူးပြောင်းသည့် အချိန်ကာလဖြစ်ပြီး ထိုကာလအတွင်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝဆိုင်ရာ ပြောင်းလဲသည့် အချိန်ကာလတစ်ခု ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လူငယ်များအကြား၌ အဖြစ်များသော ကျန်းမာရေးပြဿနာများမှာ

 

• မတော်တဆထိခိုက် ဒဏ်ရာရမှုများ

• သံဓာတ်နှင့် ဖောလစ်အက်စစ်ချို့တဲ့သည့် အာဟာရဆိုင်ရာ ပြသနာများ

• မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပြသနာများ (အသက်မပြည့်မီ လိင်ဆက်ဆံခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ စောစီးစွာ အိမ်ထောင်ကျခြင်း)

• မူးယစ်ဆေးဝါး

• စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ

• ကူးစက်တတ်သော ရောဂါများ (အိက်ခ်ျအိုင်ဗွီ အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါ စသည်ဖြင့်)

• ကျန်းမာရေးနှင့် မညီညွတ်သော လူနေမှုဘဝဆိုင်ရာ ပြသနာများ (ဥပမာ- အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း)စသည့် ကျန်းမာရေးပြသနာများ လူကုန်ကူးမှုခံရခြင်း၊ အကြမ်းဖက်ခံရခြင်းတို့ဖြစ်ပါသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေနှင့် ဆယ်ကျော်သက် လူငယ်တို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်

                  ကျန်းမာရေးဝန်ထမ်းများ၊ မိဘများ အပါအဝင် ပြည်သူလူထု၊ ဆရာများ၊ အခြားနှီးနွယ်သော ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအပြင် ဆယ်ကျော်သက် လူငယ်များ ကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။

 

လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်း

လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်းသည် အသက်(၉)နှစ်မှ (၁၆)နှစ်အတွင်း လူတိုင်းဖြတ်သန်းရမည့် ကာလအပိုင်းအခြား တစ်ခုဖြစ်သည်။ ထိုကာလသည် ကလေးဘဝမှ၊ လူကြီးဘဝသို့ ဖွံဖြိုးပြောင်းလဲသော ကာလဖြစ်သည့်အတွက် ဖွံဖြိုးပြောင်းလဲနှုန်းသည် တစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ။

 

လူပျိုဖော်၊ အပျိုဖော် ဝင်ချိန်အတွင်းတွင် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများပါ လျင်မြန်စွာ ဖြစ်ပေါ်နိုင်ပါသည်။

 

ယောက်ျားလေးတွင် အဖြစ်များသော ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ

         လူပျိုဖော်ဝင်ချိန်တွင် ခန္ဓာကိုယ်အတွင်းအပြင်၌ အပြောင်းအလဲ များစွာ ဖြစ်ပေါ်လာပါသည်။

           လူပျိုဖော် ဝင်တော့မည် ဆိုပါက ဝက်ခြံနှင့် ခန္ဓာကိုယ် အမွှေးအမှင်များ ထွက်လာခြင်း၊ စိတ်အပြောင်းအလဲ အတတ်အကျများခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။ ထိုကာလသည် လူတိုင်း ဖြတ်ကျော်ရမည်ဖြစ်ပြီး အခက်အခဲများလည်း ရှိနိုင်ပါသည်။

 

ယောက်ျားလေးများတွင် ဖြစ်သောပြောင်းလဲမှုများ

• အရေပြားပေါ်တွင် အဆီဓာတ် ပိုမိုများပြားလာခြင်း

• ချွေးဂလင်းများ အလုပ်ပိုမိုလုပ်ခြင်း

• အရပ်ရှည်လာခြင်း

• ဝက်ခြံအနည်းငယ် ထွက်လာခြင်း

• ခန္ဓာကိုယ်အနံ့ ပြောင်းလဲခြင်း

• အမွေးအမှင်များ ပေါ်ပေါက်လာခြင်း

 

မိန်းကလေးများတွင် ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

အပျိုဖော် ဝင်တော့မည် ဆိုပါက ဝက်ခြံထွက်လာခြင်း၊ ရင်သားဖွံ့ဖြိုးလာခြင်း၊ ခန္ဓာကိုယ် အမွေးအမှင်များ ထွက်ပေါ်လာခြင်း၊ စိတ်အပြောင်းအလဲ အတက်အကျ များလာခြင်းတို့ ဖြစ်နိုင်ပါသည်။ ထိုကာလသည် လူတိုင်း ဖြတ်ကျော်ရမည်ဖြစ်ပြီး အခက်အခဲများလည်း ရှိနိုင်ပါသည်။

 

မိန်းကလေးများတွင် ဖြစ်သောပြောင်းလဲမှုများ

• ချွေဂလင်းများ အလုပ်ပိုမိုလုပ်ခြင်း

• အရပ်ရှည်လာခြင်း

• ဝက်ခြံအနည်းငယ် ထွက်လာခြင်း

• ခန္ဓာကိုယ်အနံ့ပြောင်းလဲလာခြင်း

• အမွေးအမှင်များ ပေါက်လာခြင်း

 

ဝက်ခြံထွက်ခြင်း

အကြောင်းအမျိုးမျိုးကြောင့် ဝက်ခြံများသည် မျက်နှာ၊ ကျောကုန်း၊ နေရာအနှံ့တွင် ထွက်နိုင်ပါသည်။ အထူးသဖြင့် လူပျို၊ အပျိုဖော်ဝင်ချိန်တွင် အရေပြားသည် အဆီပို ထွက်ပါသည်။ ထိုအဆီသည် ဘက်တီးရီးယား၊ ဖုန်မှုန့်များနှင့် ရောကာ ချွေးပေါက်ကလေးများ ပိတ်ပြီး ဝက်ခြံထွက်လာခြင်း ဖြစ်သည်။ အချို့တွင် ဝက်ခြံထွက်ခြင်းမှာ မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။

 

လိုက်နာသင့်သော အချက်များ

             ဘဝတစ်သက်တာပတ်လုံး ခန္ဓာကိုယ်အား မှန်မှန်ကန်ကန် ပြုစုပျိုးထောင်သွားရန် အရေးကြီးပါသည်။ ၎င်းအချိန်သည် ဖွံ့ဖြိုးသော အချိန်ဖြစ်သဖြင့် စိတ်ကသိကအောက် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် အပျိုဖော်ဝင်ကာစ မိန်းကလေးများကို ကူညီစောင့်ရှောက်သင့်ပါသည်။ (ဥပမာ-ရေချိုးလျှင် ရင်လျားဖို့ သင်ပြခြင်း၊ ရှင်မီးဝတ်ခိုင်းခြင်း)

 

ရာသီပေါ်ခြင်းနှင့် ပတ်သက်၍(တစ်ကိုယ်ရေ သန့်ရှင်းခြင်း၊ ရာသီပေါ်ခြင်း၏ လစဉ်စက်ဝန်းတို့ကို)မိခင်မှ သေချာစွာ ရှင်းပြသင့်ပါသည်။ ရာသီပေါ်စမှာ မှန်မှန်မပေါ်ဘဲ နှစ်လသုံးလတစ်ခါမှ ဖြစ်တတ်ပါသည်။ တခါတလေ အချိန်ကြာမြင့်စွာ ရာသီသွေး ပေါ်နေတတ်ပါသည်။ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

 

ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ပုံ အလေ့အထများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာနိုင်ရန် ကြိုးစားပါ။ ရေများများသောက်သုံးခြင်း၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ စားရန်နှင့် အချိုရည်၊ သကြားလုံးကဲ့သို့ သကြားဓာတ်ပါသော သရေစာများကို ရှောင်ခြင်းတို့ ဖြစ်ပါသည်။

 

အပျိုဖော်၊ လူပျိူဖော်ဝင်ချိန် စိတ်ခံစားမှုဆိုင်ရာ ပြောင်းလဲမှုများ

• ကျား၊ မကွဲပြားခြင်းကို စတင် သတိထားမိလာပြီး ဆန့်ကျင်ဘက်လိမ်ကို စတင် စိတ်ဝင်စား မိလာသည်။

• တစ်ကိုယ်တော် ကာမစိတ်ဖြေမှုကို စတင် ပြုလုပ်လာနိုင်သည်။

• စူးစမ်းလိုစိတ်၊ စွန့်စားလိုစိတ်များ ဖြစ်ပေါ်လာတတ်သည်။ စိတ်စေစားရာ နောက်လိုက် ပြီးလုပ်တတ်သည်။ စိတ်အတက်အကျ အပြောင်းအလဲ မြန်တတ်သည်။

• ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် အလှအပကို တခြားရွယ်တူများနှင့် နှိုင်းယှဉ်ကာ အလွန် စိတ်ဝင်စားလာသည်။

• မိသားစုနှင့် နေလိုစိတ် လျော့ပါးလာပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပို၍ လိုလားလာကြသည်။ မိသားစုနှင့်စာလျှင် သူငယ်ချင်းများကို ပိုမို ခင်တွယ်လာတတ်သည်။

• သူငယ်ချင်းများ လုပ်သည့်အတိုင်း လိုက်လုပ်တတ်လာသည်။

• မိမိခြေထောက်ပေါ် မိမိ ရပ်တည်ချင်လာသည်။ မိမိလုပ်သော လုပ်ရပ်များအပေါ် အမှန်၊ အမှား ခွဲခြားတတ်လာသည်။

• ဘဝအတွက် ကိုယ်ပိုင်ရည်မှန်းချက်၊ ရည်ရွယ်ချက်များ စတင် ချမှတ်လာတတ်သည်။

• ကိုယ့်ကိုကိုယ် လူကြီးဖြစ်ပြီ အထင်နှင့် ကိုယ်ပိုင် ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်လိုစိတ်များ ရှိလာသည်။

• စည်းမျဉ်းစည်းကမ်းများကို အရွဲ့တိုက်ပြီး ဆန့်ကျင်ဖက် လုပ်ကြည့်တတ်လာသည်။

 

ရာသီသွေးပေါ်ခြင်း

တစ်ကိုယ်ရေ သန့်ရှင်းရေး

• ရာသီပေါ်နေစဉ် ခေါင်းလျှော်နိုင်ပါသည်။

• တစ်ကိုယ်ရေ သန့်ရှင်းလျှင် ရောဂါမဝင်ပါ။ ယားယံခြင်း၊ အနံ့ထွက်ခြင်းလည်း မရှိပါ။

• မိန်းမကိုယ် ပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းအောင် ထားပါ။ အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေနှင့်သန့်ရှင်းပါ။

• အိမ်သာမှ ထွက်သည့် အခါတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။

• မိန်းကလေးများရဲ့ အဝတ်အစားနှင့် အတွင်းခံများ သန့်ရှင်းမှုကို ဂရုစိုက်ပါ။

 

အကိုက်အခဲ သက်သာပျောက်ကင်းစေရန်

• ရာသီသွေးပေါ်ချိန် အအေးမမိပါစေနှင့်။

• ချက်အောက်ပိုင်းမှာ ရေနွေးပုလင်း ကပ်လို့ရပါသည်။

• သိပ်မာလျှင် အကိုက်အခဲ ပျောက်ဆေးပေးနိုင်ပါသည်။

 

အစာအာဟာရ

• ရာသီပေါ်ချိန်တွင် အားပြည့်ကျန်းမာစေမည့် အစားအစာများကို စားရန် အရေးကြီးပါသည်။ အမျှင်ဓာတ်ပါသော ဟင်းသီးဟင်းရွက်များကို စားပါ။

• ရေများများ သောက်ပါ။

• မနက်စာ မစားဘဲမနေပါနှင့်။

 

မိန်းကလေးများ သွေးပေါ်ချိန်မှာ သွေးအားနည်းသွားတတ်ပါသည်။ ကန်စွန်းရွက်၊ ကင်းပုံရွက်၊ ဟင်းနုနယ်ရွက်များကဲ့သို့ သံဓါတ်ကြွယ်ဝသည့် အစိမ်းရင့်ရောင် အရွက်များ၊ ပဲကတ္တီပါနှင့် သွေးအားကောင်းစေသော အသည်း၊ အသား၊ သွေးခဲများကို စားပါ။

 

သက်တောင့်သက်သာ နေထိုင်ခြင်း

                အိပ်ရာ စောစောဝင်ခိုင်းပြီး ကောင်းကောင်း အနားယူပါစေ။ ချောင်ချောင်ချိချိ အဝတ်အစားများ ဝတ်ပါ။ ခါးကို တင်းကြပ်စွာ မစည်းမိစေရန် သတိပြုပါ။ ရာသီပေါ်စဉ်အတွင်း ကျောင်း၊ အလုပ် ပုံမှန်သွားနိုင်ပြီး လွတ်လပ်စွာ လှုပ်ရှား သွားလာနိုင်ပါသည်။

 

မိခင်များမှ ဆောင်ရွက်ရန်

• မိမိ၏ သမီးမိန်းကလေးကို ဘေးအန္တရာယ် ကင်းအောင် ပြုမူနေထိုင်တတ်စေရန် သင်ပါ။

• ညအမှောင်နှင့် လူပြတ်သော နေရာများတွင် တစ်ဦးတည်း အပြင်မထွက်ပါစေနှင့်။

• ဆေးကုသသော ဆရာဝန်နှင့် မိခင်မှလွဲ၍ မိန်းကလေး၏ ရင်သားနှင့် မိန်းမကိုယ်ကို ပြသခြင်း၊ ကိုင်တွယ်ခြင်း မပြုစေရပါ။

• မိန်းကလေးတွင် စိုးရိမ်စရာ ကိစ္စတစ်ခုခု ကြုံတွေ့ရလျှင် မိခင်ကို ချက်ချင်း အသိပေးရန် ပြောပြထားပါ။

• အုပ်ထိန်းသူ မိဘအနေဖြင့် မိမိ၏ သမီးမိန်းကလေးများ မိမိကိုယ်ကို တန်ဖိုးထား လေးစားတတ်ရန် သင်ကြားပေးပါ။

 

မိန်းကလေးသုံး အမျိုးသမီး လစဉ်သုံး အခုအခံပစ္စည်း ရွေးချယ်ခြင်း

• ရာသီသွေးဆင်းချိန်မှာ အခုအခံပစ္စည်း အမျိုးမျိုး သုံးနိုင်ပါသည်။

• မလုံမှာစိုးရင် အတောင်ပါတဲ့ အခုအခံ ပစ္စည်းမျိုးကို သုံးပါ။ နူးညံ့တဲ့ အမျိုးစားကို နှစ်ခြိုက်လျှင်ချည်နှင့် လုပ်သော အခုအခံပစ္စည်းမျိုးကို သုံးနိုင်ပါတယ်။ သွက်သွက်လက်လက် လှုပ်ရှားသွားလာနေချင်လျှင် အခုအခံ ပစ္စည်းပါးပါးကို  ရွေးချယ်အသုံးပြုနိုင်သည်။

• မိခင်/အုပ်ထိန်းသူ အနေဖြင့်လည်း မိမိသမီး၏ လိုအပ်ချက်များကို သေသေချာချာ နားထောင်ဆွေးနွေး တိုင်ပင်ပြီး လိုအပ်သလို ကူညီပံံ့ပိုးပေးပါ။

ဆယ်ကျော်သက် လူငယ်များကို ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများ အနေဖြင့်

• ပြသနာတစ်ခုခုနှင့် ကြုံတွေ့နေပါက ချက်ချင်း အရေးတယူ ဦးစားပေးဆောင်ရွက်ပါ။

• သူတို့အတွက် စိတ်ပူမိကြောင်းနှင့် လမ်းမှန်ပေါ် ပြန်ရောက်ရေးအတွက် ကူညီပေးရန် အသင့်ရှိကြောင်း ဆယ်ကျော်သက် လူငယ်များ နားလည်ခံစားနိုင်အောင် ပြောပေးပါ။

• လိုအပ်လျှင် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ကုသမှုကို ခံယူရန် တိုက်တွန်းပါ။

 

ဆယ်ကျော်သက် လူငယ်ထုတစ်ရပ်လုံး ကျန်းမာဖွံ့ဖြိုးစေရန်အတွက် မိဘဆရာ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်ထောင်စုတစ်ရပ်လုံးနှင့် ဆယ်ကျော်သက်လူငယ်ထု တစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။

 

ဆယ်ကျော်သက်လူငယ်များကို ဖျက်ဆီးနိုင်တဲ့ အပြုအမူတွေရှိ/မရှိ ရှာဖွေကြည့်

• သောက်စားမူးယစ်ပြီး အိမ်ပြန်လာသလား။

• အိမ်ပြန်ချိန်မှန်ရဲ့လား။

• အစားသောက်အချိန် မှန်ရဲ့လား။

• လောင်းကစား လုပ်နေသလား။

• ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သလား။

• ကွန်ပျူတာ / ဖုန်းတစ်လုံးနဲ့မနားတမ်း အလုပ်ရှုပ်နေသလား။

• ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု ရှိရဲ့လား (ဥပမာ-ဆိုင်ကယ်စီးလျှင် ဦးထုပ်မဆောင်းခြင်း၊ ဖုန်းပြောခြင်း၊ နှစ်ယောက်ထက် ပိုစီးခြင်း၊ ကားစီးလျှင် ခါးပတ်မပတ်ခြင်း။)

• လိင်မှုဆိုင်ရာ ကိစ္စများအပေါ် မှန်ကန်သော ခံယူချက်ရှိရဲ့လား။

• အပေါင်းအသင်း၊ သူငယ်ချင်းများတွင် အန္တရာယ်ရှိသော အကျင့်စရိုက်၊ အပြုအမူနှင့် ပြောဆိုဆက်ဆံမှုများ ရှိနေသလား။

 

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့်  ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

 

 MDN