ဆယ်အိမ်တန်း(သို့) အလယ်ရွာကမ်းခြေမှ တကယ်လာအပန်းဖြေဖို့ ဖိတ်ခေါ်ပါသည်

၂၃ ဇန်နဝါရီ

 

ဤဒေသသည် ချောင်းသာ၊ ငွေဆောင်၊ ငပလီ စသော ဒေသများကဲ့သို့ တောင်ပု၊ တောင်ချွန်း၊ တောင်ဝန်း၊ တောင်ဝိုင်း၊ တောင်တံတိုင်းတွေ မရှိသော်ငြားလည်း ပင်ကြီးပင်ငယ်၊ ပင်ရွယ်ပင်လတ်၊ ပင်ပြတ်ပင်စောက်၊ ပင်ကောက်ပင်ငုံ အပင်စုံတို့ဖြင့် မြစ်ဝကျွန်းပေါ်ပီသစွာ စိမ်းစိမ်းစိုစိုလေး လှပနေသည်။ ရွက်ကော့၊ ရွက်ဝန်း၊ ရွက်ချွန်း၊ ရွက်သေး၊ ရွက်ထွေး၊ ရွက်ငုံ အရွက်စုံတို့ဖြင့် အတိပြီးသော ဒီရေတော စိမ်းစိမ်းညို့ညို့တို့ဖြင့် မို့မို့ မောက်မောက်ကလေး လှပနေသည်။ မုတ္တမပင်လယ်ကွေ့ အတွင်းကကြည့်လိုက်လျှင်ပင် နိမ့်ချည်တစ်ခါ မြင့်ချည် တစ်လှည့် သဘာဝသဲသောင်ပြင်တွေကို မြင်တွေ့နေရသည်။ စီစီတီဗွီ ကင်မရာဖြင့် ဤဒေသ၏ တစ်နေ့တာ ရိုက်ကွင်းကို စောင့်မျှော်ကြည့်ရှု သတိပြုကြည့်မည်ဆိုပါက အရှေ့ဘက်တွင် လက်ခုပ်ကုန်း ကျေးရွာနေသူတို့၏ လှုပ်ရှားသွားလာ နေထိုင်ကြသည့် ပုံရိပ်များ၊ မြောက်ဘက်တွင် ကညင်ကုန်းရွာမနှင့် လယ်ကွင်းဒေသချင်း ထိစပ်နေသည့်ပုံရိပ်များ၊ တောင်ဘက်တွင် ကမ်းနီးငါးဖမ်းလှေများ၊ လှိုင်းခေါင်းဖြူများ ဆော့ကစားနေသည့် ငွေပင်လယ်ရေပြင် ကျယ်ကြီးနှင့် အဆုံးအစမထင် ပင်လယ်ရှုမျှော်ခင်းများ၊ အနောက်ဘက်တွင် အောက်ဆိပ်ချောင်းဝရွာနှင့် လတာတစ်ဝက်၊ ကုန်းတစ်ဝက်မြင်ကွင်းများ၊ ကောင်းကင်ပြင် မှာတော့ ''တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့် တိမ်ပြာရောယှက်၊ မကန်းကွက်နှင့် တိမ်သက်တန့်ရောင် အဝါဘောင်ဝယ် မှောင်ခဲ့တစ်ခါ၊ ပြာခဲ့တလီ၊ ရီခဲ့တစ်ဖုံ၊ မှုံခဲ့တစ်ချက်၊ ယုဂန်ထက်က''ဆိုသကဲ့သို့ တိမ်နဂါး၊ တိမ်ဂဠုန်တို့နှင့် အိပ်တန်းပျံငှက်များ၊ ဤဒေသကား အခြားမဟုတ်။ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်း မြို့နယ်အတွင်းရှိ ဆယ်အိမ်တန်းကမ်းခြေသာ(သို့) အလယ်ရွာကမ်းခြေ အပန်းဖြေအရိပ်အဝန်း တစ်ခုပင် ဖြစ်ပါတော့သည်။

 

''အလယ်ရွာ အပန်းဖြေကမ်းခြေ ပေါ်ပေါက်လာတာဟာ ကိုယ့်ရွာကိုယ်ရပ် ကိုယ့်ဇာတိအတွက် ရတောင့်ရခဲ သဘာဝ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်၊ ဒီအခြေအနေပေါ်မှာ ဒီကမ်းခြေကို အကြောင်းပြုပြီး ဒေသဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူပြုတဲ့အနေနဲ့ အပန်းဖြေစားရိပ်သာနဲ့ ဓနိထီးရိပ်ဝိုင်းလေးတွေ ဖွင့်လှစ် ပေးထားပါတယ်၊ တစ်ဦးချင်း၊ အဖွဲ့လိုက် လွတ်လပ်စွာ နားခိုလို့ရအောင် ဆောင်ရွက်ထားပေးပါတယ်၊ လုံလုံခြုံခြုံနဲ့ အဝတ်အစားတွေ လဲလှယ်နိုင်သလို လွတ်လွတ်လပ်လပ် လည်း အနားယူအပန်းဖြေနိုင်ပါတယ်၊ ပုစွန်ကင်၊ ငါးကင်၊ ကဏန်းကြော်၊ ကဏန်းပြုတ်၊ ငါးသလောက် အိုးမှောက်၊ ငါးကလေးကြော်၊ အုန်းစိမ်းရည်၊ ရေဘဝဲသုပ်၊ ငါးမန်း တောင်သုပ်၊ ခုံးခရုသုပ်စတဲ့ ပင်လယ်စာ အစားအသောက် ကောင်းတွေကိုလည်း ကြိုက်နှစ်သက်သလို မှာယူစားသောက်နိုင်ပါတယ်၊ လာလည်အပန်းဖြေဖို့ ဖိတ်ခေါ်ပါတယ်''ဟု အဆိုပါ ကမ်းခြေရှိ မိုးပျံစားရိပ်သာ အပန်းဖြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ ကိုမိုးပျံက ပြောသည်။

 

''ကိုယ့်ရွာကိုယ့်ဒေသရဲ့ သဘာဝအမွေအနှစ် တစ်ခုကို အကြောင်းပြုပြီး ပြည်တွင်းပြည်ပက ခရီးသွား ဧည့်သည်တွေ ဝင်ထွက်သွားလာကြတာ ဝမ်းသာဂုဏ်ယူမှု ဖြစ်ရပါတယ်၊ ဒီထက်ပိုစည်ကားဖို့ဆိုရင် လက်ရှိကွန်ကရစ် လမ်းကို ကားနှစ်စီး ကောင်းကောင်းရှောင်လို့ရအောင် တိုးချဲ့ပေးစေချင်တယ်၊ ကွန်ကရစ်လမ်းဆုံးကနေ ARDC တာနဲ့ဆက်နေတဲ့အပိုင်းကိုလည်း ပြုပြင်ပြီး ကွန်ကရစ်လမ်း ဖြစ်အောင် ဆောင်ရွက်ပေးစေချင်ပါတယ်၊ သွားရေးလာရေး ကောင်းမွန်လာတာနဲ့အမျှ ပိုပြီးဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်''ဟု အလယ်ရွာကျေးရွာမှ ဦးကျော်ဇေယျက ပြောသည်။

 

အဆိုပါ ကမ်းခြေတစ်လျှောက် အပျော်စီး စက်တပ် လှေငယ်များ၊ သောင်ပြင်စီး မြင်းအလှများ၊ စားရိပ်သာများ၊ အပန်းဖြေ ထီးရိပ်ဝိုင်းများ၊ အမိုးချွန် လေးဖက်ဖွင့် လေညင်းခံဘန်ဂလိုများ၊ ပုစွန်တုပ်မီးကင်၊ ငါးသလောက် အိုးမှောက်၊ ငါးသလောက်ကင်၊ ကဏန်းပြုတ်၊ ခုံးသုပ်၊ ငါးမန်တောင်သုပ်၊ ရေဘဝဲသုပ်၊ ကောက်ညှင်းပေါင်း၊ ဖရဲသီး၊ သစ်သီးဝလံများ၊ ရိုးရာမုန့်များစသည်ဖြင့် ကိုယ့်ရွာနှင့် ကိုယ့်အရပ်၊ ကိုယ့်လျှာနှင့် ကိုယ့်ပါးစပ် ဆိုသကဲ့သို့ ယဉ်ကျေးသော စားသောက်နေထိုင်မှု ပုံစံစရိုက် ဝသီနှင့် ကိုက်ညီအောင် စည်းကမ်းတကျ ရောင်းချ၊ နွေးထွေးသော ဝန်ဆောင်မှုပုံရိပ်များဖြင့် ပျူပျူငှာငှာ ဤအပန်းဖြေ ကမ်းခြေသို့ လာရောက်လည်ပတ် အပန်းဖြေကြရင်း ခရီးသွားဟန်လွဲဆိုသလို ခရီးစဉ်တစ်လျှောက်ရှိ မွန်တလိုင်းတို့၏ အမွန်သမိုင်းဝင် ဘုရားကျောင်းကန်၊ စေတီ တန်ဆောင်း၊ သိမ်ကျောင်းဇရပ် စသည့်သာသနာအရိပ် အဝန်းများသို့လည်း ဝင်ရောက်ဖူးမြော်ကြည်ညို လှူဒါန်းရင်း နားခိုနိုင်ကြပါသေးသည်။

 

''ကမ်းခြေဖွံ့ဖြိုးရေးအတွက် လေလံမရှိသလို ရန်ပုံငွေရရှိထားတာမျိုးလည်း မရှိပါဘူး၊ အခုဆောက်ထားတဲ့ ဆိုင်ခန်းတွေကလည်း မြေရှင်တွေဆီက နှစ်ဦးသဘောတူ သင့်တော်တဲ့ဈေးနှုန်းနဲ့ ပြန်လည်ငှားရမ်းပြီး ဖွင့်လှစ် ရောင်းချရတာပါ၊ အဲဒီအတွက်ဆိုင်ငှားခဟာ မြေပိုင်ရှင် ဆီကိုပဲ ရောက်ပါတယ်၊ ကမ်းခြေရန်ပုံငွေ အနေနဲ့ ဆိုင်ခန်း ဆောက်လုပ်မှုကနေ မရပါဘူး၊ အခုဆိုရင်ဆိုင်ခန်း ၃ဝ ကျော်နဲ့ ထီးရိပ်ဝိုင်းအလက် ၇ဝ ကျော်လောက် ရှိနေပါပြီ၊ ဒီနှစ်တော့ ကမ်းခြေရန်ပုံငွေအတွက် ထီးရိပ်ဝိုင်းတစ်လက် စိုက်ထူတိုင်း ၅ဝဝဝ ကျပ် ထည့်ဝင်ပေးဖို့ စီစဉ်ထားပါတယ်၊ ဒါကလည်း ဒီနှစ်မှစတင်တဲ့ အစီအစဉ်တစ်ခုပါ၊ ကျွန်တော်တို့ရဲ့ကမ်းခြေ ရေရှည်ဖွံ့ဖြိုးပြီး ဒေသအကျိုး များဖို့ဆိုရင် တာဝန်ရှိသူတွေနဲ့ ဒေသခံတွေပါဝင်တဲ့ ကမ်းခြေကော်မတီတစ်ရပ် ခိုင်ခိုင်မာမာထားရှိဖို့ လိုအပ်မှာဖြစ်သလို လာရောက်လည်ပတ်သူတွေ ယာဉ်အန္တရာယ်၊ ရေအန္တရာယ်၊ ရန်အန္တရာယ်တွေကင်းဖို့ ထွေ/အုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်အစရှိတဲ့ ဌာနဆိုင်ရာတွေပါဝင်တဲ့ ကမ်းခြေကွပ်ကဲရေးရုံးလည်း လိုအပ်ပါဦးမယ်''ဟု အလယ်ရွာကျေးရွာ တာဝန်ခံ ဦးမိုးကျော်အောင်က ပြောသည်။

 

အလယ်ရွာ အပန်းဖြေကမ်းခြေသို့ လွန်ခဲ့သည့် ငါးနှစ်အတွင်း သင်္ကြန်ကာလ နှစ်စဉ်လာရောက်လည်ပတ်သူ ဦးရေ သုံးသိန်းမှ ငါးသိန်းခန့်ရှိကြောင်း သိရသည်။ အဆိုပါကမ်းခြေ စတင်ပေါ်ပေါက်လာခဲ့ပြီးသည့်နောက်ပိုင်း အလယ်ရွာ၊ လက်ခုပ်ကုန်း၊ ဆယ်အိမ်တန်း၊ ကညင် ကုန်း၊ အောက်ဆိပ်၊ ကြခတ်ကုန်း၊ မြေနီကုန်း၊ ကျောင်းကုန်း စသည့်ဒေသများရှိ ကျေးလက်အလုပ်အကိုင် လိုအပ်သူများအတွက် တစ်ပိုင်တစ်နိုင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာခဲ့ကြောင်း သိရသည်။

 

''ကျွန်တော်တို့ဒေသရဲ့ အဓိကစီးပွားရေးကတော့ ကမ်းနီးငါးဖမ်းရေလုပ်ငန်းနဲ့ မိုးစပါးစိုက်တဲ့လုပ်ငန်း ဖြစ်ပါတယ်၊ ရေကတော့ နွေဘက်မှာငန်ပြီး မိုးမှာပဲချိုတဲ့အတွက် မိုးစပါးပဲ စိုက်ရတာပါ၊ အခုလို ဒီကမ်းခြေကိုအကြောင်းပြုပြီး ပြည်တွင်း၊ ပြည်ပက ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်ကြတာ တွေ့ရတော့ ပီတိဖြစ်တာပေါ့ဗျာ၊ အိမ်သာလို့ဧည့်လာတော့ ဧည့်ဝတ်ကျေချင်ပါတယ်၊ အဓိက လိုအပ်မှုကတော့ လျှပ်စစ်မီးလိုတယ်၊ တည်းခိုဖို့ အဆောက်အဦးတွေလိုတယ်၊ လမ်းပန်းကောင်းမွန်ဖို့ လိုတယ်၊ အခြားလိုအပ်တာ တွေကတော့ အများကြီးပေါ့ဗျာ''ဟု ကမ်းခြေသန့်ရှင်းသာယာလှပရေး စိတ်ပါဝင်စားသူ ရပ်မိရပ်ဖ ဦးကျော်ထွေးက ပြောသည်။

 

''သီတာမြသားမြစ်နားတစ်လျှောက် ရောက်ခဲ့ရာဝယ် လှိုင်းရေသောင်စပ်မှာ တောင်ပံယှက်ပျံ ငှက်မောင်နှံကိုမှ မြင်ရသော်ခဏ သြော် မရွှင်ပြနိုင်တယ် ရင်မှလှိုက်လှဲ ပန်းနွယ် ကိုပဲ တလို့ဆွေးမိတယ် ရွှေရင်ပူမီး ဗျာကြီးသူ သောက လှိုင်းဝယ် အချစ်ဇောနဲ့နစ်မျောခဲ့ ဖြေမပြေတယ်'' တေးသံရှင် (ဦး)တွံတေးသိန်းတန်၏ ကျေးလက်ဆန်သည့် အသံလှိုင်းတို့ကလည်း အလယ်ရွာ၊ ဆယ်အိမ်တန်းကမ်းခြေ တစ်လျှောက် သည်နေ့အထိ လွင့်ပျံ့သစ်လွင်နေဆဲပင်။ ဒါသည်ပင် ဆယ်အိမ်တန်း အပန်းဖြေကမ်းခြေ သန္ဓေတည် ပေါက်ဖွားရာ နယ်နိမိတ်တစ်ခုဖြစ်ပါသည်။

 

ယခုသော်တစ်မူ ''လေခမြေသက်၊ ဈာန်ဝိတက်သို့ သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ ဆေးစုံခြယ်သောပုံသို့ ရဂုံမြိုင်တွင်း တောလုံးလင်းသား'' ဆိုသကဲ့သို့ တပို့တွဲဆန်း၊ ဤကမ်းခြေသာ၊ သီတာခွေရစ်၊ အလှစစ်နှင့် မြပုရစ်ဖူးသည့် နှစ်ဦးနွေသမယသို့ပင်ခြေချ ရောက်ခဲ့ပြန်ချေပေါ့။ မြနန္ဒာ၊ ရေညိုညိုရစ်ခါသန်းကိုပင် အလယ်ရွာ ရေချိုချိုရစ်ခါ သန်းတယ်လို့ပင် ပြောရလေမလား။ ဘယ်လောက်စည်ကားလိုက်မလဲ၊ ဒီသောင်ယံ တစ်လျှောက် တိုးလို့မှပေါက်ပါ့မလား။ ဆယ်အိမ်တန်း အပန်းဖြေကမ်းခြေ(သို့) ပင်လယ်ကြီး၏ နှလုံးသား အလယ်ရွာကမ်းခြေသို့ တကယ်လာအပန်းဖြေဖို့ လှိုက်လှဲ ပျူငှာစွာဖိတ်ခေါ်ရင်း...။

 

သပြေထွန်း