ဆုကြေး သိန်း (၂၀ဝ)ချီးမြှင့်မည့် THE VOICE MYANMAR

ရန်ကုန် ၂၅ ဇန်နဝါရီ
 
 
အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်ပြီး အောင်မြင်မှုများစွာရရှိထားသည့် အဆိုတော်များကို မွေးထုတ်နိုင်ခဲ့သော The Voice သီချင်းဆို ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ် ခွင့်ရရှိခဲ့ပြီး အဆိုပါ ပြိုင်ပွဲကို The Voice Myanmar ဟု အမည်ပေးထားပြီး ၊ ပြိုင်ပွဲကိုForever Bec - Tero နှင့် Mrtv-4 တို့ ပူးပေါင်း ပြီး ပထမဆုံးအကြိမ်ပြုလုပ်သော ပွဲဟုသိရသည်။
 
"ကျွန်တော် တို့ ပြိုင်ပွဲကို နိုဝင်ဘာလ ကနေ စပြီး အွန်လိုင်းပေါ်ကနေ ပြိုင်ပွဲဝင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်၊ လျှောက်ထားသူပေါင်း တစ်ထောင်ကျော်လောက်ရှိပါတယ်၊ ဆရာတေးရေး မြင့်မိုရ်အောင်က စိတ်ကြိုက်ရွေးချယ်ခဲ့ပါတယ် ပထမအဆင့်အနေနဲ့ ပြိုင်ပွဲဝင် အယောက် (၁၀ဝ) ကို ပဏာမ ရွေးပါတယ်၊ ရွေးချယ်တဲ့ နေရာမှာလဲ အသက် (၁၅) နှစ် အထက် ဝင်ခွင့်ရပြီး အဆင့်(၃) ဆင့် ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ၊ " ဟု The Voice Myanmar ပြိုင်ပွဲ ကျင်းပရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
အဆိုပါ ပြိုင်ပွဲတွင် ဒိုင်အဖြစ် အဆိုတော် လင်းလင်း ၊ဟန်ထူးလွင် (ကျားပေါက်) ၊ ရန်ရန်ချန်း ၊နီနီခင်ဇော် တို့ ပါဝင်မှာဖြစ်ပြီး ပထမအဆင့်တွင် စင်မြင့်ပေါ်၌ အသံတစ်ခုတည်းဖြင့် Coaches များ နှစ်သက်အောင် သီဆို ရမည်ဖြစ်သည်။ Coaches များ ထိုင်ခုံကို ကျောပေး ပြီး ထိုင်နေရာမှာ ပြိုင်ပွဲဝင် သီဆိုချိန် (၂) မိနစ် အတွင်း မိမိသဘောကျနှစ်သက်သူကို ခုံလှည့် ပြီး ရွေးချယ်မည်ဖြစ်ကြောင်း ၊ ဒုတိယ အဆင့်တွင် ပြိုင်ပွဲဝင်များအနေဖြင့် မိမိအဖွဲ့နှင့် အခြား ပြိုင်ပွဲဝင်အဖွဲ႔ များနှင့် သီချင်းတစ်ပုဒ်ကို သီဆိုယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ထိုအဖွဲ့နှစ်ဖွဲထဲမှ The Voice Myanmar ၏ Live Show စင်မြင့်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ကြောင်း တတိယအဆင့်တွင် Live Show သို့ Coach တစ်ဦးချင်းစီး မှ ပြိုင်ပွဲ ဝင် (၆) ဦး စုစုပေါင်း (၂၄) ဦး ရွေးမှာဖြစ်ကြောင်း သိရသည်။ ထိုထဲမှ တစ်ပတ်လျှင် (၄) ဦး ကို ပြိုင်ပွဲမှာ နုတ်ထွက်ခိုင်းပြီး  နောက်ဆုံး တစ်ဦးသာရွေးမည်ဟု သိရသည်။
 
ယင်းပြိုင်ပွဲ ကို ဖေဖော်ဝါရီလ (၁၈) ရက်မှ စတင်ကာ အပတ်စဉ် တနင်္ဂနွေ နေ့ ည(၉) နာရီ တွင် MRTV-4 မှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ၊ ကြည့်ရူ့သူများအနေဖြင့် မိမိနှစ်သက်သော ပြိုင်ပွဲဝင်များကို Vote ပြုလုပ်ခြင်းကို WWW . Facebook.com / thevoicemyanmar တွင် ပြုလုပ်နိုင်ကြောင်း သိရှိရသည်။
 
ကိုလင်း