ဆုတစ်ဆု၏ တန်ဖိုးနှင့် ဂုဏ်သိက္ခာ

၂၉ နိုဝင်ဘာ

 

မြန်မာနိုင်ငံတွင် ယခုလို ရာသီဥတုကောင်းမွန်ကာ ကြည်လင်ပွင့်လင်း လာပြီဆိုလျှင် နိုင်ငံနှင့်အဝန်း စာပေဟောပြောပွဲများ အုန်းအုန်းကျွက်ကျွက် ကျင်းပသည့် အစဉ်အလာရှိ၏။ ယခုခေတ်များတွင်မူ ရာသီမရွေးပင် ကျင်းပလာသည်အထိ မြန်မာတို့က စာပေနှင့် ပတ်သက်လျှင် နိုးကြားတက်ကြွကြပါသည်။

 

မြန်မာပြက္ခဒိန် နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ကာ စာဆိုတော်များကို ဂုဏ်ပြုထား ခြင်းကလည်း ထူးခြားမှုတစ်ခုဟု ဆိုရပါမည်။ ထို့အတူ စာဆိုတော်နေ့တွင် တစ်နှစ်ကာလအတွင်း ထွက်ခဲ့သည့် စာအုပ်များထဲက အမျိုးသားအဆင့် စာပေဆုပေးလောက်အောင် ထိုက်တန်သည့် စာအုပ်များကို အကြောင်းအရာလိုက်ကာ အမျိုးသား စာပေဆုဟူ၍ ချီးမြှင့်ပေးအပ်လေ့လည်း ရှိပါသည်။

 

အမျိုးသားစာပေဆုကို ၁၉၆၅ ခုနှစ်က စတင်ပေးခဲ့ပြီး ထိုစဉ်က အကောင်းဆုံးဟု သတ်မှတ်သောစာအုပ် ပ/ဒု/တ ဟူ၍ ရွေးချယ်ပေးအပ်ခဲ့ပါသည်။ ၁၉၆၉ မှစတင်၍ အကြောင်းအရာတစ်ခုအတွက်အသင့်တော်ဆုံး အထိုက်တန်ဆုံး တစ်ဆုတည်း ကိုသာ ရွေးချယ်ပေးအပ်ခဲ့ပြီး အမျိုးသားစာပေဆုဟူသည့် ဩဇာနှင့် ဂုဏ်မှာလည်း အလွန်မြင့်မား ကြီးကျယ်ခဲ့ပါသည်။

 

ယခင် အစိုးရများ လက်ထက်က အမျိုးသားစာပေဆု ဆိုသည်ကို အစိုးရက ရွေးချယ်ဆုပေးလေ့ရှိပြီး ယခု ပြည်သူ့အစိုးရ လက်ထက်တွင်မူ ဆရာကြီး စည်သူ ဦးသော်ကောင်း ဦးဆောင်သည့် အစိုးရနှင့် မသက်ဆိုင်သော၊ တစ်နည်းအားဖြင့်ဆိုလျှင် အစိုးရက ဆုပေးနိုင်ရေး ကူပံ့ရုံကလွဲပြီး ဆုရွေးချယ်မှုတွင် တစ်စုံတစ်ရာ ဝင်ရောက်မစွက်ဖက်သည့် သီးခြားလွတ်လပ်သော ဆုရွေးချယ်ရေးအဖွဲ့က ဖတ်ရှုရွေးချယ်ခြင်း ဖြစ်ပါသည်။

 

ယခုနှစ် အမျိုးသားစာပေဆု ရရှိသူများ စာရင်းများ ထွက်ပေါ်လာပြီးသည့်နောက် စာပေဆုအပေါ် ဝမ်းမြောက်ကြောင်း၊ ပြည်သူ့ အစိုးရခေတ်တွင်မှ ရနိုင်သည့် စာအုပ်အချို့ ပါဝင်သည့်အတွက် အားရမိကြောင်း စသည်ဖြင့် စာပေနယ်မှ ပုဂ္ဂိုလ်တို့၏ ပြောဆိုသံများကို ကြားရပါသည်။

 

စာပေဆုရသူများကလည်း ဂုဏ်ယူရကြောင်း ဂုဏ်မြင့်ရကြောင်းတို့ကို ထုတ်ဖော်ပြောဆိုကြသည်ကို တွေ့မြင်ကြားသိရပါသည်။

 

ဆုချီးမြှင့်ခြင်း ဘွဲ့ပေးအပ်ခြင်း ဟူသည်တို့မှာ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အကြောင်းအမျိုးမျိုး ခေါင်းစဉ်အသွယ်သွယ်ဖြင့် ပြုလုပ်သော အလေ့အထရှိပါသည်။ နိုင်ငံတကာ၌ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း အသီးသီးတို့က အမည်နာမအစုံစုံဖြင့် ပေးအပ်လေ့ရှိပြီး ကမ္ဘာ့ပြည်သူများက တန်ဖိုးထားကြသည့် ဆုများရှိသကဲ့သို့ မထင်ရှားလှသော ဆုများလည်းရှိ၏။

 

မည်သို့ပင်ဖြစ်စေ၊ ဆုတစ်ခု၏ တန်ဖိုးနှင့်ဂုဏ်သိက္ခာ ဟူသည် မည်သူတို့က ပေးသလဲ၊ မည်မျှလောက် ငွေတန်ဖိုးအရ များပြားသလဲ ဆိုသည်တို့က အရေးပါသည်ဟု ဆိုသော်လည်း မည်သူတို့ အဆိုပါ ဆုကိုရသလဲ ဆိုသည်က ပို၍ အရေးတယူပြုစရာ ဖြစ်ပါ၏။ ဆိုလိုသည်မှာ ဆု၏တန်ဖိုးနှင့် ဂုဏ်သိက္ခာဆိုသည်မှာ ဆုရရှိသူများကြောင့် ပိုမိုမြင့်မားလာရသည် ဟူ၍ပါ။

 

ဆုရထိုက်သူများဆိုသည်က ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ထိုဂုဏ်နှင့် သိက္ခာက ရှိပြီးသားဖြစ်ပါ၏။ ထိုဆုရထိုက်သူကို မှန်မှန်ကန်ကန် ရွေးချယ်ပေးခြင်းဖြင့်သာ ဆုပေးအပ်သည့် အဖွဲ့အစည်းတို့သည် လည်းကောင်း၊ ထိုဆု၏ အမည်နှင့် ဂုဏ်သတင်းတို့သည် လည်းကောင်း တန်ဖိုးသိက္ခာ ပိုမိုမြင့်တက်လာသည်ဟု ယူဆမိပါကြောင်း တင်ပြရင်း ယခုနှစ် အမျိုးသားစာပေဆု ရရှိသူများကို ဂုဏ်ပြုလိုက်ပါသည်။    ။
(မြန်မာ့အလင်း)