ဆူဒန်နိုင်ငံအတွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူ ၅ ဒသမ ၃ သန်းခန့်ရှိ

 

ခါတွန်၊ စက်တင်ဘာ ၂၃

 

ဆူဒန်နိုင်ငံ၌ လက်နက်ကိုင်နှစ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွားသည့် ဧပြီလလယ်နောက်ပိုင်း နေရပ်စွန့်ခွာ သူပေါင်း ၅ ဒသမ ၃ သန်းခန့် ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ရုံး (OCHA) က စက်တင်ဘာ ၂၂ ရက်တွင် ပြောသည်။

 

လက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည့်အတွက် လူပေါင်း ၅ ဒသမ ၃ သန်း မှာ ၎င်းတို့၏ အိုးအိမ်များကို စွန့်ခွာကာ ဆူဒန်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း သို့မဟုတ် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခို လှုံကြရကြောင်း OCHA ၏ စက်တင်ဘာ ၂၂ ရက် နောက်ဆုံးအစီရင်ခံ တင်ပြမှုတွင် ဖော်ပြထားသည်။

 

စက်တင်ဘာ ၁၉ ရက်အထိ ဆူဒန်နိုင်ငံအတွင်း ပြည်နယ် ၁၈ ခုရှိ နေရာဒေသပေါင်း ၃၉၂၉ ခုသို့ လူပေါင်း ၄ ဒသမ ၂ သန်းကျော် ထွက်ပြေးခိုလှုံကြရကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် လူပေါင်း တစ်သန်းကျော်မှာ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ချဒ်၊ အီဂျစ်၊ အီသီယိုးပီးယား၊ တောင်ဆူဒန်အပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ကို ကိုးကားပြီး OCHA က ပြောသည်။

 

ကုလသမဂ္ဂဦးဆောင်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပန်ကြားချက်မှာ လိုအပ်သော ပမာဏ၏ ၃၁ ရာခိုင်နှုန်းခန့်သာ ရရှိသေးသည့်အတွက် လုံလောက်မှုမရှိသေးကြောင်း သိရသည်။

 

ဆူဒန်နိုင်ငံ၌ ဧပြီလနောက်ပိုင်း မြို့တော်ခါတွန်နှင့် အခြားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုများကြောင့် လူပေါင်း ၃၀၀၀ ထက်မနည်း သေဆုံးကာ အခြား ၆၀၀၀ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

 

 ဆင်ဟွာ