ဆင်းရဲနွံတွင်းက ရုန်းထွက်လုနီး ဘင်္ဂလားဒေ့ရှ်နမူနာစီးပွားရေးမူဝါဒ

မိုးကေနိုင်

 

ကုန်သွယ်မှုကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အလွန်အရေးပါသော မောင်းနှင်အားတစ်ခု ဖြစ်သည့်အတွက် ဆင်းရဲမှုတိုက်ဖျက်ရေး၌ ပြည်ပကုန်သွယ်ရေးကို လက်နက်ကောင်းတစ်ခုအဖြစ် အသုံးချခဲ့သည့် ဖွံ့ဖြိုးဆဲအိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံ၏ ဥပမာတစ်ခုကို ဖော်ပြလိုပါသည်။ ကျွန်တော်တို့ အနောက်ဘက်အိမ်နီးချင်း၊ သမိုင်းတစ်လျှောက် စားရေရိက္ခာမဖူလုံမှုကြောင့် ဆင်းရဲမှုနှင့် နပန်းလုံးနေရသည့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆင်းရဲနွံက ရုန်းထွက်ဖို့ရန် ပြည်ပကုန်သွယ်ရေးကို အသက်ကယ်ကြိုးတစ်ခုအဖြစ် အသုံးချခဲ့သည်မှာ မှန်ကန်ကြောင်း ယခုအခါ သက်သေပြလျက်ရှိပါသည်။

 

စီမံချက်ကောင်းများဖြင့် …..

 

နိုင်ငံတကာကုန်သွယ်ရေးကို ထူထူ ထောင်ထောင်ဖြစ်အောင် လုပ်နိုင်ခြင်းကပင် မိမိတို့နိုင်ငံသားများကို အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖော်ဆောင်ပေးခြင်းဖြစ်သည်။ နိုင်ငံသားများ စဉ်ဆက်မပြတ် ဝင်ငွေတိုးနေအောင် ဖန်တီးပေးနိုင်ခြင်းက ကုန်သွယ်မှုမှရလာသော ရလဒ်ကောင်း တစ်ခုဟု ဆိုရမည်ဖြစ်သည်။ လူသားအရင်းအမြစ်မှလွဲ၍ သယံဇာတအရင်းအမြစ်ပိုင်ဆိုင်မှုတွင် ချို့တဲ့လှသည့်ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘာပေါ်မှာ အဋ္ဌမမြောက် လူဦးရေအများဆုံး သန်းပေါင်း ၁၇၀ ခန့် ဖြင့် လူဦးရေသိပ်သည်းဆများသည့် နိုင်ငံငယ်လေး တစ်ခုက စီးပွားရေးစနစ်ကြီးတစ်ခုလုံးနှင့် အကျုံးဝင်သည့် မက်ခရိုစီးပွားရေးကို ၂၀၁၀ ပြည့်နှစ် ကတည်းက တည်ငြိမ်အောင် ထိန်းသိမ်းလာနိုင်သည်မှာ နိုင်ငံတကာနှင့် ကုန်သွယ်ရေးကို အဓိကအားထားပြီး ပို့ကုန်ကဏ္ဍကို အကောင်းဆုံးမြှင့်တင် နိုင်ခဲ့သည့်အတွက်ကြောင့်ဟု ဆိုရမည်ဖြစ်သည်။ အစိုးရကချမှတ်သော ရေတိုရေရှည် စီးပွားရေး စီမံချက်များကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ခဲ့ကြသည်ကို တွေ့ရသည်။

ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးတိုးတက်မှုတွင် Labour intensive product (လုပ်သားအင်အားအခြေပြု အထည်ချုပ်ကဏ္ဍ) သည် အလွန်အရေးပါခဲ့ပြီး ပို့ကုန်ကဏ္ဍကို ကောင်းစွာအထောက်အကူပြုခဲ့သည်။ ကိုဗစ်ကာလနောက်ပိုင်း အကောင်းဆုံးပြန်လည် လည်ပတ်နိုင်အောင်လုပ်နိုင်ခဲ့ကြသည်။ လုပ်အားခ သက်သာသည့် လုပ်သားထုအင်အား မျက်နှာသာပေးမှု ဖြင့် ထုတ်လုပ်မှုစရိတ်သက်သာပြီး ဈေးကွက်ယှဉ်ပြိုင်မှု (comparative advantage )မှာ တစ်ပန်းသာခဲ့သည်။

ဆိပ်ကမ်းများအပါအဝင် စရိတ်သက်သာသည့် သယ်ယူပို့ဆောင်ရေးကွန်ရက်ဖြစ်အောင် အကောင်းဆုံး ပြင်ဆင်နိုင်ခဲ့သည်။ နိုင်ငံတကာဈေးကွက်ကို ဘယ်လိုထိုးဖောက်မလဲ အခွင့်အလမ်းမှန်သမျှ ရယူနိုင်စွမ်း ရှိခဲ့သည်။ နိုင်ငံတကာနှင့် သင့်တင့်မျှတသည့် ကုန်သွယ်ရေးစာချုပ်များကို ချုပ်ဆိုနိုင်ခဲ့ပြီး ကောင်းမွန်သော စီးပွားရေးသံခင်းတမန်ခင်းကို ပြသနိုင်ခဲ့သည်။ ဒါနဲ့တင်ပြီးမလား၊ မဟုတ်ပါ၊ ဘယ်လိုပို့ကုန်များက ပိုတွက်ခြေကိုက်မလဲ။ ကိုယ့်အားသာချက်နှင့် သူ့အားနည်းချက်ကို market analysis ဆန်းစစ်ပြီး အိမ်နီးချင်းနိုင်ငံများတွင် ရာသီအလိုက်လိုအပ်ချက်အရ တောင်းဆိုမှုများသော ဈေးကွက်ဝင် ပို့ကုန် အမျိုးအစားကို ပို၍ ဦးစားပေးတင်ပို့နိုင်အောင် ကြိုးစားသည်၊၊ လက်တွေ့ကျသော ကုန်သွယ်ရေးမူဝါဒနှင့် စည်းမျဉ်း၊ စည်းကမ်းများအောက်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များကို မက်လုံးကောင်းကောင်းပေး၍ အစိုးရ၏ပံ့ပိုးကူညီမှုများက ပို့ကုန်သွင်းကုန်ကဏ္ဍ တိုးတက်ရေးမှာ အကောင်းဆုံးရှေ့ဆောင်ဖြစ်ခဲ့ ခြင်းသည် အားကျအတုယူဖွယ်ရာ ဖြစ်ပါသည်။

ဘင်္ဂလားဒေ့ရှ်သည် ယခုအခါ ဆေးဝါး အမျိုးမျိုးနှင့် IT ပစ္စည်းများကို ပြည်ပတင်ပို့နိုင်ပြီဖြစ်သည်။ ထိုလုပ်ငန်းများတွင် ကဏ္ဍအလိုက် ကျွမ်းကျင်လုပ်သား (skillful labour) ထုကြီးကို efficient labour ဖြစ်အောင် သူ့နေရာနှင့်သူ အသုံးတည့်အောင် နေရာချစီမံခန့်ခွဲနိုင်ခြင်းက အားသာချက်တစ်ခုပင်ဖြစ်သည်။ သုတေသနနယ်ပယ် (applied research) ကို အထူးအားပေးသည်၊၊ အထူးသဖြင့် ကုန်ထုတ်လုပ်မှုနယ်ပယ်နှင့် ဈေးကွက် သုတေသနနယ်ပယ်တွေမှာ သုတေသီများ၏ စာတမ်းများက အထူးကျေးဇူးပြုနေသည်ကို တွေ့ရသည်။ ကိုဗစ်ကာလတုန်းက ကျဆင်းသွားခဲ့သည့် အရေးပါသည့် အထည်ချုပ်ကဏ္ဍကို ဘယ်လို ပြန်လည် အဖတ်ဆယ်မလဲနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် သုတေသီတစ်ဦး ရေးသားထားသည့် စာတမ်းတိုတစ်စောင်ကို ဖတ်ဖူးသည်။ သူတို့စာတမ်းတွေကနိုင်ငံ၏ စီးပွားရေးကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်အမြင်ကို ကောင်းစွာထင်ဟပ်ပြီး ထိရောက်မှုလည်းရှိပုံရသည်။

သွင်းကုန်၊ ပို့ကုန်ကဏ္ဍမှာ သွင်းကုန်အပေါ် စည်းကြပ်သည့်အခွန်အကောက် tariff policy နှင့်အတူ အကန့်အသတ်ဖြင့်သာ တင်သွင်းခွင့်ပြုသည့် quota ကို ဟန်ချက်ညီအောင် ထိန်းထားနိုင်သည်။ အခွန်ဆောင်ရာမှာ အဆင့်တွေများပြီး ကြန့်ကြာမှုမရှိအောင် ဖြေလျှော့ပေးမှုများကြောင့် နိုင်ငံတကာ ကုန်သွယ်ရေးမှာ ဝင်ဆံ့လာသည်။ လက်ရှိဒေါ်လာ ဈေးမြင့်တက်လာမှုနှင့် သယ်ယူပို့ဆောင်ရေးစရိတ် ကြီးလာသည့်အခါ ပြည်တွင်းစားအုန်းဆီနှင့် ပဲပုပ် ဈေးနှုန်းများကို လျှော့ချမပေးဘဲ လုပ်ငန်းရှင်များအတွက် စားသုံးဆီတင်သွင်းခွန်နှင့် ပဲပုပ်ဆီ တင်သွင်းခွန်များကိုသာ လျှော့ချပေးခဲ့ဖူးသည်။

စာတမ်းတွေ့ရှိချက်များနှင့်အတူ အစိုးရ၏ ဖြေလျှော့ပေးမှုများက စွန့်ဦးတီထွင်လုပ်ငန်းရှင်များစွာကို မွေးထုတ်ပေးလာနိုင်ပြီး သူတို့၏ စွန့်စွန့်စားစား ရင်းနှီးမြှုပ်နှံမှုများက လိုအပ်သည့်နေရာမှာ လိုအပ်သလို ဈေးကစားနိုင်စွမ်းရှိလာသည်။ ဤသည်ပင်လွတ်လပ်သော open or free trade တစ်ခုအသွင်ကို ဆောင်လာခြင်းဖြစ်ကာ နိုင်ငံတကာ ကုန်သွယ်မှုမှာ အထိုက်အလျောက်နေရာရလာပြီး နိုင်ငံ၏ ဆင်းရဲမွဲတေမှုကိုပါ များစွာလျော့ပါးသွားစေခဲ့သည်ဟု ချီးကျူးအသိအမှတ်ပြုလာကြသည်။ ဤသည်ပင် တိုးတက်မှုအတွက် အရေးပါသည့် ခြေလှမ်းများဟု ဆိုရမည်ဖြစ်ပါသည်။

 

ပြုပြင်ပြောင်းလဲနိုင်စွမ်း

 

စီးပွားရေးလုပ်ရာမှာ အခြေအနေအချိန်အခါ နှင့်အညီ အပြောင်းအလဲလုပ်နိုင်စွမ်းက အလွန် အရေးပါပါသည်။ လုပ်ရဲကိုင်ရဲတာမျိုးဖြစ်သည်။ တစ်ခါတစ်ရံ ယုံကြည်မှုကို ပေးအပ်လိုက်ရသည်၊ ရလဒ်နည်းနိုင်မည့်အရာကို စွန့်လွှတ်ပြီး အောင်မြင်မှုများမည့်အရာမှာ ပုံအော၍ စွန့်စား လိုက်ရခြင်း opportunity cost ကို တွေ့ရသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရရော လုပ်ငန်းရှင်များကပါ တစ်စုံတစ်ရာကို အလွယ်တကူ ယုံကြည်မှုမပေးသင့် သည့်အရာမျိုးကိုပင် ယုံကြည်မှုကို ရဲရဲဝံ့ဝံ့ပေးရဲ သည့်သတ္တိ leap of faith ကို ကျင့်သုံးသွားကြ သည်။ ထိုသတ္တိဖြင့် ကိုယ့်ပြည်တွင်းဈေးကွက်ကိုသာ တစ်ချိန်လုံး အာရုံစိုက်စဉ်းစားခြင်း inward looking နှင့် သွင်းကုန်အစားထိုး import substitution ဆိုသည်ထက် ပြင်ပကို မျှော်ကြည့်ပြီး (outward looking) ဖြင့် သူများလိုအပ်ချက်နှင့် နိုင်ငံတကာ ဈေးကွက်ကိုကြည့်ကာ ပို့ကုန်ဦးစားပေးသည့် မူဝါဒကို ပြောင်းလဲကျင့်သုံး ခဲ့ကြသည်။

ထိုပြောင်းလဲမှုနှင့်အညီ အုပ်ချုပ်စီမံခန့်ခွဲသည့် စနစ် export oriented regime ကိုပါ လိုက်ပါ ပြောင်းလဲနိုင်စွမ်း ရှိခဲ့သည်။ ထိုမူဝါဒမှန်သည်ဟု ဆိုရပါမည်၊ တကယ်တမ်း ပြည်တွင်းဈေးကွက်ကို အားထားခြင်းနှင့် သွင်းကုန် အစားထိုးမူဝါဒဟူသည် အလျင်အမြန်တိုးတက်မှုကိုဖြစ်စေမည့် ခေတ်မီ စက်မှုဖြစ်ထွန်းမှုကိုပါ တစ်ပြိုင်တည်း လိုက်ပါလာအောင် ဆွဲခေါ်နိုင်စွမ်းမရှိပါ၊၊

 ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များဆီ ပြန်လှည့်ကြည့်လျှင် စံနမူနာယူဖွယ် ပို့ကုန် ဦးစားပေးမူဝါဒကိုင်စွဲခဲ့သည့် ထွန်းသစ်စ အာရှအရှေ့ဖျားနိုင်ငံများ တစ်ဟုန်တိုး စီးပွားတိုးတက်ခဲ့စဉ်က ဘင်္ဂလားဒေ့ရှ်သည် ကုန်ကြမ်းအခြေပြုပို့ကုန်များဖြစ်သည့် ဂုန်လျှော်ချည်မျှင်၊ လက်ဖက်ခြောက်နှင့် ပုစွန်စသည်တို့တွင်သာ အဓိက မှီခိုအားထားနေရသည်။ ယနေ့ကာလတွင် ဘင်္ဂလားဒေ့ရှ် မူဝါဒချမှတ်သူများကြောင့် အရည်အသွေးမီ ချုပ်လုပ်ပြီး အဝတ်အထည်မျိုးစုံကို အလုံးအရင်းဖြင့် တင်ပို့နိုင်ပြီဖြစ်သည့်အပြင် စိုက်ပျိုးရေးထွက်ကုန်များကို ခေတ်မီနည်းပညာများ အသုံးပြု၍လည်း အသင့်စားကုန်ချောအဖြစ် တင်ပို့နိုင်စွမ်းရှိသော ပလေယာအသစ် နောက်ထပ် အာရှကျားနိုင်ငံ တစ်နိုင်ငံအဖြစ်သို့ စတင်ရှေးရှုနေပါပြီ။

အဝတ်အထည်နှင့် ပေါင်မုန့်၊ ဘီစကွတ်၊ ယို၊ ဂျယ်လီ၊ သစ်သီးဖျော်ရည်၊ ယမကာ စသည့် ပြုပြင်ပြီး အစားအစာများအပေါ် ကမ္ဘာ့ဝယ်လိုအားက ကောင်းနေသည်။ ထိုစဉ်က တရုတ်၊ အိန္ဒိယ၊ မက္ကဆီကို၊ ဘရာဇီးလ်တို့လိုပင် ဘင်္ဂလားဒေ့ရှ်ကလည်း ကုန်သွယ်မှုကဏ္ဍကို နိုင်ငံ GDP ၏ အဓိက ကျောရိုးအဖြစ် အားထားလာနိုင်သည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကမ္ဘာကြည့်ကြည့်နိုင်စွမ်းရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည်။ အရေးပါသော ကမ္ဘာ့ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ဘဏ်လိုအဖွဲ့အစည်းများကပင် အထူးတလည် သတ်မှတ်လာကြသည်။ ထို့ကြောင့်လည်း ပေကျင်းအခြေစိုက် AIIB- Asian Infrastructure Investment Bank ထံမှ ချေးငွေအကူအညီများကိုရယူလာနိုင်ပြီး ၎င်းက စီးပွားတိုးတက်မှု အခွင့်အလမ်း တစ်ခုပင်ဖြစ်စေခဲ့သည်ဟု ဆိုနိုင်ပါသည်။ ရာသီဥတု ပြောင်းလဲမှုအပါအဝင် ကမ္ဘာကြီးမှာ မတည်ငြိမ်မှုများနှင့် အဘက်ဘက်က ဆုတ်ယုတ်ကျဆင်းနေချိန်မှာ ထိုသို့သောအခွင့်အလမ်းမျိုးကား ရနိုင်ခဲပါသည်။

ပြုပြင်ပြောင်းလဲတိုင်း၏ အကျိုးရလဒ်ဟူသည် ရာစုနှစ်တစ်ခု၊ နှစ်ခုမျှ အချိန်ယူရလေ့ရှိပါသည်။ ၁၉၉၀ ပြည့်နှစ်ကစခဲ့သည့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုသည် ၂၀၀၀ ပြည့်နှစ်မှစ၍ ပုံမှန်တိုးတက်လာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ သိသိသာသာ ရလဒ်ကောင်းများရရှိလာခဲ့ကာ ယခုအခါ ဘင်္ဂလားဒေ့ရှ်ပြည်သူများသည် ထိုမူဝါဒအပြောင်းအလဲ၏ အသီးအပွင့်များကို ခံစားနေကြပြီဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်က ဆင်းရဲမှုနှုန်း ၅၉ ရာခိုင်နှုန်းကနေ ၂၀၁၉ ခုနှစ်မှာ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျ သွားပြီဖြစ်သည်။ GDP က ပုံမှန်တိုးတက်နေသည်။ သတ္တိရှိရှိဖြင့် စွန့်စားပြီး လုပ်သင့်သည့်အပြောင်း အလဲကိုပြုလုပ်ကာ ကာလရှည်ရင်းနှီးမြှုပ်နှံခဲ့ရသည့် ပေးဆပ်ခဲ့ရသည့်အချိန် ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးတန်ဖိုးများကား အလကားမဖြစ်ပါ၊

ပေးရသလောက်တန်သည် risk and return ရှိသည်ဟုဆိုရမည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုနှင့် အညီ စီမံခန့်ခွဲမှု change management တွင်ပါ လိုက်ပါပြောင်းလဲနိုင်စွမ်းရှိခြင်းကို အထူး အသိအမှတ်ပြုရမည်ဖြစ်သည်။ မိမိမှာ ဘာအားသာ ချက်ရှိနေသလဲ၊ ဘယ်လိုအခွင့်အလမ်းကောင်းများ ရှိနေသလဲ၊ နိုင်ငံ၏ လူသားအရင်းအမြစ် အားသာ ချက်ကို အလွယ်တကူမြင်နိုင်ခဲ့ပြီး လုပ်ချင်ကိုင်ချင် စိတ်ရှိသည့် စွမ်းအားများဖြစ်လာအောင် ပြုပြင် နိုင်စွမ်းရှိခဲ့သည်။ မသေချာမှုများနှင့် ကမ္ဘာကြီး မတည်မငြိမ်ဖြစ်နေစဉ်မှာပင် နိုင်ငံတကာ ဘဏ်ချေးငွေ အခွင့်အလမ်းကောင်းကို ရအောင်ယူနိုင်ခဲ့ပြီး ယခုအခါနိုင်ငံတွင် ကြုံတွေ့နေရသော စွမ်းအင်ပြဿနာကို ဖြေရှင်းနေပြီဟု ယူဆရသည်။

ထို့ကြောင့်လည်း ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းသည့် ပို့ကုန်အမယ်များဖြင့် ကမ္ဘာကြီးမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိလာခြင်းဖြစ်သည်။ ပို့ကုန်ကဏ္ဍတိုးတက်မှုနှင့်အညီ နိုင်ငံသားများကို အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးနိုင် သည့်အတွက် ဆင်းရဲမှုနှုန်းလျော့ကျသွားသည်ကို ထင်ထင်ရှားရှားတွေ့ရသည်။ မိမိတို့မြန်မာနိုင်ငံ အနေဖြင့်ရော၊ မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်နိုင်ငံဈေးကွက်သို့ အခွံပါမြေပဲစေ့ အပါအဝင် လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်ပစ္စည်းများ၊ စက်မှုကုန်ချောများကို အဓိကတင်ပို့လျက် ရှိသကဲ့သို့ အခြားသော နယ်စပ်ကုန်သွယ်ရေးစခန်းများမှလည်း ပို့ကုန်အမယ်သစ်များ တိုးတက်တင်ပို့ နိုင်အောင် ကြိုးပမ်းအားထုတ်လျက်ရှိသည်။

နယ်မြေဒေသ တည်ငြိမ်မှုအပေါ်မူတည်၍ မိမိဘက်မှ အဓိကတင်ပို့မှုပို့ကုန်ပမာဏနှင့် တန်ဖိုးများ အတက်အကျရှိနေသော်လည်း အိမ်နီးချင်း နိုင်ငံ၏ပို့ကုန်သွင်းကုန်မူဝါဒနှင့် ဆောင်ရွက်ပုံများမှာ မိမိနိုင်ငံအတွက် တန်ဖိုးရှိသောနမူနာများအဖြစ် မှတ်ယူပါသည်။ အခြေအနေအချိန်အခါအရ အကျဘက်မှာ မျောပါမနေဘဲ ပဋိပက္ခနှင့် အခက်အခဲများကြားမှာ ဘယ်လိုရပ်တည်မလဲ၊ တည်ငြိမ်မှု ရှိလာမည့်အပေါ် ကြိုတင်မြော်တွေးပြီး နမူနာယူ သင်ခန်းစာပြုထားကြရပါမည်။

ရွေးကောက်ပွဲအနိုင်ရ ရှိတ်ဟာဆီနာအစိုးရ အနေဖြင့်မူ အစဉ်အဆက်ကုန်သွယ်မှုဦးစားပေး ပို့ကုန်အဓိကမူဝါဒအတိုင်း ၎င်းတို့နိုင်ငံ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးရေးနှင့် အလွှာပေါင်းစုံညီညွတ် မျှတရေးပန်းတိုင်များဆီ အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေဦးမှာ အသေအချာပင် ဖြစ်သည်ဟု အပြုသဘောမြင်မိပါသည်။